ဒီကနေ့ရဲ့မနက်ဖြန်

အဆောင်ကို ပြန်လာရတဲ့ ညနေခင်းတွေအားလုံးထဲမှာ ကျွန်မအဖို့ ဒီနေ့လောက် ခြေကုန်လက်ပန်းကျလာတာ၊ အားပြတ်နုံးချည့်လာတာ၊ စိတ်ဓာတ်တွေ ဗုန်းဗုန်းကျလာတာမျိုး မရှိခဲ့ဖူးဘူး။ ခုနေများတင်းထားတဲ့ စိတ်ကိုလျှော့ပြီး ‘ဟင်း’ ခနဲသက်ပြင်းချလိုက်ရင် လူက မြေကြီးပေါ် အရုပ်ကြိုးပြတ်ပုံလဲသွားလေမလားဘဲ။ တစ်ဆုံးထိကျနေတဲ့ စိတ်ကို ပြန်ကုန်းကောက်ဖို့ရာကို မလွယ်တော့တာ။ ဒီနေ့အဖို့ စိတ်အညစ်ဆုံးလူကို ဆုပေးမယ်ဆိုရင် ‘ခင်ချမ်းသာ’ ဆိုတဲ့ ကျွန်မကသာ ပထမဆုကို ပြိုင်ဘက်မရှိ ဆွတ်ခူးရရှိမှာသေချာတယ်။ မေမေတို့များ ကျွန်မကို နာမည်ပေးလည်း ပေးတတ်ကြပါပေတယ်။ ခင်ချမ်းသာတဲ့။ လူကဖြင့် လောလောဆယ်မှာ နောက်လအတွက် အဆောင်လခတောင်မသေချာတော့တဲ့ ‘ဖွတ်မလေး’ ဖြစ်နေတယ်။အဆောင်ထဲရောက်တော့ကျွန်မ စိတ်ပိုရှုပ်သွားတယ်။ အခန်းရှိရာ အပေါ်ထပ်ကို တက်သွားဖို့ရာ ရှိသမျှထိုင်ခုံတွေ၊ဆက်တီခုံတွေနဲ့တောင် မလောက်ငသေးလို့ လှေကားရင်းတွေမှာအထိတက်ထိုင်နေကြတဲ့ တီဗီကြည့်ပရိသတ် အဆောင်သူတွေကို ပါးစပ်က’ဆောရီး’ တွေ၊ ‘ကန်တော့’ တွေတသီကြီးနဲ့ ကွေ့ဝိုက်ကျော်လွှားသွားရဦးမှာမို့လို့ပေါ့။ စိတ်ညစ်သွားတဲ့ ကျွန်မအတွေးမဆုံးခင်မှာ သူတို့ဆီက အူလှိုက်သည်းလှိုက်ရယ်သံတွေ ဝါးခနဲထွက်လာတာ လန့်တောင်လန့်သွားတယ်၊ အဟုတ်။ကြည့်စမ်း၊ သူများတွေဖြင့် ပျော်နေလိုက်ကြတာ။ မနာလိုလိုက်တာ တကယ်ပဲ။ ဘယ်သူ့ကို ရန်လိုရမယ်မှန်းမသိဘဲ မှုန်ကုပ်ကုပ်နဲ့ တီဗီဖန်သားပြင်ကို ဝေ့ခနဲလှမ်းရှိုးလိုက်တော့ ဂါဝန်ကြီးတကားကားနဲ့ ပြုံးတုံ့တုံ့လုပ်နေတဲ့ အင်္ဂလိပ်မကြီးကိုမြင်တယ်။ နေစမ်းပါဦး၊ ဒီမျက်နှာကြီးမြင်ဖူးနေသလိုပဲ။ သြော်၊ သိပြီ၊ဒါ ဂျွန်ထရာဗိုတာ။ ဒါဆို ဒီဇာတ်ကားက Hairspray ပေါ့။ တစ်လောတုန်းက မဂ္ဂဇင်းဟောင်း တစ်အုပ်ထဲမှာ အညွှန်းဖတ်လိုက်ရပြီး ‘အိမ်ပြန်ရောက်မှ ကြည့်ရဦးမယ်’ လို့တေးထားရတဲ့ ဇာတ်ကား။ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ ဒင်းကိုလည်း စိတ်မဝင်စားနိုင်သေးပါဘူး။ ဒင်းကိုမှ မဟုတ်ဘူး။ ခုချိန်မှာ တစ်လောကလုံးက စိတ်ဝင်စားစရာ မှန်သမျှကို ခင်ချမ်းသာတို့က လုံးဝ စိတ်မဝင်စားနိုင်သေးတာ အမှန်ပဲ။ ကျွန်မစိတ်တွေ နာကျင်ထိရှ စိတ်ပျက်ခြင်းတွေနဲ့ချည်း ပြည့်သိပ်နေတဲ့အတွက် ပြင်ပကအရာတွေခံစားဖို့ နေရာနည်းနည်းလေးတောင် မပေးနိုင်သေးဘူးဖြစ်နေတယ်လေ။ ဖန်သားပြင်ကနေ အကြည့်ပြန်လွှဲလိုက်တော့ ရှေ့ဆုံးခုံမှာ ထိုင်နေတဲ့ အဆောင်မှူးက ဖျတ်ခနဲလှမ်းကြည့်ပြီး ‘ဟေး..ပြန်လာပြီလား’ လို့အရှိန်မသေသေးတဲ့ ရယ်မြူးသံကြီးနဲ့နှုတ်ဆက်တယ်။ ပြီးခဲ့တဲ့အပတ် ကျွန်မအဆောင် လခပေးတာ နောက်ကျနေလို့ မျက်နှာထားတည်တည်နဲ့ ခဏခဏသတိပေးခဲ့တာ သူမဟုတ်သလိုဘဲ။ တကယ်ဆို ကျွန်မလို ဆောင်သူမျိုး ရှာကြည့်လိုက်စမ်းပါ။ ထမင်းထုပ်သာ သိုးသွားမယ်။ တစ်ဆောင်လုံးမှာ လက်နှစ်ဖက်ပြည့်ရင် ဘာပြောပြော။ အဆောင်မှာလည်း ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနေတယ်။ အဆောင် အောက်ထပ်မှာ ဖွင့်တဲ့ထမင်းဆိုင်မှာလည်း လခပေးပြီးစားတယ်။ တခြားအဆောင်သူတွေဆိုရင် ပြောင်းခါစလောက်တင် အားနာပါးနာစားကြတာ။ သူ့လက်ရာသိပြီး၊ သူ့လက်အတွက်အဆသိပြီးတာနဲ့ တစ်လမကြာဘူး။ ကြည့်ကောင်းအောင်ပြောပြီး အလျှိုလျှိုအပြင် ထွက်စားကုန်ကြတော့တာပဲ။ ကျွန်မကသာ ငန်တဲ့နေ့ငန်၊ မကျက်တဲ့နေ့မကျက်၊ တူးတဲ့နေ့တူးနဲ့ သူ့လက်ရာကို ‘အိမ်ကငါ့အဘွားလက်ရာမျိုးဟဲ့’ ဆိုတဲ့လွမ်းစိတ်အခံလေးနဲ့ ကြိတ်မှိတ်စားလာတာ။ ပြီးခဲ့တဲ့လကတော့ သင်တန်းကြေးတစ်ခု အကျေသွင်းလိုက်ရတာရယ်၊ ကုန်ကျစရာလေး တွေ စုပြုံသွားတာရယ်ပေါင်းပြီးကျွန်မရတဲ့ လခနည်းနည်း ကသီလင်တ ဖြစ်သွားတယ်။ ဒါနဲ့၊ နှစ်လစာပေါင်းပေးပါမယ်။ နည်းနည်းလောက် စောင့်ပေးပါလို့ပြောတာနဲ့ မျက်နှာထားက သိပ်မကြည်သာတော့ဘူး။ ကျွန်မလည်းကလေးမှ မဟုတ်တာ။အသက်ပဲ နှစ်ဆယ်ကျော်လို့ ဘွဲ့တစ်ခုရထားပြီးပြီ။ ဘယ်သူက ကိုယ့်အပေါ် ဘယ်လိုအချိုးချိုးနေတယ်ဆိုတာ သိတာပေါ့။ လူတွေက သိပ်မလွယ်ဘူးနော်။ စိတ်ဓာတ်ကျရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒါလည်းပါတယ်။ သက်ပြင်းဖွဖွချရင်း လှေကားထစ်တွေပေါ် ဟိုကျော်ဒီခွနဲ့ ကုပ်ကုပ်ကလေး တက်ခဲ့ရတယ်။ နောက်ကျောဘက်ဆီမှာ ကျန်ခဲ့တဲ့ရယ်သံတွေဟာ ကျွန်မကိုလှောင်ကြတာ မဟုတ်မှန်းသိသိကြီးနဲ့ကို အမြင်ကတ်မိတာတော့ မတတ်နိုင်ဘူး။ သူများတွေ ပျော်နေကြချိန်မှာ မပျော်နိုင်ဘဲ စိတ်အညစ်ကြီး ညစ်နေရတဲ့ကိုယ့်ဘဝကိုယ်လည်း စိတ်ပျက်လို့မဆုံးပါဘူး။ ပြန်တွေးကြည့်မိရင် ဝမ်းလည်းနည်းတယ်။ ကျွန်မဟာ ဒီအဆောင်ရောက် လာကတည်းက ညဘက်တွေမှာ တခြားအဆောင်သူတွေနဲ့ တစ်သားတည်းကျစွာ တီဗီရှေ့တစ်ခါမှ မထိုင်ခဲ့ဖူးသေးဘူး။ သူများတွေက အလုပ်ကို အလုပ်ထဲမှာပဲ ထားခဲ့ကြပေမယ့် စိတ်မထားတတ်တဲ့ ကျွန်မကတော့ အိပ်မပျော်မချင်းအလုပ်က ခေါင်းထဲမှာရှိနေတယ်။ မနက်ဖြန်ဘယ်သွားရဦးမယ်၊ ဘာတွေ လုပ်ရမယ်၊ ဘယ်အလုပ်ကဖြင့် လက်စသတ်ဖို့ ကျန်သေးတယ်။ အဲဒီလောက် စိတ်ရောကိုယ်ပါ နစ်ဝင်နေလို့များ လခပိုရသလားဆိုတော့လည်း ပိုမရပါဘူး။ သူများ ဒီလောက်ဆိုရင် ကိုယ်လည်းဒီလောက်ပါပဲ။ ဆံပင်ဖြူတာပဲ အဖတ်တင်တယ်။ တကယ်ပြောတာပါ။ ဟိုတစ်နေ့က မှန်ကြည့်ရင်းနဲ့ ကျွန်မခေါင်းထဲမှာ ဆံပင်ဖြူ နှစ်ပင် တောင်တွေ့တယ်လေ။ မျိုးရိုးလိုက်တာလို့တော့ မထင်နဲ့။ ကျွန်မအဘွားက အခုအသက် ခုနစ်ဆယ်နားကပ်နေပြီ။ ဆံပင်ဆေးမဆိုးရသေးဘူး။ ရေချိုးခန်းထဲမှာဆုံတဲ့
ကောင်မလေးတစ်ယောက်ကတော့”ဟဲ့၊ အဲ့ဒီဆံပင်ဖြူကို သွားမနုတ်ပစ်နဲ့နော်။ အဲ့ဒါ အဘိုးအဘွားတွေကပေးတာ”တဲ့။ ပြန်မငြင်းချင်တာနဲ့ ငြိမ်နေလိုက်ရတယ်။ သူမို့ ပေါက်ပေါက်ရှာရှာနော်။ တကယ်တမ်းကကျွန်မဘာသာ ဦးနှောက်ခြောက်ရတာများလို့ ဆံပင်ဖြူလာတာပါ။အဘိုးတို့အဘွားတို့ကလည်း ပေးမယ့်ပေး အမွေလေး ဘာလေးဆိုတော်သေး၊ ဆံပင်ဖြူတော့ မရချင်ပေါင်။ ‘ကိုင်းဟာ’ ဆိုပြီး နုတ်ထည့်ပစ်လိုက်တယ် အေးရော။ အဲ့ဒီကောင်မလေးဆိုမှ သတိရတယ်။ ဒီညတော့ အခန်းတံခါးပိတ်ပြီး မီးစောစောမှိတ်ထားမှ။ တော်ကြာ ထုံးစံအတိုင်း အခန်းကူးလာပြီး အရည်မရအဖတ်မရတွေ ဗလစ်ဗလစ်ပြောပြီး လူကိုနားပူအောင် ဒုက္ခလာပေးပြန်ဦးမယ်။ စိတ်ညစ်ရတဲ့ ကိစ္စတွေထဲမှာ အဲဒါလည်းပါတယ်သိလား။ တစ်နေကုန် အလုပ်ထဲမှာ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်လာတဲ့ ကျွန်မကညညဆို ကိုယ့်ဘာသာကိုယ် MP 4လေးနဲ့ ငြိမ့်ရင်ငြိမ့်၊ ဒါမှမဟုတ် စာအုပ်ဖတ်ရင်ဖတ်နဲ့ အေးအေးဆေးဆေး နေချင်တာ။ စောစောစီးစီး အိပ်ရာဝင်ချင်တာ။ သူကခုမှ တက္ကသိုလ်တက်နေတဲ့သူဆိုတော့ မနက်တစ်ပိုင်းကျောင်းတက်ပြီးရင် နေ့ခင်းဘက်အားနေပြီ။ အားတာနဲ့ ဘယ်အခန်းလည်ရမလဲ ချောင်းနေတာ။ စကားကလည်း ဂျောင်းဂျောင်းပြေး ပြောနိုင်သလားမမေးနဲ့။ ပြောသမျှတွေကလည်း အကြွားကများများ၊ တစ်လောကလုံးမှာသူသာ အသိဆုံး၊သူသာအတတ်ဆုံး။ တံဆိပ်ချင်း တူတူတောင် သူသုံးတဲ့ ပစ္စည်းကမှ သူများပစ္စည်းထက်ပိုပြီး ကွာလတီကောင်းတာ။ အဲ့ဒီလိုလာတာ။ စိတ်လက်ကြည်သာ နေချိန်ဆိုရင်တော့ လူမှုရေးအရပဲဖြစ်ဖြစ်၊ အပျင်းပြေသဘောပဲဖြစ်ဖြစ် ကျွန်မဘက်က နားထောင်ပေးဖို့ရာ ဝန်မလေးပါဘူး။ ဒါပေမဲ့ ဒီညတော့ ကျွန်မသူ့စကားတွေ နားထောင်ပေးဖို့ စိတ်ရှည်မယ်မထင်ဘူး။ သူ့ကိုမှ မဟုတ်ပါဘူး။ ခုချိန်မှာ ကျွန်မဘယ်သူနဲ့မှစကားမပြောချင်ဘူး။ ဘယ်သူ့ကိုမှလည်း မတွေ့ချင်ဘူး။ ဘယ်လိုဆူညံသံမျိုးမှလည်း မကြားချင်နေဘူး။ ဖြစ်နိုင်ရင် လူသူမနီးတဲ့ တောကြီးမျက်မည်းလိုနေရာမျိုးမှာ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် သွားနေပစ်ချင်နေတဲ့အထိ လောကဝန်းကျင်ဆီက ထွက်ပြေးသွားချင်နေတာ။ တကယ်ပြောတာ၊ ခုနေခါမှာတတ်နိုင်တဲ့ တန်ခိုးရှင်တစ်ပါးပါးကများ ‘အသင်လိုရာဆုကို တောင်းစေ’လို့ အခွင့်ပေးမယ်ဆိုရင် ‘ရှန်ဂရီလာ’ကို ပို့ပေးဖို့ မဆိုင်းမတွတောင်းလိုက်မိမှာ သေချာတယ်။ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ ကျွန်မသွားဖို့ နီးစပ်နေတာက ‘ရှန်ဂရီလာ’ မဟုတ်ဘဲ ကျွန်မ ခွဲခွာချန်ထားရစ်ခဲ့တဲ့ ကျွန်မတို့မြို့ပေါက်စနလေးဖြစ်နေတယ်လေ။ ကျွန်မကိုမွေးဖွားခဲ့ပြီး၊ ကျွန်မအရွယ်ရောက်ကြီးပြင်းလာတဲ့အထိ နေထိုင်ခဲ့ရတဲ့ ကျွန်မတို့မြို့ငယ် လေးကို ကျွန်မသိပ်ချစ်တယ်။ အဝေးရောက်နေရာကလည်း အကြောင်းတိုက်ဆိုင်တိုင်း မကြာခဏ လွမ်းဆွတ်မိနေတတ်တဲ့ မြို့လေးပါ။ ဒါပေမဲ့ အမြဲတမ်းနေသွား ဖို့ရာ ကျွန်မအတွက် အဆင်မပြေဘူး။ အဲ့ဒီမှာ ဘွဲ့ရပညာတတ်တစ်ယောက်အတွက် အလုပ်လုပ်နိုင်စရာ ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းတွေ မရှိဘူး။ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကို လေ့လာစောင့်ကြည့်နိုင်စရာ ပြတင်းပေါက်တွေ မရှိဘူး။ လိုအပ်တဲ့လှေကားထစ်တွေ ရှိမနေပါဘူး။ မြို့ကလေးမှာ နေထိုင်တဲ့သူတွေဟာ ဘိုးစဉ်ဘောင်ဆက် ခြံစိုက်စားကြတယ်။ ဈေးရောင်းစားကြတယ်။ ကျွန်မက သိချင်တာတွေများတဲ့သူ။ ဘိုးဘွားမိဘအစဉ်အလာ အတိုင်းဒီမြို့ကျဉ်းကျဉ်းလေးမှာပဲ မွေးဖွားကြီးပြင်းပြီး အရွယ်ရောက်လာတော့ အိမ်ထောင်ပြု၊ ဒီလိုနဲ့ပဲ အိုနာသေဘဝနဲ့ သမားရိုးကျဆန်ဆန် ဘဝတစ်ခုကို တည်ဆောက်သွားရမှာကို မလိုချင်ဘူး။ ဒါကြောင့် အိမ်ကလူကြီးတွေ သဘောမကျပါလျက်နဲ့ ကျွန်မတစ်ယောက်တည်း ဒီမှာ လာရပ်တည် ရုန်းကန်နေခဲ့တာ။ ကျွန်မငယ်ငယ်လေးကတည်းက မိဘတွေက ရှေ့ဆင့်နောက်ဆင့် ဆုံးကုန်ကြတဲ့အတွက် အဘွားရင်ခွင်မှာပဲကြီးပြင်းခဲ့ရတယ်။ မိသားစုပိုင်ဖြစ်တဲ့အဘွားတို့ စီးပွားရေးအခြေအနေက မမြင့်မားလှရင်တောင် နိမ့်နိမ့်ကျကျတော့ မဟုတ်ပါဘူး။ ဒါပေမဲ့သူတို့ ခွင့်ပြုချက်မရတဲ့လမ်းကို ဇွတ်လျှောက်တဲ့အတွက် ကျွန်မကို ဘာတစ်ခုမှ အထောက်အပံ့ မပေးဘူး။’မနေနိုင်တဲ့တစ်နေ့ ပြန်လာလိမ့်မယ်’တဲ့။ အဲ့ဒီလို ပြောကြလို့ကို ကျွန်မကလည်း ကိုယ့်စိတ်ကိုယ်ပိုတင်းရတာပါ။ ”ခင်ချမ်းသာက မဆိုးဘူး။ပြောတဲ့အတိုင်း ဖြစ်မြောက်အောင် လုပ်ပြနိုင်သားပဲ” လို့ သူတို့ မြင်လာမယ့် အနေအထားမျိုး ပြနိုင်လာတဲ့တစ်နေ့မှ ပြန်မယ်ပေါ့။ တကယ်မလွယ်တာတော့ အမှန်ပါပဲ။လောကကြီးမှာ ဘယ်အရာမဆို ကိုယ့်ဘက်က တစ်ခုပေးနိုင်မှ တစ်ခုပြန်ရတာဆိုတာ ကိုယ်တိုင်လက်မဲ့ခြေမဲ့ရုန်းကန်ကြည့်ဖူးမှ ပိုသိလာတာပါ။ ဒါပေမဲ့ ဇွဲတော့ မလျှော့မိအောင် နေတယ်။ ပြေးသလောက်မရွေ့လည်း ရွေ့သလောက်ပြေးတာပေါ့ဆိုတဲ့ စိတ်ဓာတ်မျိုးထားပြီးကိုယ့်ကိုယ်ကိုယ် အားပေးရပ်တည်လာခဲ့တယ်။ ခုတော့ အဲ့ဒီခွန်အားတွေလည်း ခြေကြမ်းကြီးနဲ့ အနင်းခံလိုက်ရတဲ့ သဲခံတပ်ကလေးလို ပြိုပျက်သွားခဲ့ရပါပြီ။ စိတ်ဓာတ်တွေလည်း တကယ်ကျသွားပြီ။ ရှိစုမဲ့စုခွန်အားလေးနဲ့ရွေ့နိုင်သလောက် ပြေးနေခဲ့သူကိုမှ ခလုတ်ကမညှာမတာ ဝင်တိုက်သွားတာကိုး။ ဟုတ်တယ်၊ ကျွန်မကခလုတ်ကို ဝင်တိုက်မိတာ မဟုတ်ဘူး။ ခလုတ်က ကျွန်မကို ဝင်တိုက်တာပါ။ သတင်းသဲ့သဲ့ ကြားကတည်းက အခြားဝန်ထမ်းတွေနည်းတူ ဘုရားမှန်မှန်ရှိခိုးပြီး ဟိုလူ့ကို မေတ္တာပို့၊ ဒီလူ့ကို မေတ္တာပို့နဲ့ ပါးစပ်အမြှုပ်ထွက်မတတ် တောင်းခဲ့ရတဲ့ ဆုတောင်း ကျွန်မအတွက် မပြည့်ခဲ့တော့ဘူးလေ။ မှန်တာပြောရရင် ကိုယ့်ကိုယ်ကိုယ် အလုပ်ပြုတ်မယ့်စာရင်းထဲ ပါမယ်မထင်ထားရာကပါသွားတဲ့အတွက် ခံစားချက်က ပိုပြင်းနေတယ်။ ကုမ္ပဏီပိုင်ရှင် အပြောင်းအလဲမှာ မတည်မငြိမ် ဖြစ်သွားတဲ့ ဈေးကွက်အခြေအနေအရ ဖြုတ်ခံလိုက်ရတဲ့ ‘ပိုလျှံဝန်ထမ်း’ စာရင်းထဲ ကျွန်မကံဆိုးမိုးမှောင်ကျစွာ ပါသွားတယ်။ စိတ်သဘောထားသေးသိမ်တာ မဟုတ်ပေမယ ‘တကယ်ပိုလျှံဝန်ထမ်း’ တချို့ကိုတော့ ဟိုမျက်နှာ ၊ ဒီမျက်နှာနဲ့ ချန်ထားပြီး ကုမ္ပဏီအတွက် ကျရာနေရာ တတ်နိုင်သမျှ ကြိုးစားခဲ့တဲ့ ကျွန်မတို့လို ဝန်ထမ်းတချို့ကို မျက်နှာလွှဲခဲပစ် လုပ်ခံလိုက်ရတာတော့ နာကျင်ခံခက်စရာပါ။ အထိခိုက်ဆုံး ကတော့ ကျွန်မဖြစ်မှာပါ။ ကျွန်မမှာက အားကိုးစရာ မရှိဘူးလေ။ ကိုယ့်ဘက်က ချို့ယွင်းချက်တွေရှိလို့ ငြင်းပယ်ခံရတာဆိုရင်တော့ လက်ရှိအခြေအနေကို ကျွန်မဖြစ် အောင် ရင်ဆိုင်မှာပါ။ ပြေးနေပါလျက်နဲ့ မရွေ့ရုံမကဘဲ နောက်ကိုပါတွန်းပို့ခံလိုက်ရတဲ့ လောကကြီးရဲ့မညီမျှမှုကို ကျွန်မစိုးရွံ့အားငယ်သွားမိတာ။ ခုလို အားငယ် နေချိန်မှာ ကျွန်မနံဘေး ကျွန်မအပေါ် တကယ့်မေတ္တာစေတနာစိတ်နဲ့ အားပေးဖေးမဖော် ရှိမနေတာက ကျွန်မအတွက်ပိုပြီး နာကျင်စရာပါ။ ဒီလိုနေရာမျိုးကျတော့ သူစိမ်းတွေနှင့် မဖြစ်နိုင်ဘူးလေ။ ဒါဖြင့် ကျွန်မအိမ်ပြန်ရင်ကောင်းမလား။ ကျွန်မအဘွားနဲ့ကျွန်မဆွေမျိုးတွေရှိတဲ့ ကျွန်မတို့အိမ်ကိုလေ။ ထွက်မလာခင် ယုံကြည်ချက် ပြင်းပြင်း ခေါင်းမော့ထားခဲ့တာတွေအတွက် မျက်နှာငယ်စရာတော့ကောင်းမှာ သေချာနေတယ်။ အို၊ အဲဒီလိုကျတော့လည်းမဖြစ်သေးပါဘူး။ လောကကြီးမှာကျွန်မ မလုပ်ချင်ဆုံးအလုပ်က သူများရှေ့ခေါင်းငုံ့နေရမယ့် အလုပ်ပဲ။ စိတ်ညစ်နေတဲ့အချိန်စဉ်းစားမိတဲ့အတွေးတွေမို့လား မပြောတတ်ဘူး။ ခေါင်းထဲမှာ အဆင်မပြေတာ တွေချည်းပဲ တန်းစီထွက်လာတယ်။ မျက်စိရှေ့မြင်နေရသမျှလည်း တစ်ကွက်မှ အချိုးမပြေဘူး။ လောကကြီးကတော့ အစကတည်းက ဒီပုံစံပဲဖြစ်မှာပါ။ ကျွန်မကသာ ကမောက်ကမ ဖြစ်နေတဲ့စိတ်နဲ့ ဇောက်ထိုးတွေချည်း မြင်နေတာ။ မဆီမဆိုင်ဟိုက် အဆောင်ပြတင်းပေါက်ကလှမ်းမြင်နေရတဲ့ ကြောင်တောင်ကြည့်ရတာ စိတ်ညစ်တယ်။ ကျွန်မက ကြောင်ဆို အမည်းရောင်ကြီးမချစ်ပါဘူး။ ဝါရင်လည်းဝါ၊ ဖြူရင်လည်း ဖြူမှ။ တော်ပါပြီ၊ ဒီနေ့အဖို့တော့ ကျွန်မအတွက် ကြည့်လေရာရာမှာ အကောင်းမြင်စရာ တစ်ခုမှရှိမှာ မဟုတ်ပါဘူး။ ခုချိန်ထိရေလည်း မချိုးရသေးဘူး။ ထမင်းလည်း မစားရသေးဘူး။ ချိုးချင်စားချင်စိတ်တွေလည်း ကျွန်မမှာရှိမနေဘူး။ ဘာလုပ်လို့လုပ်ရမယ်မှန်းလည်း မသိဘူး။ကျွန်မ သိနေတာက မနက်ဖြန် ကျွန်မအလုပ်သွားစရာ မလိုတော့တာဘဲ။ သွားစရာအလုပ် မရှိတော့တာဘဲ။ နည်းနည်း မှောင်လာတော့ မီးခလုတ်ဖွင့်ဖို့ စိတ်ကူးမိသေးတယ်။ ဒါပေမဲ့ မဖွင့်ဖြစ်ပါဘူး။ အမှောင်ထဲမှာပဲနေတော့ကော ဘာဖြစ်သေးလဲ။အခုအချိန်မျိုးမှာ အမှောင်ထဲ ငြိမ်ငြိမ်လေးနေနေတာကမှ ကျွန်မအတွက်ပိုပြီး စိတ်သက်သာရာရစေမလားဘဲ။ အပြင်မှာတော့ သိပ်မမှောင်သေးပါဘူး။ ပြတင်းပေါက် တစ်ပေါက်တည်းရှိတဲ့ ကျဉ်းမြောင်းမြောင်း ရှည်မျောမျော ကျွန်မအခန်းလေးထဲသာ မှောင်နေတာ။ အမှောင်ထဲမှာထိုင်နေရတာ ခြင်ကတော့ ကိုက်တယ်။ ခြင်ဆေးတော့ ထထွန်းဦးမှ။ခြင်ဆေးထွန်းရင်း ပြတင်းပေါက်ဘက် ခဏထရပ်မိတော့ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ရတယ်။အဆောင်ရှေ့ခုံတန်းလျားပေါ်မှာအတွဲတစ်တွဲ ပူးပူး ကပ်ကပ် ထိုင်နေကြလို့လေ။ ကောင်လေးက ကောင်မလေးပခုံးပေါ်က ပုရွက်ဆိတ်လား၊အမှိုက်လား မသိပါဘူး။ လက်နဲ့တောက်ပြီး ဖယ်ပေးနေတယ်။ ကောင်မလေး က ပြုံးလို့။ သြော်ကြည့်စမ်းပါဦးနော်။ သူများတွေများကြင်နာနေလိုက်ကြတာ။ ကျွန်မမှာများဖြင့် ခုချိန်ထိ ချစ်သူရည်းစားရယ်လို့ လက်ကလေး တွဲလျှောက်စရာ တောင်မရှိတဲ့အဖြစ်။ သူကကြိုက်တော့လည်း ကိုယ်ကမကြိုက်၊ ကိုယ့်ဘက်က စိတ်ကူးချင်တဲ့ သူတွေကျတော့လည်း ကိုယ့်ကိုစိတ်မကူး။ နဂိုကတည်းက ရုပ်က သာမန် ရွက်ကြမ်းရေကျိုပါဆိုမှ ကြေးကများနေသေးတော့ ကိုယ်မှတစ်ယောက်တည်းမဖြစ် ဘယ်သူဖြစ်မှာတဲ့လဲနော်။ ခုထိ တစ်ယောက်တည်းပေါ့။ တကယ်ဆို မိဘရပ်ရွာရဲ့အဝေးမှာ တစ်ကိုယ်တည်း ရပ်တည်နေရတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်နံဘေးမှာ အားပေးဖေးမဖော် ချစ်သူရည်းစား တစ်ယောက် ရှိနေခဲ့ရင် တစ်နည်းတစ်ဖုံတော့ ကောင်းတာပါပဲ။ အထူးသဖြင့် အခုလို အဆင်မပြေနေချိန်မျိုးမှာ ‘အားမငယ်ပါနဲ့၊ ကိုယ်ရှိသားပဲ’လို့ ပြောဖော်ရရင်ပဲ မဆိုးလှပေဘူး။ မျက်ရည်ကျတဲ့အခါ သုတ်ပေးမယ့်အဖော်မျိုးပေါ့။ မျက်ရည်ဆိုမှ ကျွန်မပါးကိုကျွန်မ ပြန်စမ်းကြည့်မိတယ်။ ကြည့်စမ်း၊ မျက်ရည်တွေပါလား။ ကျွန်မဖြင့် မငိုဘဲနဲ့ မျက်ရည်ဘယ်တုန်းက ကျလာတာလဲ။ ‘ငိုနေမိပါလား’ လို့တွေးမိလိုက်တော့ တစိမ့်စိမ့်ဝမ်းနည်းလာပြီး ကျွန်မရဲ့ တင်းထားတဲ့စိတ်တွေကို ဖြေလျှော့ပစ်လိုက်မိတယ်။ ရှိုက်ကြီးတငင် ငိုနေမိရင်းကပဲ ‘ကျွန်မဘဝမှာ ဒီတစ်ကြိမ်လောက် ဝမ်းနည်းမိတာမရှိဘူး’ လို့လည်းတွေးမိပါရဲ့။ လောကကြီးမှာ ကျွန်မတစ်ယောက်တည်းပါလားနော်။ ဖြစ်နိုင်ရင် ကျွန်မ အိမ်မပြန်ချင်ဘူး။အိမ်မှာ ကျွန်မအတွက် ‘နေရာ’ကို ကျွန်မခေါင်းငုံ့ပြီး ပြန်ဝင်ရတော့မှာ။ မပြန်ဘဲ ဒီမှာနေဖို့ရာကျတော့လည်း ကျွန်မမှာ အခက်အခဲ တွေ ရှိနေတယ်။ အကြီးမားဆုံးက စိတ်ဓာတ်ပေါ့။ ကျန်တဲ့အရာတွေက ကြိုးစားကျော်ဖြတ်ရင် ဖြစ်နိုင်ပေမယ့် ကျနေတဲ့စိတ်ဓာတ်ကြီးက ပြန်ကောက်မတင်နိုင်ရင် ဘာမှလုပ်လို့ရတော့ မှာ မဟုတ်ဘူး။ မောလွန်းလို့ မျက်ခွံတွေ လေးလံလာတဲ့အထိကို ကျွန်မငိုနေမိတယ်။
‘ဒေါက်၊ ဒေါက်’
အသံကြားပေမယ့် မျက်လုံးတွေက ရုတ်တရက်ဖွင့်မရဘူး ဖြစ်နေတယ်။ စိတ်ထဲမှာ ဝိုးတဝါးနဲ့ အိပ်မက်လိုလို တကယ်လိုလို။ ထူးတော့ ပြန်ထူးနေမိသလိုပဲ။ အသံက ထွက်မလာဘူး။
‘ဒေါက်၊ ဒေါက်’
”လာပြီ”
ဒီတစ်ခါတော့ မျက်လုံးတွေပွတ်သပ်လူးလဲထပြီး တကယ်ထူးနိုင်သွားတယ်။ စောစောစီးစီး ဘယ်သူတံခါးလာခေါက်နေတာလဲ။ နာရီကိုယောင်ယမ်း လှမ်းကြည့်မိတော့ ကျွန်မရင်ထဲ နွေးခနဲဖြစ်သွားတယ်။ဒီနေ့ ကျွန်မအလုပ်မသွားရတော့ဘူးနော်။ ကိုယ့်ကိုယ်ကိုယ် သပ်ရပ်ကြည့်ကောင်းအောင် ပြုပြင်ပြီး တံခါးသွား ဖွင့်လိုက်တော့ ပင်မင်းပေးတဲ့ ကောင်မလေးက ရပ်နေတယ်။ သနပ်ခါးအဖွေးသားနဲ့ မွှေးကြိုင်နေတဲ့သူလေးက ရှိသမျှသွားတွေအကုန်ဖော်ပြီး ‘ဟီး’ ခနဲ ရယ်ပြတယ်။ အလုပ်ရှိသူနဲ့ မရှိသူဆိုတာ အဲ့ဒီလိုကွာတာနေမှာ။
”အဝတ်တွေ မီးပူတိုက်စရာမရှိသေးဘူး ပုပုရယ်”
သူက ကျွန်မတို့အဆောင်နောက်ကျောဘက်က လမ်းကြားမှာနေတယ်။ ကျွန်မတို့ထက် အသက်ငယ်ပေမယ့် ကလေးတစ်ယောက်နဲ့ ဖိုသီဖတ်သီ ဖြစ်နေရှာသူလေးပေါ့။ ဒီနားတစ်ဝိုက်က အဆောင်သူတော်တော်များများရဲ့ လက်စွဲတော်ဆိုလည်း မမှားဘူး။ အဝတ်လျှော်မီးပူတိုက်၊ အင်္ကျီတစ်ထည်မှ တစ်ရာပဲ။ ငွေသိပ်မလျှံတဲ့ ကျွန်မကတော့ အဝတ်ကိုယ့်ဟာကိုယ်လျှော်ပြီး သူ့ကို မီးပူတိုက်ခိုင်းတယ်။ ငါးဆယ်ပဲ။
”ဟုတ်ကဲ့၊ သိပါတယ်။ အခုဟာက အစ်မကို စိတ်ပူလို့ လာကြည့်တာ”
”တို့”
သူ့စကားကို နားမလည်ပါးမ
လည်နဲ့ ကိုယ့်ကိုယ်ကိုယ်လက်ညှိုး
ပြန်ထိုးပြတဲ့ ကျွန်မအမေးကိုသူက
ခေါင်းညိတ်ပြလေရဲ့။ ကြည့်စမ်း
ကျွန်မ အလုပ်ပြုတ်လာကြောင်းကို
ကာယကံရှင်ကျွန်မ မပြောပြရပါဘဲနဲ့
ဘယ်သူမှ မသိလောက်ပါဘူး။
”တို့ ဘာဖြစ်လို့လဲ”
”သြော်၊ ဒီမနက်အဝတ်တွေလာကောက်တော့ အဆောင်မှူးကညက ထမင်းဆင်းမစားဘဲ စောစောအိပ်သွားတဲ့အကြောင်း၊ သူတီဗီကြည့်ပြီး တက်လာကြည့်တော့ အစ်မအခန်းထဲ မီးမှိတ်ပြီး အိပ်နေတဲ့အကြောင်း၊ ခုမနက်လည်း ထလာတာ မတွေ့သေးတဲ့အကြောင်း ပြောလို့ တက်လာကြည့်တာ။ နေကောင်းရဲ့လား အစ်မ”
သူကတော့ သူ့အလုပ်နဲ့သူလာရင်း အာလာပသလ္လာပသဘော ပြောတာဖြစ်ချင်ဖြစ်နိုင်ပေမယ့် နဂိုချည့်နဲ့နေတဲ့ ကျွန်မစိတ်ထဲမှာတော့တကယ်လိုအပ်နေချိန်မှာ မမျှော်လင့်ဘဲ ရရှိလိုက်တဲ့ သူစိမ်းတစ်ယောက်ရဲ့ အကြင်နာတရားကမျက်ရည်ကြည်တွေ ချက်ချင်းဝေ့လည်တက်လာရလောက်အောင်အစွမ်းထက်လှတာ အံ့အားသင့်စရာပါ။ ကြည်နူးဝမ်းသာသွားတာလား။ ဝမ်းနည်းအားပြတ်သွားတာလား မပြောတတ်ဘူး။ နေရင်းထိုင်ရင်း မျက်ရည်တလည်လည်နဲ့ နှပ်တရှုပ်ရှုပ် ဖြစ်လာတာတော့သိတယ်။
”မျက်နှာတွေလည်းနီနေသလိုပဲ၊ ဖျားနေတာလား”
”မဖျားပါဘူး”
ပုပုသာ သတိထားကြည့်မိမယ်ဆိုရင် မူမမှန်ဘဲ အဖျားခတ်တုန်ယင်နေတဲ့ ကျွန်မအသံတွေကိုရိပ်မိမှာပါ။
”ဒါဆိုလည်းပြီးရော၊ အဝတ်မရှိသေးရင်လည်း ဟိုဘက်အခန်းတွေကူးပြီး မေးလိုက်ဦးမယ် အစ်မရေ၊ သွားပြီ”
ပြောပြောဆိုဆို သူ လှည့်ထွက်သွားတာကိုကြည့်ပြီး ကျွန်မဘာသာမသိလိုက်ခင်မှာဘဲ ‘ပုပု’ လို့ လွှတ်ခနဲလှမ်းခေါ်လိုက်မိတယ်။ အသံက မကျယ်ပေမယ့် ပုပုက ကြားတယ်။
လှည့်ကြည့်ပြီး ”ရှင် အစ်မ” တဲ့။
”ကျေးဇူးပဲနော်”
ကျွန်မပြုံးပြီး ပြောလိုက်တာပါ။ အူကြောင်ကြောင်ဖြစ်သွားတဲ့ပုပုက ဘာလုပ်ရမှန်းမသိလို့နေမှာပေါ့။ ခေါင်းညိတ်ပြပြီး ပြန်ဆက်လျှောက်သွားတယ်။ ပုပုထွက်သွား ပြီးချင်း ကျွန်မပထမဆုံး လုပ်တာက တံခါးပိတ်တာပါ။ ပြီးတော့ မှန်ဝိုင်းလေးကိုကိုင်ပြီး ကျွန်မပုံရိပ်ကို မျက်တောင်မခတ်စတမ်း ကျွန်မသေချာစိုက်ကြည့်တယ်။ လောကကြီးမှာ ဒီမိန်းမတစ်ယောက်ကို ဂရုစိုက်မယ့်သူ မရှိဘူးလို့ပြောတာ ဘယ်သူလဲ။ဘယ်သူတွေ ဂရုစိုက်စိုက်မစိုက်စိုက်၊ရှိရှိမရှိရှိ၊ ပုပုဆိုတဲ့ လူသားတစ်ယောက် ကတော့ ကိုယ့်ကိုလိုအပ်သေးတယ်၊ ဂရုစိုက်သေးတယ်။ ဘယ်အခြေအနေပဲ ရောက်ရောက်၊ ဘယ်အချိန်အခါပဲ ရောက်ရောက် ကိုယ့်ဘေးမှာ တစ်ယောက်မှမရှိဘူး ဆိုတာ တကယ်နိမ့်ကျပြီး ယုတ္တိမရှိတဲ့ အတွေးပဲ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တော့ရှိမှာပါ။ ညတုန်းက ငိုထားလို့ မို့အစ်အစ်ဖြစ်နေတဲ့ မျက်လုံးအစုံနဲ့မှန်ထဲက မိန်းကလေးကို ကျွန်မအသေအချာ ပြုံးပြလိုက်တယ်။ ရေချိုးမယ်၊ အလှဆုံးဖြစ်အောင် ပြင်ဆင်ပြီးရင် အောက်ထပ်မှာ မနက်စာဆင်းစားရင်း သတင်းစာဖတ်မယ်။ အကယ်၍ ကျွန်မရဲ့ လက်ရှိပညာအရည်အချင်းနဲ့ သင့်တော်မယ့် အလုပ်ကြော်ငြာတွေ့ရင်..။ ဒီနေ့မှန်ထဲက ကျွန်မကတော့မနေ့တုန်းက ကျွန်မကို ပြန်တွေးမိပြီး ရယ်ချင်နေမလားဘဲ။ ။
ငွေဇင်ယော်ဦး(မိုးကုတ်)

0 comments:

Post a Comment