ကားပေါ်မှာ

ဒါပေမယ့် ကျုပ်က သိပ်ပြီး စကားပြော ကောင်းလှသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ စကားလည်း မကြွယ်ဘူးဗျ။ ကျုပ်ကို လွန်ကဲလောက်အောင် စကား တတွတ်တွတ် လာပြော နေရင်လည်း မကြိုက်ပြန်ဘူး။ မကြိုက်ဘူးသာ ပြောရတာပါ။ တကယ် စကား ပြောနိုင်တဲ့ ခရီးဖော်မျိုးနဲ့ ကြုံတော့ လည်း “ကျုပ်က စကားများတာ သိပ်မကြိုက်ဘူး”လို့ ပြောင်ဖွင့် မပြောရဲဘူးဗျ။ ဒီဟာက ကျုပ် အားနည်းချက်ပေါ့။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာ မဟုတ်ပါဘူး။ ကျုပ်ဆိုတဲ့ ကောင်က သိပ်ပြီးအားနာ တတ်တဲ့ အကျင့်ရှိတယ်။ အဲဒီလို အားနာတတ်တာ ကောင်းတယ်လို့တော့ ကျုပ်မထင်ပါဘူး။ အဲ မကောင်းဘူးလို့လည်း ကျုပ်တစ်ခါမှ မထင်ဖူးတာ အမှန်ပါ။ဒါပေမယ့် ကြုံဖူးလိုက်တဲ့ ဟိုတစ်ခေါက် ခရီးမှာတော့ အားနာ တတ်လွန်းတာဟာ အခန့် မသင့်ရင် ကိုယ်ကျိုးပါ ထိခိုက်နိုင်ပါလားလို့ ကျုပ်ကောင်းကောင်းကြီး လက်ခံ သဘောတူ လိုက်ရ တော့တယ်။ ပြောရဦးမယ် ခင်ဗျားကို။ အပျင်းလည်းပြေ။ဗဟုသုတလည်း ဖြစ်ပေါ့ဗျာ။

ဒီလိုဗျ။
အဲဒီတစ်ခေါက် ကျုပ်ခရီးသွားတော့ ကားပေါ်မှာ ပြတင်းပေါက်ဘက် အခြမ်း နေရာရတယ်။ ခရီးသွားတိုင်း ပြတင်းပေါက် နေရာကို ရမှလို့ တယူသန် အစွဲ မရှိပေမယ့် ဖြစ်နိုင်ရင်တော့ ပြတင်းပေါက် ဘက်ခြမ်းမှာ ထိုင်ခွင့်ရချင်တာ ကျုပ်ဆန္ဒပါ။ အပြင်ဘက်က ရှုခင်းရှုကွက်တွေလည်း လမ်းတစ်လျှောက် ငေးသွားလို့ ရတယ်ဗျာ။ လေအေး တသုန်သုန်ရဲ့ အရသာကိုလည်း ထိတွေ့ခံစား နိုင်တယ်ဗျာ။ အိပ်တဲ့ အခါလည်း ပြတင်းပေါက်မှန်ကို တင်ပြီး ခေါင်းမှီတင် အိပ်လို့ ရတယ်။ ဘေးလူကို မှီမိမှာ စိုးရိမ်စရာလည်း မလိုဘူး။ မနိပ်ဘူးလား။ဒီတော့ အဲဒီတစ်ခေါက် ခရီးမှာ ပြတင်းပေါက်ဘက်ခြမ်းက ခုံကို ကျုပ်ရလိုက်တာဟာ အဆင်ပြေတယ် ဆိုရမယ်။ အဲဒီနေ့ ရောက်တော့ ခရီးတစ်ခု ထွက်မယ်ဆို စိတ်စောနေကျ ကျုပ်ထုံးစံ အတိုင်း ကားပေါ်ကို စောစော ရောက်နေတယ်။

ကျုပ်ဘေးမှာ လွတ်နေတဲ့ ခုံရဲ့ ပိုင်ရှင်ကတော့ ရောက်မလာသေးတာမို့ ဒီလူဟာ ဖြူသလား၊ မည်းသလား၊ ယောက်ျားလား၊ မိန်းမလား ကျုပ်မသိသေးဘူးပေါ့ဗျာ။ ဒါပေမယ့် ဘယ်လို လူစားမျိုးပဲ လာလာ တစ်ခရီးတည်း သွားဖော်ချင်း နွေးထွေး ရိုင်းပင်းမှု ရှိရမယ် ဆိုတဲ့ အသိ စိတ်ဓာတ်ကတော့ ကျုပ်မှာ ရှိနှင့်ပြီးသားပါ။ ကျုပ်မသိသေးတဲ့ ခရီးဖော်ကလည်း ကျုပ်လိုပဲ ကိုယ်နဲ့ တစ်ခုံတည်း ဘေးချင်း ယှဉ်ထိုင်ရမယ့် ခရီးဖော်ကို ဖော်ဖော်ရွေရွေ ဆက်ဆံလိုစိတ် ရှိသူ ဖြစ်နေရင်တော့ အတော်လေး အဆင်ပြေမှာပါ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ အတိုင်း တချို့ကလည်း ရှိတယ်လေ။ ကိုယ်ပိုင်ကားနဲ့ သွားလာဖို့ အဆင် မပြေလို့သာ ဒီလိုကားပေါ် ရောက်လာကြတာချင်း တူတူ ကိုယ့်ဘေးက ခရီးဖော်ကို အဖက် မလုပ်ချင်တာမျိုး။

တချို့ ကျတော့လည်း ခင်လိုက်တာနဲ့ သူ့ကို လိမ်ညာလှည့်ဖျား သွားမလားဆိုတဲ့ သံသယ တံတိုင်းကြီးခြားပြီး ဘာသိဘာသာ နေတာ။ တချို့ ကျတော့လည်း ဘာစကား တစ်ခွန်းမှ မပြောဘဲ ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်ငြိမ်သက်သက် နားအေးပါးအေး ခရီး သွားရတာကို ကြိုက်တာရှိတယ်။ ကိုယ့်ခံယူချက်နဲ့ ကိုယ်မို့ အပြစ် တင်လို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ဘယ်လို လူစားမျိုးနဲ့ပဲ ကြုံကြုံ တစ်ဘက်နဲ့ တစ်ဘက် ခရီးသည်ချင်း ဆိုတဲ့ စာနာစိတ် ရှိထား ကြရင်တော့ အထွေအထူး ပြဿနာ မရှိနိုင်ပါဘူး။ ဆိုလိုတာ ကဗျာ။ကိုယ်နဲ့ ဘေးချင်းယှဉ် ထိုင်ရမယ့် ပုဂ္ဂိုလ်ဟာ ကိုယ်နဲ့ စရိုက်ချင်း နီးစပ်မယ်လို့ တပ်အပ် တွေးထားလို့ ဘယ်ရမလဲ။ အတွေးအခေါ် အယူအဆချင်းလည်း တူချင်မှ တူမယ်။တချို့က ခရီးသွားတဲ့ အခါ စကား ပြောဖော်လေးနဲ့ သွားရတာ ကြိုက်ပေမယ့် တချို့ကျတော့ စကား တစ်လုံးမှ မပြောဘဲ နားအေးပါးအေး သွားရတာကိုမှ ကြိုက်တာလည်း ရှိတယ်လေ။ ဒါကို အလိုက်ကန်းဆိုး မသိဘဲ စကား တတွတ်တွတ် သွားပြောနေလို့ မရဘူးဗျ။ ပိုက်ဆံပေးပြီး စီးလာရတာချင်း တူတူမို့ ကိုယ်ကြိုက်တာကိုယ် လုပ်ခွင့်ရှိတယ် ဆိုပေမယ့် မကြိုက်တာကို ငြင်းပယ်ခွင့်လည်း ခရီးသည်တိုင်းမှာ ရှိတာ မမေ့သင့်ဘူးလေ။ ခရီးသွားတဲ့ အခါ အဲဒီလို လူစားနဲ့ ကြုံရရင် အတော့်ကို ကသိကအောက် ဖြစ်စရာ ကောင်းတာပါ။

ထားပါတော့။ စောစောက စကားကို ပြန်ဆက်ရရင် ပြတင်းပေါက်ဘက်ခုံမှာ နေရာ ရပြီး မကြာခင်“သူ”က အိတ်ခပ်ကြီးကြီး တစ်လုံးကို မနိုင်မနင်း ဆွဲပြီး ကားပေါ် တက်လာတယ် ခင်ဗျ။ သူဆိုတာ ကျုပ်ဘေးခုံမှာ ထိုင်ရမယ့် ပုဂ္ဂိုလ်ကို ရည်ညွှန်းတာပါ။ အစကတော့ ဒီလူကို ကိုယ့်ဘေးနံရံ ပိုင်ရှင်မှန်း ကျုပ်က မသိသေးပါ ဘူး။ ဒီလူက ကားပေါ် စတက်လာ ကတည်းက “ဇ” လေးနဲ့ ဆိုရမယ်။ သူ့ခရီး ဆောင်အိတ်ကြီးကို အများနည်းတူ ကားနောက်ခန်းမှာ ထားဖို့ စပယ်ရာက ပြောတာကို လက်မခံဘူးလေ။ ထိုင်ခုံအောက်မှာ ရသလို ထားမယ် ဆိုပြီး အတင်း ဆွဲတင်လာတော့ မနိုင်မနင်းနဲ့ သူ့ကို ကျုပ်က ကပျာကယာ ၀ိုင်းသယ်ကူရရော။ ခုံအောက်ထဲ အိတ်ကို မနည်း သွင်းယူရတာ လက်အံတောင် သေတယ်။

အဲဒီလို ကူညီတာ ကျုပ်က ဖားချင်လို့ မဟုတ်ပါဘူး။ ကျုပ် ၀သီအရ မျက်စိရှေ့အမြင်မတော်လို့ ခရီးသည်ချင်း ကိုယ့်ဘက်က နိုင်သမျှ ၀င်ကူညီ ပေးတဲ့ သဘောပါ။ သူက ပြောရှာသား။ “ခြေထောက်ချတဲ့နေရာနည်းနည်း ကသီ လင်တ ဖြစ်သွားတာတော့ ဒီက ကိုယ့်လူကို အားနာပါရဲ့။ ကျုပ်အထုပ်တွေကို မျက် ကွယ်ရာထားဖို့ စိတ်မချလို့ပါ” တဲ့။ ပြောပြီး ပါပကောလား။ ကျုပ်က အားနာ တတ်တဲ့သူပါလို့။ နဂိုကတည်းက အလိုလို နေရင်း အားနာ နေတတ်တဲ့ လူကိုမှ သူက အားနာတယ် ပြောလာတော့ ကျုပ် က ပိုအားနာတော့တာပေါ့ဗျာ။ “ဟာ ရပါ တယ် ကိစ္စမရှိပါဘူး”ပေါ့။ ခရီးဖော်ချင်း ဒီလောက်တော့ နားလည်မှုပေးရမှာပေါ့။ ဟုတ်ဖူးလား။ဒီလိုနဲ့ ခုံအောက်က တစ်ဝက်မက ထွက်နေတဲ့ သူ့ဧရာမ အိတ်ကြီးပေါ်လည်း ခြေထောက်တင်လို့က မဖြစ်။အောက်ချ ထားရတာကလည်း မလွတ်မလပ်နဲ့ပဲ ကျုပ်တို့ကားဟာ ဂိတ်ကနေ စထွက်လာတော့တယ်။အယလာပသလ္လာပ ပြောပြီး သိပ်မကြာဘူး။ကိုယ့်လူက နားထင် ကို လက်နဲ့ထောက်ပြီး နှိပ်တော့တာပဲ။ ကျုပ်က “နေမကောင်းဘူးလားဗျ” ဆိုတော့“ကားမူးတာပါ”လို့ ဖြေတယ်ခင်ဗျ။ ကားမူးရင် အန်တတ်တဲ့ အကျင့်ရှိ တယ်ဆို ပြီး ဆက်ရှင်းပြတယ်။ ကျုပ်ကိုယ်၌က ကားမူးတတ်တဲ့သူ မဟုတ်လေတော့ ရှူဆေးဘူး ဘာညာလည်း ဆောင်မထားမိ ဘူး။

သူက ကျုပ်ကို အားတုံ့အားနာ မျက်နှာပေးနဲ့ တစ်ချက်လှမ်းကြည့်ပြီး “အေးဗျာ လေလေးဘာလေး ရရင်တော့ အဆင်ပြေ မှာ”လို့ မပွင့်တပွင့် ပြောတယ်ဗျ။ သူပြောမှပဲ ကျုပ်လည်း ကျုပ်ရထားတဲ့ ပြတင်းပေါက်ကို သတိရပြီး“ဒါဖြင့် ခင်ဗျားအမူး သက် သာအောင် ကျုပ်ဘက်လာပြောင်း ထိုင်လိုက်ပါလား” ဆိုပြီး နေရာချင်းလဲ ထိုင်ပေးလိုက်တယ်။သူကလည်း ဟန်ဆောင် ပန်ဆောင်လေးတောင် မငြင်းဘူး။“ကောင်းသားပဲ”ဆိုပြီး ချက်ချင်း နေရာထလဲတော့ တာပဲ။ နေရာရွှေ့ ပြီးတာနဲ့ ဘာလုပ်တယ် ထင်သလဲ။ ကျုပ်ဘက် စကားလှည့် ပြော မလာတော့ဘူး။ စောစောက မူးသယောင်ယောင် မကြည်မသာ ဖြစ်နေရိပ်တွေလည်း သူ့မျက်နှာပေါ်မှာ မမြင်ရတော့ဘူးဗျ။ ထိုင်ခုံကျောမှီပေါ် ခေါင်းတင်ပြီး မျက်စိစုံ မှိတ်လို့ မှိန်းနေတော့တယ်။ မူးနေတဲ့ အတွက် သူနေသာသလို နေပါစေ ဆိုပြီး ကျုပ်ကလည်း အလိုက်တသိနဲ့ သူ့ကို စကားမပြောပါဘူး။ အပျင်းပြေ ဖတ်ရအောင် ယူလာတဲ့ စာအုပ်လေးကိုပဲ အေး အေးလူလူ ထုတ်ဖတ် နေလိုက်တယ်။

ခဏ ကြာတော့ ကျုပ်လည်း မျက်ခွံတွေလေး လာပြီး ဘယ်အချိန် အိပ်ပျော်သွားမှန်း မသိလိုက်ဘူး။ နားထဲ စူးစူးဝါးဝါး ကြားနေရတဲ့ အသံကျယ်ကြီးရယ်၊ဘယ်ဘက်လက် မောင်းတစ်ဖက်ဆီက နာကျင်မှုရယ် ပေါင်းပြီး ကျုပ်လန့်နိုးလာတော့ အခြေ အနေတွေက ပြောင်းနေပြီ။ ဘာလဲပေါ့။ ဖိညှပ် ခံထားရလို့ ထုံထိုင်း နာကျင်နေတဲ့ လက်မောင်းကို ပွတ်သပ် နှိပ်နယ်ပြီး အိပ်စုံမှုန်မွှား မျက်လုံးကို အတင်း ဖြဲကြည့်တော့ လားလား ကိုယ့်ဆရာက ကျုပ်ဘက်ကို ယိုင်ပြီး ဟောက်သံကျယ်ကြီးနဲ့ စိတ်ရှိလက်ရှိ အိပ်ပျော် နေတော့တာကိုး။ ဟောက်သံ ကျယ်လိုက်ပုံကလည်း သောက်ကျိုးနည်းဗျာ။ ကားပေါ်က တခြား ခရီးသည်တွေကိုတောင် သူ့အစား ကျုပ်မှာ မဆီမဆိုင် အားနာ မျက်နှာ ပူရသေးတယ်။ ဆိုးတာက သူနေရာ ယူထားတဲ့ အတိုင်း အတာပါ။ သူများလို ခြေနှစ်ချောင်း အောက်ချ၊ ထိုင်ခုံ ကျောမှီပေး ခေါင်းတင် အိပ်နေတာချင်း အတူတူ သူက ခြေပစ် လက်ပစ်ဖြစ်နေတော့ ကျုပ်တို့ နှစ်ယောက် တွဲခုံကို လိုအပ်တာထက် ပိုပြီး ကျပ်နေစေတာ အမှန်ပါ။ ဘယ်အချိန်ကတည်းက အဖိခံထားရမှန်း မသိတဲ့ ကျုပ်လက်ကိုတောင် သွေးလျှောက်အောင် မနည်းပြန် နှိပ်ယူရတယ်။ အိပ်မပျော်ခင် ကျုပ်ဖတ် နေခဲ့တဲ့ စာအုပ်လေးကို ရှာကြည့်တော့လည်း သူ့ခန္ဓာကိုယ်ကြီးနဲ့ တက်ဖိထိုင် ထားတာ တွန့်လိမ်လို့။အတင်း ဆွဲထုတ်ရင်လည်း ကျုပ်စာအုပ်လေး စုတ်သွားမှာ စိုးတာနဲ့ ငြိမ်နေရတယ်။ တကယ်တမ်းက သူ့ကိုနှိုးပြီး အကျိုးသင့် အကြောင်းသင့် ပြောဆိုရမှာပါ။
ဒါပေမယ့် တခေါခေါ ဟောက်ပြီး သူခြေပစ်လက်ပစ် အိပ်နေပုံက နှစ်နှစ်ခြိုက်ခြိုက် ရှိလွန်းတာနဲ့ ထုံးစံအတိုင်း ကျုပ်ဆိုတဲ့ကောင်က အားနာနေရော။ အမူအကျင့် တစ်ခုဟာ တကယ် အရေးရယ်၊ အကြောင်းရယ် ဆိုရင် ကိုယ့်အပေါ် အကျိုးပြု မပြု အဖြေပေါ်လာ နိုင်တဲ့အကြောင်း ပြောတာပါ။ မပြောချင်တာနဲ့ ကိုယ့်ကိုကိုယ် သက်သာအောင် နည်းလမ်းရှာပြီး ထိုင်ခုံလက်တန်းဘက် ရွှေ့တော့ သူ့ခန္ဓာကိုယ်က ပိုပြီး လဲပြိုနေရာ ယူလာတယ်။နောက်ဆုံးကျတော့ ကျုပ်မှာလည်း ထပ်ရွှေ့စရာ နေရာ တစ်လက်မတောင် မကျန်တော့ဘူး။ ကားစီးရတာ ညောင်းညာရတဲ့ အထဲ အဲဒီလို ရွှေ့မရ၊ပြင်မရ ပုံစံကျကျပ် ညှပ်ထိုင် လိုက်သွားရတဲ့ ကျုပ်ဒုက္ခ ဘယ်လောက် ဆိုးနေမှန်း ခင်ဗျားပဲ စဉ်းစားကြည့်။ ငါဘာလို့ ဒီလောက် အားနာတတ်ရပါလိမ့် ဆိုပြီး ကျုပ်ကိုယ်ကျုပ် စိတ်ကသိကအောက် ဖြစ်မိတာလည်း ပြောမနေပါနဲ့တော့။ သိပေမယ့်လည်း တစ်သက်လုံ အရိုးစွဲလာတဲ့ အကျင့်ဆိုတော့ လွယ်လွယ်နဲ့ ဘယ်ဖျောက်ဖျက်လို့ ရမှာလဲဗျာ။

ပြောပြီးပါပကော။ ခရီးသွားတဲ့ အခါ ဘေးဘီဝဲယာ ရှုခင်း အလှအပတွေကို စီးမျော ခံစားချင်တဲ့သူ ရှိသလို ဘာရှုခင်းမှ စိတ်မ၀င်စားဘဲ ငြိမ်ငြိမ်လေး အိပ်လိုက် သွားရတာ ကြိုက်တဲ့သူတွေ ရှိနိုင်တာလည်း ကျုပ် နားလည်ပါတယ်လို့။ ကျုပ်တို့ ကားပေါ် ပါလာတဲ့ ခရီးသည်တွေထဲမှာလည်း သူ့လိုအိပ်ပြီး လိုက်လာသူတွေလည်း ရှိပါတယ်။

ဒါပေမယ့် သူ့လို စည်းမရှိ ဘောင်မရှိ၊ ကိုယ့်ဘေးက ခရီးသည်ကိုမှ မစာမနာ နေရာယူပြီး ပိုးလိုးပက်လက် အိပ်နေသူ၊ ဒီလောက်ဆိုးတဲ့ ဟောက်သံမျိုး ရှိနေသူတော့ မပါပေါင်။ မအိပ်နဲ့ မပြောပါဘူး။ အိပ်တဲ့အခါ မဟောက်နဲ့လို့လည်း မဆိုလိုပါဘူး။ ဒါပေမယ့် လောလောဆယ် ကျုပ်တို့ ရောက်နေတာဟာ ကိုယ့်အိမ်ပေါ်မှာ မဟုတ်ဘူး။ အများစုပေါင်း စီးနင်းလိုက်ပါ လာကြတဲ့ ခရီးသည်တင် ကားတစ်စီးပေါ်မှာ ပါလားဆိုတဲ့ အသိလေးတော့ ထားစေချင်မိတာ အမှန်ပဲဗျ။ပြောရရင် သူနဲ့ ကျုပ်အပါအ၀င် ဒီကားပေါ် ပါလာတဲ့ သူတိုင်းဟာ ခရီး ထွက်လောက်စရာ အကြောင်းကိစ္စ ကိုယ်စီရှိကြလို့သာ ငွေကုန် ကြေးကျခံပြီး ဒီကားပေါ် ပါလာကြတာပါ။ အလကားသက်သက် ပျော်လွန်းလို့ ဆိုပြီး ကားပေါ် လိုက်စီး လာကြသူတွေ ပါမယ် မထင်ပါဘူး။ ခရီးသည်ချင်း မဖေးမရင် နေပါ။ ပေးထားရတဲ့ အခကြေး ငွေနဲ့ ထိုက်တန်အောင် ဖန်တီး ပေးထားတဲ့ ကားပေါ်က ၀န်ဆောင်မှု ကိုတော့ ကိုယ်စီကိုယ်ငှ အပြည့်အ၀ မရသင့်ပေဘူးလား။ ခုတော့ဗျာ ကြည့်စမ်းပါဦး။ ဒီတစ်ခုံလုံး သူတစ်ယောက်တည်း အပိုင်စား ရထားသလို ခြေပစ် လက်ပစ်ကြီး အိပ်နေပုံက။

ဒီထိုင်ခုံတွေရဲ့ အလျားအနံ ဘယ်လောက်ရှိမှန်း ကျုပ်မသိပါဘူး။ ဒါပေမယ့် ကျုပ်တို့ထက် တော်တော်ကြီး ပိုဝတဲ့ အဒေါ်ကြီး နှစ်ယောက်တောင် ကျုပ်တို့ ရှေ့ခုံမှာ ချောင်ချောင်ချိချိ ထိုင်နိုင်ကြသေးတာ။ ပိန်ပိန်ပါးပါး ကျုပ်တို့ နှစ်ယောက် ထိုင်ရတဲ့ ခုံကျမှ နင်းကန်ကြပ်နေတာ မလွန်ဘူးလား။ ပြောခဲ့ပြီးပါပြီ။ ကျုပ်ဆိုတဲ့ ကောင်က သူတစ်ဖက် သားအပေါ် အားနာတတ်တဲ့လူ။ လိုအပ်လာရင်လည်း သူများအပေါ် သဘောထားကြီး ပေးနိုင်တဲ့ သူပါ။သူ ပိုင်စိုးပိုင်နင်း ယူထားတဲ့ ကျုပ်ထိုင်ခုံ နေရာရဲ့ တစ်ထွာလောက်လေးပဲ ပြန်ရွှေ့ပေးဦး။ ကျုပ်ဘက်က ကျေးဇူးတင် စကားကို ချက်ချင်း တုံ့ပြန်မယ့် သူပါ။ ကျုပ် အခွင့်အရေးကို အဲဒီလောက် ပြန်ရရင်ပဲ ပြီးပြီးသား ကိစ္စတွေကို မသိချင်ယောင် ဆောင်ပေး နေလိုက်ဖို့ စိတ်ကူး ထားပြီးသားပါ။

သြော် . . .ဘာကိစ္စတွေ ရမှာလဲ ကိုယ့်လူရယ်။ ညာတာပါတေးနဲ့ ကျုပ်ပြတင်းပေါက်လေးကို အပိုင် စီးလိုက်တဲ့ ကိစ္စကော၊ ကျုပ်စာအုပ် လေးကို တွန့်လိမ်နေအောင် သူ့ခန္ဓာကိုယ်ကြီးနဲ့ မညှာမတာ ဖိထိုင်ထားတဲ့ ကိစ္စကောပေါ့ဗျာ။ ကလေးကလားဗျာ။ သူအပိုင် စီးယူ ထားပြီးတော့ ပြတင်းပေါက်က ရှုခင်းတွေကို ကည့်လားဆိုတော့လည်း အိပ်နေလိုက်တာများ သိုးလို့။

ခင်ဗျားတော့ ဘယ်လို သဘောရသလဲ မသိဘူး။ကျုပ်သာ ဆိုရင်တော့ ပြတင်းပေါက်ဘေး ထိုင်ခွင့်ရရင် သူလို အိပ်နေမှာ မဟုတ်ဘူးဗျ။ အိပ်တာက ကိုယ့်အိမ်မှာ ဘယ်အချိန် အိပ်အိပ် ရတယ်လေ။ ခရီးလမ်းဘေး သဘာဝ ပတ်ဝန်းကျင် ဆိုတာက မြင်ရခဲတယ် မဟုတ်လား။နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ ရွှေရောင် တောက်နေတဲ့ စပါးခင်းတွေ ရှိမယ်ဗျာ။ပြာလွင် ကျယ်ပြောတဲ့ ကောင်းကင်ပြင်ကြီးပေါ်မှာ ဦးတည်ရာအမျိုးမျိုးဆီ ပုံသဏ္ဍာန်မျိုးစုံနဲ့ အားကျိုးမာန်တက် ပျံသန်းနေကြမယ့် ငှက်ကလေးတွေ ရှိမယ်ဗျာ။ စိမ်းလန်းတဲ့ တောအုပ်တွေ ရှိမယ်ဗျာ။နှစ်သက် မြတ်နိုးစရာ ကောင်းတဲ့ သဘာ၀၀န်းကျင် ပန်းချီကားတွေကို ခံစားရတာကလည်း ခရီးသွားမှ ရနိုင်တဲ့ ရှားရှားပါးပါး အရသာတစ်ခုပါ။

ခုတော့ သူလူလည် ကျလိုက်တာနဲ့ပဲ ကျုပ်မှာ တစ်ဝက်တစ်ပျက် ပြတင်းပေါက်ကို စောင်းကြည့်ရတာ ကုပ်ပိုးကို ညောင်းရောပဲ။ နေရထိုင်ရတာ သက်သောင့်သက်သာ မရှိတော့ ရှုခင်း အလှအပတွေကိုလည်း အပြည့်အ၀ စိတ်မ၀င်စားနိုင်တော့ပါဘူး။ သူ့ကိုယ်ကြီး ဒီထက်ပိုပိ ကျမလာအောင် ကျားကန်ထားရတဲ့ ဒုက္ခကလည်း မသေးဘူးလေ။ ဒီနေရာမှာ ကျုပ်စေ့စေ့ တွေးမိတာက“ကံ”ဆိုတဲ့ အရာကြီး အကြောင်းပါ။ စဉ်းစားကြည့်ရင် “ကံ”ဆိုတာကြီးကို မယုံကြည် လက်မခံချင်လို့ မရတာတော့ အမှန်ပဲဗျ။ကားတစ်စီးလုံးထဲမှာမှ ကျုပ်က သူ့လိုလူနဲ့ တိုက်တိုက်ဆိုင်ဆိုင် တစ်ခုံတည်း နေရာကျတယ်။ အင်းလေ ကျုပ်ဘက်ကလည်း လိုကို လိုပါတယ်။ကျုပ်သာ တော်ရုံ အားမနာတတ်တဲ့သူဆိုရင်လည်း ဒီကိစ္စက အဖြေတစ်ခုခု ထွက်ပြီးလောက်ပါပြီ။

ဒါကြောင့် ပြောတာပေါ့။ လိုအပ်တာထက်ပိုပြီး အားနာတတ်တာလည်း မကောင်း ဘူးလို့။ အကြံအိုက်ပြီး တောင်ကြည့်မြောက်ကြည့် လုပ်နေတဲ့ ကျုပ်ကို လူသွားစင်္ကြံ ခြားထားတဲ့ တစ်ဖက်ခုံက လူနှစ်ယောက်က စာနာပုံရတယ်ဗျ။ သူတို့နဲ့ မဆိုင်ပေမယ့် ကျုပ်ဒုက္ခကို မြင်တော့လည်း ဘာသိဘာသာ နေနိုင်ပုံမရဘူး။ “ပြောလိုက်ပါလား” ဆိုတဲ့ သဘောနဲ့ သူ့ကို မေးဆတ်ပြကြတယ်။ ကျုပ်က ထုံးစံအတိုင်း အားနာစိတ်နဲ့ မချိပြုံးဘဲ ပြုံးနေတော့ ဟိုလူတွေက အားမလို အားမရ ဖြစ်နေပုံနဲ့ ပြန်လှည့်သွားကြတယ်ဗျ။ “ဒီလောက် အားနာချင်တဲ့လူ၊သူ့ထိုက်နဲ့ သူ့ကံနေပါစေ” ဆိုတဲ့ သဘော နေမှာပေါ့။ အားနာ ခြင်းနဲ့ ပတ်သက်ပြီး ကျုပ်ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုပေါ့ဗျာ။ အဲဒီတုန်းက ဘယ်လောက်များလဲ ဆိုရင် ခရီး ဂိတ်ဆုံးလို့ ကားပေါ်က ဆင်းမှပဲ ကျုပ်နေရာ ကျုပ် ပြည့်ပြည့်၀၀ ပြန်ထိုင်ခွင့် ရတော့တယ်လေ။

ဒါပေမယ့် ကိုယ့်နေရာ ကိုယ်ပြန်ရလည်း ဘာလုပ်လို့ ရတော့မှာလဲ။ ခရီးဆုံးလို့ ဆင်းရတော့မှာလေ မဟုတ်ဘူးလား။ ထမင်းစားချိန် ကားရပ်နားတော့ ကိုယ့်နေ ရာကိုယ် ပြန်မယူ နိုင်ဘူးလားလို့ ခင်ဗျား မေးချင်မှာပဲ။ ကိုယ့်လူက ထမင်းစားတော့ ဆင်းပါရဲ့ဗျာ။ သူလျင်ပုံက ထမင်း စားပြီးတာနဲ့ ကျုပ်မရောက်ခင် ကားပေါ်အရင် တက်နှင့်တယ်လေ။ ကိုယ့်နေရာလေး ပြန်ရလေမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ထမင်းသုတ်သုတ် စားတာတောင် သူ့ကို မမီဘူး။ ကားပေါ်မှာလည်း ကျုပ်ကို စကား မဟဘူးဗျ။ စကား စပ်မိရင် ကျုပ်နေရာ ပြန်တောင်းမှာ စိုးလို့ နေမှာပေါ့။ အတော် ရယ်စရာ ကောင်းတဲ့လူ။ ပြီးတော့ ပြန်အိပ် သွားရော။ တရား သဘောနဲ့ ကြည့်ရင် သံသရာ ခရီးနဲ့ စာရင်တော့ ဒီလောက် ခရီး တစ်ခုက စာမဖွဲ့လောက်ဘူးပေါ့လေ။

ဒါပေမယ့် စာမဖွဲ့လောက်ဘူး ဆိုတိုင်း ခရီးသည် အချင်းချင်း ဒီလို လူလည်ကျတာ ခံရတာကတော့ တွေးကြည့်ရင် ခံပြင်းစရာ အကောင်းသားဗျ။ ဒီကား တစ်စီးပေါ်မှာ ထိုင်ခုံလေး တစ်နေရာ ရဖို့ရာ သူပိုက်ဆံပေး ထားရသလို ကျုပ်လည်း သူ့ထက် ငါးပြားမှ မလျှော့တဲ့ တန်ရာတန်ကြေး ပေးခဲ့ရတာပါ။ သည်းတော့ သည်းခံခဲ့ရတာပါပဲ။

ကျုပ်က အားနာတတ်တဲ့ သူကိုး။အခန့်သင့်လို့ ခဏတစ်ဖြုတ် ဆုံခွင့်ရတဲ့ ခရီးဖော်ချင်း သင့်မြတ်လို သူကိုး။ ဟောပြောကောင်းကောင်းနဲ့ ပြောလာလိုက်တာ။ ကျုပ်ဆင်းရမယ့် နေရာတောင်ရောက်လာပြီ။ ရေစက်ရှိ ခိုက် ခဏတစ်ဖြုတ် လာဆုံရတာ ဆိုပေမယ့် ခင်ဗျားကို မိတ်ဆွေရင်းချာ တစ်ယောက်လို ခင်မိပါရဲ့။အခု ကျုပ်ဆင်းရမယ့် ရွာလေးမှာ ခြံတစ်ခြံဝယ်ပြီး အပင်တွေ စိုက်နေတယ်။ ခင်ဗျား လမ်းကြုံရင် အချိန်မရွေး ၀င်လာခဲ့ နိုင်ပါတယ်။“ကိုစံထွန်း”လို့ သာ မေးလိုက်။ရတယ်။သွားဦးမယ်ဗျာ။ ဗျို့ ကားဆရာ။ရှေ့က တံတားလွန်ရင် ကျုပ် ဆင်းမယ်နော်။
_ _ _
ဝှူး ခုမှပဲ ၀ဋ်ကျွတ်တော့တယ်။ အဲဒီ ကိုစံထွန်းဆိုတဲ့ ငတိကြီးက ကားစထွက် ကတည်းက တစ်ဖက်သား အိပ်ချင်မှန်း မသိ၊ ဘာမသိ အားမနာစတမ်း ပြောချင်ရာတွေ တောက်လျှောက် ပြောလာလိုက်တာ။စကား ပြောရင်းနဲ့ အားမာန်ပါလာပြီး တဖြည်းဖြည်း နေရာချဲ့လာရာက ပျောက်လုလု ကျွန်တော့် နေရာလေးကိုတောင် ခုမှ ချောင်ချောင်ချိချိ ပြန်ထိုင်ခွင့် ရတော့တယ်လေ။ ကျွန်တော်တို့ ခရီးသွားတဲ့ အခါ ဒီလို လူစားမျိုးတွေကိုလည်း ခရီးဖော် အဖြစ် တစ်ခါတလေ ကြုံရတတ်တာပါပဲဗျာ။



ငွေဇင်ယော်ဦး (မိုးကုတ်)
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

0 comments:

Post a Comment