အိပ်မက်အော်သံ

ကျွန်မ ငယ်ငယ်တုန်းက လူကြီး အလွန် ဖြစ်ချင်သည်။ လူကြီးတွေ လုပ်သမျှ အကုန်လုံး စိတ်ဝင်စားသည်။ အမေ ထမင်းဟင်း ချက်လျှင် ကျွန်မလည်း ၀င်ချက် ကြည့်ချင်သည်။ အမေ တံမြတ်စည်း လှည်းလျှင် ကျွန်မလည်း ၀င်လှည်း ချင်ပါသည်။

သို့သော် အရွယ် မတိုင်သေးတော့ လုပ်ကူတာက ရှုပ်တာနှင့် မထူးသဖြင့် ကျွန်မသည် အမေ့အတွက် မကြာခဏ စိတ်ညစ်စေသည့် အရှုပ်ထုပ် ကလေး ဖြစ်ခဲ့ရသည်။ ထမင်းဟင်းချက်ရာမှာ အမေ့ အလစ်ဝင်ပြီး လက်စွမ်းပြမိ၍ စားမရဘဲ ပစ်လိုက်ရသည့် အခါ၊ အမေ လှည်းကျင်းထားပြီး အမှိုက်တွေက ကျွန်မ လျှာလျှာရှည်ရှည် ၀င်လှည်းပေးမှ ပိုပြီး ရှုပ်ပွကုန်သည့် အခါ၊ အမေမရှိခင် အ၀တ်တွေ ခိုးလျှော်တာ ဆပ်ပြာတိုက်လက်လွန်သွား၍ ရေစင်အောင် မနည်းပြန် လျှော်ယူရသည့် အခါ၊ ပန်းကန်ဆေးရင်း ကျကျကွဲကုန်သည့် အခါ...။ အဲဒီလို အခါပေါင်းများစွာ တွေ့ကြုံရ တိုင်း အမေက ချစ်စနိုး မျက်စောင်းတစ်ချက်နှင့်

“အေးနော်၊ မလုပ်တတ်ခင် အတော် လုပ်ချင်လွန်းတဲ့ ကလေးမ။ ကြီးလာလို့ ဒီ အလုပ်တွေ မလုပ်ချင်ဘူးဆိုရင် ခေါင်းပေါ် အာလူး ဘူးသီးတွေ တန်းစီနေအောင် ကို ခေါက်ပစ်မယ်မှတ်”
ဟု ရယ်မောရင်း ကြိမ်းဝါးတတ်ပါသည်။ အမေ့ စကားကြားတိုင်း ငါ လူကြီး ဖြစ်လာမှ ဒီအလုပ်တွေ လုပ်ခွင့်ရမှာပါလား ဟူသော အတွေးက ကျွန်မ ဦးနှောက် သေးသေးလေးထဲ ၀င်လာလေ့ ရှိသည်။ ထိုအခါ ကျွန်မ လူကြီး မြန်မြန် ဖြစ်ချင်ခဲ့တော့သည်။

၂။
အိမ်၌ လူကြီးတွေလုပ်သမျှ ဘာတစ်ခုမှ ၀င်လုပ် ကိုင်ခွင့်မရသော ကျွန်မတို့ အရွယ်လေးတွေ စုမိကြသော အခါ ကျွန်မတို့ လုပ်နိုင်သောပုံ စံဖြင့် အပြင်မှာ လူကြီးလုပ် ကြပါသည်။ အိုးပုတ်ခွက်တွေနှင့် ထမင်းဟင်းချက် တမ်းကစားကြခြင်းဖြစ်သည်။ ထိုအိုးပုတ်ခွက်တွေထဲမှာ အမေတို့ မီးဖိုးချောင်သုံး ပစ္စည်းပစ္စယတွေ နည်းတူ ရေနွေးကရား၊ မီးဖို၊ ငရုတ်ဆုံက အစပါသည်။ ခြင်းထောင်းနှင့် လမ်းဘေး အရွက်တွေ လည်ခူး၍ ဈေးဝယ်ထွက်ကြ ရသည်မှာလည်း အရသာရှိ ပေစွ။ တကယ့် အစစ်လိုပင် ခံစားပြောဆိုကြသည်။

“ဆန်ဈေးတွေကလည်း ကောင်းလိုက်တာများ နော်”

“မြိန်ရာဟင်းကောင်းတဲ့၊ ဟင်းစပ်တည့်အောင် ချက်တတ်ရင် ချိုတာပါပဲ”

“ခရမ်းချဉ်သီးတွေ လှလို့ သုပ်စားမလား ဆိုပြီး ၀ယ်ခဲ့လိုက်တာလေ”

နိစ္စဓူဝ အမေတို့နှုတ်မှ ကြားသိရလွန်း၍ ရင်းနှီးနေသော စကားလုံးတွေကို အတုမြင် အတတ်သင် စိတ်ထဲ သေချာမှတ်သားထားလိုက် ကာ ကျွန်မတို့စကားဝိုင်းတွေ ၌ မြိန်ရေရှက်ရေ အတုခိုး ပြောကြဆိုကြရတာ အလွန် အာတွေ့လှသည်။ သို့သော် ဒါသည်ပင် လူကြီးတွေရှေ့၌ လွတ်လွတ်လပ်လပ်ပြောခွင့် မရတာတွေ ရံဖန်ရံခါ ကြုံရ တတ်သေးသည်။

“သဘင်သည်၊ သူရူးနဲ့ ကလေးစကားတဲ့။ နင်တို့ ပါးစပ်က ပေါက်ကရ ဈေးနှုန်းတွေ လျှောက်ပြောကြတာ အရေးမကြီးဘူး။ ကျုပ်တို့ လူကြီးတွေမှာ မျက်ခုံးလှုပ် ရတယ်တော့်...”

လူကြီးတွေ ပြောတတ်သည့် အဲဒီစကားကို ကျွန်မတို့ လုံးစေ့ပတ်စေ့ နားမလည်ကြပါ။ ထိုတစ်ခု တည်းမကပါ။ လူကြီးတွေ ပြောနေကျ စကားတွေထဲမှာ ကျွန်မတို့အဖို့ နားမလည်စရာတွေ အများကြီးပင်။ သိလိုစိတ်ဖြင့် လူကြီးတွေစကား ၀ိုင်းနား ယောင်လည်လည်နှင့် ချဉ်းကပ်မိပြန်တော့
“တွေ့လား အတော်စပ် စုချင်တဲ့ဟာလေး။ ကလေး အရာမဟုတ်ဘူး၊ အပြင်မှာ သွားဆော့ချေ”
ဟု နှင်လွှတ်ခံရတတ် သည်။

အဲဒီအရွယ်ဆိုတာက လောကကြီးမှာ ဘာမဆို သိချင်၊ တတ်ချင်၊ အတုယူစူး စမ်းချင်နေသည့်အရွယ်။ အမေတို့လူကြီးတွေ စကားထဲ စိတ်ဝင်စားစရာတွေဖြင့် ပြည့် နှက်နေသည်။ အမေတို့က ဒါ ကလေးအရာ မဟုတ်ဘူးဟု ပြောလာတော့ မချင့်မရဲ ဖြစ်ရသည်။ ဒါဖြင့် မြန်မြန်လူကြီး ဖြစ်မှ အေးမှာပါ။ လောက ကြီးမှာ လူကြီးဖြစ်လာမှ သိစရာတွေ အများကြီး သိခွင့်ရမည်။ တတ်သင့်တာတွေ အများကြီး တတ်မြောက်ခွင့်ရမည်။ လုပ်ချင်တာတွေ လုပ် ခွင့်ရလာမည်။ အဲဒီလို လူကြီး တွေနည်းတူ အရာရာ သိခွင့်၊ တတ်ခွင့်၊ လုပ်ခွင့်ရဖို့ရာ ကျွန်မ မြန်မြန်လူကြီး ဖြစ်လာမှ ဖြစ်တော့မည်။ အဲဒီတုန်းက အိပ်မက်မက်လိုက်တိုင်း အိပ် မက်ထဲမှာ ကျွန်မက လူကြီး တစ်ယောက် ဖြစ်နေတတ်သည်။ ကျွန်မ လူကြီး ဖြစ်ချင်လွန်းတာ တစ်ပိုင်းကို သေလို့။

၃။
ကျွန်မ ခုနစ်တန်းနှစ် အရောက်၌ အဖေ ဆုံးပါသည်။ ပကတိကျန်းကျန်းမာ မာကြီးကနေ ရုတ်တရက် ဦး နှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို အခါ တစ်သက်လုံး အဖေ့ လုပ်စာထိုင်စားကာ အိမ်ရှင်မ သက်သက်ဘ၀ဖြင့် နေလာခဲ့ သော အမေသည် ဘာလုပ်၍ ဘာကိုင်ရမည်မှန်း မသိဘဲ ကျွန်မလက်ကို တွဲကာ ယောင်ချာချာ ဖြစ်ကျန်ရစ်ခဲ့လေသည်။

“လိမ္မာနော် သမီးကြီး ညည်းကိုပဲ အမေ အားကိုးရ တော့မှာ”

ခေါင်းသာ ရောယောင် ညိတ်ပြခဲ့ပေမယ့် အမေ့ စကားကို ထိုအသက်အရွယ် ဦးနှောက်၌ နက်နက်နဲနဲကြီး မစဉ်းစား မိခဲ့တာ အမှန်။ သို့သော် တိုတောင်းသော ကာလအတွင်းမှာ မသင်ယူဘဲ ကျွန်မ တတ်မြောက်လာရသည်က အများသား။ ပထမဦးဆုံး အနေနှင့် အမေသည် အဖေရှိစဉ်တုန်း ကလို သားသမီးတွေကို ပြုစု စောင့်ရှောက်ရုံသက်သက် မဟုတ်တော့ဘဲ အိမ်အောက် ထပ်၌ ဖွင့်လိုက်သော ကုန်ခြောက်ဆိုင်လေးဘက် အချိန် အများကြီးပေးလိုက်ရခြင်း။ အလည်လာသော မိတ်ဆွေတွေကို အမေက “အခြေအနေ မပျက်ခင် ရှိတာလေးတွေ ထုခွဲရောင်းချပြီး အခြေကျအောင် လုပ်ရတာလေ” ဟု ပြောပြနေ တတ်သည်။ ဆိုင်ကိစ္စကို သိပ်နားမလည်သေးခင်မှာ ကျွန်မ၌ အတွေ့အကြုံတွေ စတင် ရရှိလာသည်။ မနက်ဆိုလျှင် ခါတိုင်းလို ထမင်း စားချိန်နားနီးမှ အမေ့အနှိုး စောင့်ပြီးထ၍ မရတော့။ အမေက မနက်ငါးနာရီခွဲထ၍ ဆိုင်ခင်းတော့ ကျွန်မပဲ ထကူ ရသည်။

“အမေတစ်ယောက် တည်းဆို ဆိုင်တစ်ဖက်၊ မီးဖို ချောင်တစ်ဖက်နဲ့ ဘယ်နိုင်ပါ့ မလဲကွယ်။ ဒီတော့ ကျောင်းချိန်အမီ ချက်ပြုတ်ပြီးစီးဖို့ရာ သမီးကြီး ထကူမှ ရမှာပေါ့”

ထိုအချိန်၌ ကျွန်မ တံ မြက်စည်း ကျွမ်းကျွမ်းကျင် ကျင်လှည်းတတ်နေပါပြီ။ အိမ်ပေါ်အိမ်အောက်နှင့် ဆိုင် တွင်းအပြင် ခြံထဲ၌ပါ အမှိုက် တစ်စမကျန်အောင် ကျွန်မလှဲ ရခြင်းဖြစ်သည်။ ငယ်ငယ်က အမေ ပေးမလုပ်ခဲ့သော လုပ်ပိုင်ခွင့် တစ်ခု ကျွန်မလက်ထဲ ရောက်ရှိလာခြင်းမျှသာ။ လှဲစက အချိုးမပြေတာကိုပင် အမေက “လှည်းပြီးသား အမှိုက်ကို ပိုပြီးပွအောင် ဖွတဲ့ ကောင်မလေး” ဟု ကျွန်မကို မပြောတော့ပါ။ “ဟောဒီလို လှည်းလှည်းပြီး တဖြည်း ဖြည်းချင်းစုသွား၊ အမှိုက်တွေ ပြောင်သွားလိမ့်မယ်” ဟု ပါး စပ်ကလည်းသင်၊ လက်ကလည်း သင်ရင်း ကျွန်မလည်း တံမြက်စည်း လှည်းသည့် အလုပ်၌ ကျွမ်းကျင်သွား သည်။ ရှစ်တန်းနှစ်ရောက် တော့ ကျွန်မ ထမင်းဟင်း တော်တော် ချက်ပြုတ်တတ် နေပြီ။ မတတ်ဘဲ ခံနိုင်ရိုး လား။ “အမေ့ထမင်းအိုးလေး ပွက်လာရင် အိမ်ရှေ့ လှမ်း အော်လိုက်နော်” မှ စတင် လာလိုက်တာ “အမေ့ကို ခေါ် မနေနဲ့တော့ ကိုယ့်ဟာကိုယ် ထမင်းအိုး အပွက်ညီမညီ ကြည့်၊ ပြီးရင် ယောက်မနဲ့ အသာမွှေပြီး ဆန်စေ့ကိုစမ်း ကြည့်၊ အပျော့အမာ အနေ တော်ဖြစ်ရင် ထမင်းရည်ငှဲ့ပြီး မီးအေးအေးနဲ့ ထမင်းနှပ်ထား လိုက်တော့” အထိ လမ်းကြောင်း လာလိုက်တော့ တစ် နှစ် နှစ်နှစ်လည်းကြာရော ကျွန်မတစ်ယောက် မီးဖို ချောင်ကိစ္စ ကောင်းကောင်း ကိုင်တွယ်တတ်သွားပေပြီ။ အလတ်ကောင်က အရောင် တင်မှုန့်ခတ်သည့် ဟင်းကို မစားနိုင်။ အငယ်ကောင်က ဟင်းချက်လျှင် ကြက်သွန်၊ ခရမ်းချဉ်သီးအဖတ် မမြင်ရမှ ကြိုက်သည်။ အထွေးလေး ကတော့ ဟင်းရည်တစ်ခွက် မဖြစ်မနေပါမှ ထမင်းစား တတ်သည်။ ကျွန်မ ဆယ်တန်း အောင်ချိန်၌ မီးဖိုချောင်နှင့် လျှော်ဖွပ်သိမ်းဆည်းရေး ကိစ္စကို အမေ ကျွန်မထံ အပြီး အပိုင် လွှဲအပ်ထား ပေးခဲ့တာပင် အတော်ကြာခဲ့ပြီ။

၎။
“တော်သေးတာပေါ့၊ ဟောဒီ သမီးကြီး တစ်ယောက် ကူဖော်လောင်ဖက် ရထားလို့”

မိတ်ဆွေတွေနှင့် စကား စပ်မိသည့် အခါရယ် ကျွန်မထံ အခက်အခဲတစ်ခုခု ရင်ဖွင့်စရာ ရှိလာတိုင်း ထိုစကားစုလေး ကို အမေ အမြဲသုံးလေ့ရှိ သည်။ ပြောစရာလောက် လောက်လားလားဟူ၍ သမီးကြီး ဖြစ်သူ ကျွန်မမှလွဲ၍ ဘယ်သူမှမရှိရှာသော အမေ သည် အရေးကိစ္စကြုံတိုင်း ဆယ်ကျော်သက်အရွယ်သမီး ကိုသာ လူကြီးအရာ ထားပြီး ဖွင့်ဟ တိုင်ပင်တတ်သည်။ သိကြသည့် အတိုင်းဈေးသည် အလုပ်ဆိုသည်က တစ်နေ့တစ်နေ့ လူပေါင်းစုံနှင့် ပြောဆို ဆက်ဆံရတာ။ လူစုံတော့ စရိုက်စုံသည်။ ထိုအခါ အမေ့ အလုပ်ကနေ ကျွန်မသည် လောက အကြောင်း၊ လူတွေ အကြောင်း မကြားချင်မှ အဆုံး ဖောခြင်းသောခြင်း သိလာရပါသည်။ အဲ့ဒီလိုကနေ ဒီအလုပ်မှာ ဒါမျိုးတွေကြုံရ တတ်ပါလား ဟူသည့် အသိ တွေရသည်။ ကိုယ့်ဘာသာ ကိုယ်သာ မသိလိုက်မိချိန်မှာ အလုပ်၏ အတွေ့အကြုံထံ ကျွန်မ တပည့်ခံပြီးသား ဖြစ်နေလေပြီ။

“လောလောဆယ် ဆိုင် ကြီးကို ပြန်သွင်းဖို့ ပစ္စည်း ကြွေးတင်နေတာက (...) ရှိ တယ် သမီးရေ။ တစ်ရက်ဝင် ငွေထဲကနေ စုကြေး လုပ်ပြီး ဖဲ့စုနေရတယ်။ ရစရာအကြွေးတွေကလည်း တောင်းရခက် နေတော့လေ”

အမေ၏ ထူထဲသော စာရင်း စာအုပ်ထဲမှာ ကျွန်မလက် ရေးတွေနှင့်ချည်း ပြည့်လာသည်။ ဒေါ်ဘုမကတော့ အကြွေးတွေ များလာတော့ တခြားဆိုင် ရောက်သွားပါလား။ မစီရွှေဆိုတဲ့ အမျိုးသမီးက အကြွေးစာရင်း ဖွင့်ခိုင်းတုန်းက ဖွင့်ခိုင်းပြီး ငွေရှင်းချိန် ရောက်ရင် ဟိုဟာလည်း မယူရဘူး၊ ဒီဟာလည်း မယူရပါဘူးနဲ့ ကဂျီကကြောင်ကျတတ်တယ်တဲ့။ ဟိုအမျိုးသမီးကတော့ လက်နည်းနည်းဆော့တယ်။ သူလာရင် သေချာကြည့် ထားနိုင်မှ။ လူတွေ အကြောင်း သိလာတော့ ဒီလိုပဲ အလိုက်အထိုက် ဆက်ဆံတတ်လာသည်။ အမေသင်ပေးတာ မဟုတ်သလို ဘယ်သူကမှ သင်ပေးတာ မဟုတ်ပါ။ အရွယ်နှင့် အလုပ်ထံမှ အတွေ့ အကြုံက သင်ပေးသွားတာ။

“သြော် အဲဒီ ပစ္စည်းလေးက လောလောဆယ် ကုန်နေလို့ မှာထားတုန်း အဒေါ်ရေ” ဆို တာမျိုး၊ “မလုပ်ပါနဲ့ရှင်၊ ကျ ထားတဲ့အရင်းက များနေလို့ မလျှော့တော့တာပါ။ နောက်တစ်ခါဆို ကြည့်လျှော့ပေးပါ့ မယ်” ဆိုတာမျိုး။ အဲဒီလို လူတွေကိုကြည့်ပြီး အလိုက် အထိုက် ပြောဆိုဆက်ဆံတတ် လာသည့်ကျွန်မ၊ အမေ့ မျက်နှာကို တစ်ချက်ကြည့်ရုံ မျှဖြင့် အသံမဲ့ စကားလုံးတွေကိုလည်း နားလည်နေတတ်တာ မဆန်း။
“ရိုးရိုးလိုင်းပဲ အမေရယ်၊ ဘယ်အချိန်မှ တက် တက် ရပါတယ်။ လောလောဆယ် အောက်က အငယ်တွေက အပြိုင်းအရိုင်းနဲ့ တက်လာကုန်ကြပြီ။ သူတို့နဲ့ တင် အမေ မောနေတာ။ သမီးက ရပါတယ် ဖြည်း ဖြည်းပေါ့”

“သမီးအတွက် အ၀တ်အစား သစ်က အသာထားပါဦး အမေရယ်။ အိမ်မှာပဲနေတဲ့ ဥစ္စာ။ လောလောဆယ် အငယ်တွေ ဘာလိုသလဲပဲ ဦးစားပေးကြည့်လိုက်ပါ။ ပြည့်စုံအောင် ဖြည့်ဆည်းပေးတော့ သူတို့လည်း ပညာရေးမှာ ကြိုးစားရတာ စိတ်ပျော် မှာပေါ့”

“သမီးက ဟော့ဒီနား ကပ်တစ်ရန် ရှိနေပြီပဲ အမေရယ်။ ဆွဲကြိုးလေးက အထွေးကို ဆင်ပေးလိုက်ပါ။ သူက တက္ကသိုလ် တက်ရတော့မယ့်သူ မဟုတ်လား”
ထို့နောက်တွင်တော့ မှန်ကြည့်ဖြစ်တိုင်း မျက်မှောင် ကုတ်၍ သက်ပြင်း မောချနေ တတ်သော မျက်နှာတစ်ခုနှင့် ကျွန်မ အလွန်ရင်းနှီးလာ သည်။ ငယ်ငယ်လေး ကတည်းက အားပါးတရရှူ ရှိုက်ခဲ့ရသော လေထုက လည်း ယခုတော့ တစ်ခုခု ပိတ်ဆို့နေသလိုလို။ စိတ်ထဲ မှာ တစ်စုံတစ်ခုဟာ ဘ၀ထဲ မှာ တဖြည်းဖြည်း ယုတ်လျော့ ပျောက်ဆုံးလာနေတာ ကိုတော့ ခံစားမိနေသည်။ ဘာရယ် ဟုသာ မတွေးဖြစ် သေးတာ။ အင်း အချိန်ပေး၍ မတွေးရဲသေးတာဟု ဆိုလျှင် ပိုမှန်မည်လား မသိပြီ။

၅။
“အမေရေ ဒီမှာ ထမင်း အိုး ငှဲ့လက်စတန်းလန်းမို့ ဆိုင်ထဲ ၀ယ်သူ မရှိရင် ကလေးသိပ်ထားတဲ့အခန်း ထဲ ပြေးဝင်ကြည့်ပေးပါဦး။ သမီးနားထဲငိုသံကြားသလား လို့”

မသိလျှင် ကိုယ်ကပဲ ကလေးအမေလိုလို။ တကယ်တမ်းက ကျောင်းပြီး ပြီးချင်း မိန်းမကောက်ယူ လိုက်သည့် အလတ်ကောင် မောင်အလိမ္မာတုံး၏ ရင်နှစ် သည်းချာသာဖြစ်သည်။ အိမ်ခွဲနေပေမယ့် သူတို့ငှားနေ တာ ဒီအနီးအနားတွင်ပဲဆို တော့ ကျွန်မတို့မှာ မျက်နှာ မလွှဲနိုင်။ ကလေးက မူကြို ထားရမည့် အရွယ်မတိုင်သေးသလို ကလေးထိန်းလက် ၀ကွက်အပ်ပြီး အိမ်မှာ တစ်နေ ကုန် ပစ်ထားခဲ့ရအောင်က လည်း စိတ်မချ။ လခက လည်းကသီတော့ နောက်ဆုံး လက်ပိုက်ကြည့်မနေနိုင်ဖြစ် နေကျ ကျွန်မနှင့် အမေကပဲ “တို့တွေပဲ ထိန်းထားပေး ပါ့မယ်ဟယ်” ဆိုပြီး လက်ခံ လိုက်သည့်သကာလကလေး က မိဘနှစ်ပါး အလုပ်သွားတာနှင့် အိမ်ကို ရောက်လာ သောင်တင်နေတော့တာပင်။

“အငယ်ကောင်က အခု ဆေးကျောင်း ဒုတိယနှစ်။ အထွေးက ဆယ်တန်းအောင်လို့ ခုမှ တက္ကသိုလ် စတက်မှာ။ တာဝန်တွေက အများ ကြီးကျန်သေးတာပဲနော်”

ဝေဖန် လာသူတွေကို ကျွန်မ ပြုံး၍သာ နားထောင် ပေးလိုက်ပါသည်။ မတတ် နိုင်ဘူးလေ။ ဘယ်သူကမှ ကိုယ့်ခေါင်းပေါ် တကူးတက လာတင်ပေးထားတာ မဟုတ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်လွတ်ရုန်းလိုက်လျှင်လည်း ဘယ်သူ ဘာပြောနိုင် တာမှတ်လို့။ အမေ့ကိုသနား တာ၊ ကိုယ့်မျက်နှာမော့ကြည့် နေရရှာသည့် အငယ်တွေကို ဥပက္ခာမပြုရက်တာကြောင့် သာ။

“ဒီလိုပဲ တူ၊ တူမတွေ ထိန်းရင်း အပျိုကြီးပဲလုပ် တော့မှာလား”

“ဒါပေါ့၊ ငြိမ်းအေး တယ်လေ၊ မကောင်းဘူးလား”

မေးသူတွေက ဘာရယ်မဟုတ် ခပ်ပါးပါးမေးလာ တာမျိုး ဖြစ်နိုင်ပေမယ့် ဖြေသူ အဖို့တော့ ရင်ထဲကအနာ အကင်းမသေနေတာ ထိုးဆွ ခံလိုက်ရသလိုမျိုးလည်း ဖြစ်နေတတ်သည် မဟုတ်လား။ ကိုယ့်ဘ၀နှင့်မသက်ဆိုင်သော အရာဟု သိစိတ်က ကန့်သတ် ထားပေမယ့် နှလုံးသားကဖြင့် တံခါးခေါက်သံကြားလျှင် ခေါင်းထောင်ကြည့်ချင်တတ်တာက ခက်သည်။ ဒါပေ မယ့်လည်း မျှော်လင့်ချက် ပေးဖို့ရာပင် အဆင်မပြေသည့် မိန်းမတစ်ယောက်အနား ဘယ်လိုအချစ်မျိုးက နား လည်မှုရှိစွာ စောင့်ဆိုင်းနေမှာတဲ့လဲ။ တစ်ခါတစ်ခါကျ တော့လည်း (ယခုအချိန်မှာ အနီးအပါး၌ မရှိတော့ပြီ ဖြစ်သော)နွေးထွေးခဲ့ဖူးသည့် မျက်ဝန်းညိုတစ်စုံကို နင့်နင့် နဲနဲ လွမ်းဆွတ်မိသလိုလို။

သို့ပေမယ့် လက်ထဲ ပွေ့ပိုက်ထားရသည့် တာဝန် ၀တ္တရားတို့ထံ မျက်စိတစ်ဆုံး လည်ဆန့်မျှော်ငေးကြည့်မိ ပါလျှင်တော့ မလျှောက်ဖြစ် ခဲ့သော လမ်းကလေး၏ ပုံရိပ်က ပါးလျေ၀၀ါးသွားရ ပြန်ပြီ။

၆။
“တစ်ခါတလေကျ တော့လည်း ဘာမှမသိတတ် နားမလည်တတ်တဲ့ လူမျိုးတွေ ကမှ လောကကြီးမှာ အနေ ချောင်တာဟ။ တစ်ကိုယ် ကောင်းဆန်တယ် ဆိုတာ နာမည်သာဆိုးတာ လူက အတော်သက်သာတဲ့အလုပ်။ အဲဒီလို မလုပ်နိုင် မလုပ်ရက် တဲ့ တို့လိုလူစားတွေကျတော့ တာဝန်မြင်တာနဲ့ ဘယ်သူမှ ပြောစရာမလိုအောင် အလိုက် တသိ ၀င်ဝင်ထမ်း...။ ထမ်း ရင်းနဲ့ အဲဒီတာဝန်တွေက တဖြည်းဖြည်း ကိုယ့်အပေါ် ပိကျလာလိုက်တာ နောက်ဆုံး ဘယ်ကဘယ်လိုပြန်ထွက်ရမှန်း လမ်းစရှာမရဘဲ ပျောက်က ရော။ အဲဒါကြောင့် တစ်ခါ တစ်ခါလည်း ဘာမှမသိ တတ်တဲ့လူစားမျိုးပဲ ဖြစ်ချင် မိတော့တယ်”
ဘ၀တူသူငယ်ချင်း တစ်ယောက်၏ ခံစားချက် အပြည့်နှင့် ရင်ဖွင့်သံကို နား ထောင်မိတော့ ကျွန်မလည်း ဖျတ်ခနဲ တွေးမိရသည်။ ကျွန်မလည်း ယခုအချိန်မှာ “ကလေးနေရာ ကလေးနေ နော်၊ လူကြီးတွေအရာထဲ ၀င် မပါနဲ့” ဟု အရာရာ၌ အမေ စိတ်မချစွာ တားမြစ်ကန့် သတ်ခံနေရဆဲ အရွယ်လေး ဖြစ်နေသေးလျှင် ဘယ်လောက် ကောင်းလိမ့်မလဲ။ လူကြီးတွေ စကားဝိုင်းနား သီ ခွင့်မရသော၊ ထမင်းဟင်း ချက်တိုင်း ကပေါက်တိ ကပေါက်ချာ လျှောက်လုပ် တတ်သော၊ အိုးခွက်ပန်းကန် ဆေးတိုင်း မကြာခဏ လွတ်ကျကွဲစေတတ်သော၊ တံ မြက်စည်းလှည်းရာ၌ နဂိုရှိ သည့်အမှိုက်ကို ပိုမိုရှုပ်ပွ အောင် လက်စွမ်းပြတတ် သောအရွယ်မျိုး ပြန်အောက် မေ့လှပါဘိ။ သို့ရာတွင် ကိုယ်ဖြတ်သန်းခဲ့ ဖူးသော အရွယ်ပေမယ့် ထိုခံစားချက် ကို ယခုလက်ရှိ အသက် အရွယ်၏သိစိတ်ထဲ အသက် သွင်းခံစားကြည့်ချင်၍ မရ တော့တာသည်ပင် “ဒါ ဘ၀ ပါလား” ဟု ဒီကနေ့ ကျွန်မ တို့ နားလည်လက်ခံ ထားကြ ရသည့် ဘ၀အဓိပ္ပာယ်တစ်ခု မျှသာ ဖြစ်ပါလိမ့်မည်။

၇။
ယခုနောက်ပိုင်းတွင် ငယ်ဘ၀ကို ကျွန်မ မကြာခဏ အိပ်မက်မက်ပါသည်။

ငွေဇင်ယော်ဦး၊မိုးကုတ်၊

တောင်တန်းကြီးများ၏ ဟိုမှာဘက်ဆီ

ဖုန်တချို့ ပေကျံနေသော ဗင်န်ကားဖြူလေး တစ်စီးသည် ချယ်ရီပင်တွေ တန်း၍ ချယ်ရီပင်တွေ တန်း၍ ချယ်ရီပွင့်တွေ ဝေနေသော တောင်ပတ် မြေနီလမ်းလေး အတိုင်း ကွေ့ပတ် တက်လာ နေသည်။

သီးခြား လမ်းသွယ်လေး တစ်လျှောက်ရှိ အိမ်တန်းများမှ တချို့ လူများသည် ဘယ်သူများ ပြန်လာပါလိမ့် ဟူသော စူးစမ်း အကြည့်များနှင့် အဆိုပါ ခရီးသည်တင် ကားလေးဆီ မျှော်ငေးကြည့် ကြသည်။ သူစိမ်း မဟုတ်ကြောင်း သိသွားသည့် အခါ “ဟေး ပြန်လာပြီလား” ဟု ၀မ်းသာအားရ ဟစ်အော် နှုတ်ဆက်ကြသည်။ “ဘာလက်ဆောင်ပါလဲ” ဟု ရင်းနှီး ချစ်ခင်စွာ လှမ်းကျီစယ် ကြသူတွေလည်း ရှိသည်။ အိမ်နီးချင်းများကို အလိုက်သင့် ပြန်ပြုံးရယ် နှုတ်ဆက်နေသည့် ဆိုင်သူ့ ရင်မှာဖြင့် နှလုံးခုန်သံက တဒိတ်ဒိတ် မြန်ဆန် နေခဲ့ပြီ။

သမီး အတွက်တော့ ဤခံစားမှုသည် သူစိမ်း တစ်ရံဆံဖြင့် မဟုတ်ပါချေ။ သို့ပေမယ့် ဤခံစားချက်က သမီးအတွက် ဘယ်နှခါ ကြုံကြုံ အသစ်အသစ် ဖြစ်စွာ နွေးထွေးဆဲ။ ရင်ခုန် စိတ်လှုပ်ရှား မိမြဲ။ မြတ်လေးပန်း ရုံနွယ် တက်လျက် ရှိနေသော ခြံအ၀င် တံခါးပေါက် ခုံးခုံးလေးကို သဲကွဲ ပီသစွာ လှမ်းမြင်ရချိန် မှာတော့ သမီး၏ ကြည်လင် ထက်သန်သော မျက်ဝန်းအစုံမှာ မျက်ရည်ကြည်တို့ ခိုတွယ် စပြုနေလေပြီ။ သမီး လှမ်းပြောလိုက် သဖြင့် ကားဆရာ က ထိုခြံရှေ့ တည့်တည့်၌ ကားကို တုံ့ခနဲ ရပ်ပေးသည်။ တစ်နေကုန် လှန်းထားသည့် တိုဟူးခြောက် ဗန်းတွေ သိမ်းရင်း အလုပ်များ နေသော အမေသည် ကပိုကရို ကျနေသော တဘက် ခေါင်းပေါင်းကို ကပျာကယာ ပြင်ပေါင်းရင်း ခြံဝဆီသို့ အပြေးတစ်ပိုင်း လျှောက်လာ လေသည်။

ရုပ်ရှင် ဇာတ်ကားတွေထဲ မှလို အမေက “သမီး” ဟု ငိုသံပါ ကြီးဖြင့် လှမ်းမခေါ်သလို သမီးကလည်း “အမေ” ဟု ၀မ်းသာအားရ ပြေးမဖက်ပါ။ သို့ရာတွင် အပြေးတစ်ပိုင်း လျှောက်လာ ဆီးကြိုသူနှင့် ခပ်သွက်သွက် ဆင်းလာသူတို့ မျက်နှာချင်းဆိုင် ဆုံကြသော အခါ တူညီသည့် ၀မ်းသာ ကြည်နူးမှုများ ပြည့်လျှံသွား ပုံက နံဘေးမှ ကားဆရာထံပင် ကူးစက် ရောက်ရှိ သွားစေတာ အမှန်။ တစ်ယောက် မျက်နှာတစ်ယောက် ခေတ္တမျှ ငေးစိုက် ကြည့်နေမိ ကြပြီးမှ အမေသည် ၀ဲလုလု မျက်ရည် စတွေကို မျက်တောင်တွေနှင့် မသိမသာ ပုတ်ခတ် သိမ်းဆည်းလိုက်ကာ သူ့ပင်ကို ထုံးစံ အတိုင်း စကားတိုးတိုးစတင် ပြောလေသည်။

ခါတိုင်း ညနေ သုံးနာရီဝန်းကျင်လောက် ကားဝင် နေကျမို့ အမေက ဤနေ့အဖို့ သမီး ပြန် မလာတော့ဘူး ထင်နေသည်တဲ့။ သမီးကလည်း ဟိုက ထွက်လာကတည်းက ကား အခက်အခဲ ရှိ၍ နောက်ကျ သည့်ကားကို စီးခဲ့ရကြောင်း ပြန်ပြောပြသည်။ အထုပ်တွေ ချပေးပြီး သူတို့သားအမိကို နှုတ်ဆက်ကာ ကားဆရာ ထွက်ခွာသွားတော့ အမေက သမီး၏ ခရီးဆောင် အိတ်ကို ဆွဲမ၏။ သမီးက “အမေ လေးနေပါ့မယ်” ဟု ညင်ညင် သာသာဆိုရင်း အိတ်ကို ပြန် ဆွဲယူသည်။ အမေက လည်း အလျှော့ မပေးသော အပြုံးဖြင့် “သမီးက ခရီးပန်း လာတာ။ အမေ ဆွဲပါ့မယ်” တဲ့။ နောက်ဆုံးတော့ သမီး နှင့်အမေသည် အိတ်ကို တစ်ဖက်စီ ဆွဲကာ ပြုံးရယ်လျက် အိမ်လေးထဲသို့ အတူတကွ ၀င်ရောက် သွားကြလေသည်။ အမေ့ အိမ်ပြန်ရောက် လာရ၍ ပျော်ရွှင်နေသော သမီး၏ အသံလေးက အမေ့ နားတွင်းမှာ ဆည်းလည်းသံမျှ ချိုလွန်းနေသည်။

သမီး ခြေလက် ဆေးနေခိုက်မှာ အမေက လုပ်လက်စတိုဟူး ခြောက်တွေကို ခပ်သွက်သွက် သိမ်းလျက် လက်စဖြတ်သည်။ ခေါက်သိမ်း ထားခဲ့တာ နှစ်ပေါက်ပြီ ဖြစ်၍ ပရုတ်လုံးနံ့ပင် သင်းနေပြီဖြစ်သော အနွေးထည် ထူထဲထဲကို ၀တ်ဆင်ကာ မီးဖိုခန်းထဲ သမီး ၀င်လာချိန်မှာ အမေက ထမင်းပွဲ ပြင်နေခဲ့ပြီ။ “အမေကော စားပြီးပြီလား” ဟုမေးတော့ အမေ ကပြုံးလျက် “သမီးလာချင် လာမှာ ဆိုပြီး မစားသေးဘဲ စောင့်နေတာ” ဟု ဖြေလေသည်။ တိုတောင်း ရိုးစင်းလှသော အမေ့ အဖြေက သမီး၏ နှလုံးအိမ် ကိုဖြင့် ထိခတ် လှုပ်ရှား သွားစေတာ အမှန်။ ဖွင့်မပြော သော်ငြား သမီးအကြိုက် တမင် ချက်ထားပေးမှန်း သိသာ နေသည့် ဟင်းခွက်များကို ကြည့်ပြီး သမီးရင်ထဲ ကြည်နူး ချမ်းမြေ့ ရပါ၏။ ၀က်ရိုးနှင့် ရောချက်ထား၍ နူးအိကာ အရသာ ရှိလှသော မုန်ညင်းစောကို တူနှင့် ညှပ်လျက် သမီးက အမေ့ ပန်းကန်ထဲ ဦးချပေးသည်။ အမေက မုန်ညင်းစော ပန်းကန်ထဲမှ အသားဖတ်လေးကို ဆယ်ယူပြီး သမီးပန်း ကန်ထဲပြန်ခပ် ထည့်ပေးသည်။

အိမ်အပြင်ဘက် ဆီမှာတော့ လိမ္မော်ရောင် နေလုံးကြီးသည် မှိုင်းညို့ညို့ အနောက်ဘက် တောင်တန်းကြီးများ၏ နောက်ကျောဘက်သို့ တအိအိ တိုးဝင် ပုန်းကွယ်လျက်ရှိနေ ခဲ့ပြီ။

ညရောက်တော့ မီးဖိုလေးကို အလယ်၌ ချ၍ အမေ နှင့်သမီး စကားလက်ဆုံ ပြောမကုန်။
အမေ တစ်နိုင်တစ်ပိုင် ပြုလုပ်ထားသော ခေါပုတ်ကို မီးကင်စားကြသည်။ သမီးက ခေါပုတ်ဆိုလျှင် ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ထားသည့် ခေါပုတ် အဖြူကော၊ ငချိပ်နှင့် ပြုလုပ်ထားသည့် ခေါပုတ်ကိုပါ မက်မက်စက်စက် ကြိုက်သည်။ လူတစ်ကိုယ် အကြိုက် တစ်မျိုး ဆိုသည့် အတိုင်း အချို့က ထိုခေါပုတ်ကင်ကို သကြားနှင့် တွဲဖက် စားကြသည်။ တချို့ကျတော့ ဆားနှင့် နှမ်းထောင်ဖြူး စားသည်။ တချို့ကျတော့ ထန်းလျက် အမှုန့်ကို ခေါပုတ် အပြားတွင် ထည့်လိပ်ပြီး စားသည်။

သမီး ကြိုက်သည် ကတော့ ဆီတိုဟူး ဖြစ်သည်။ ခိုက်ခိုက်တုန်အောင် ချမ်းအေး လှပါသည့် ဆောင်းနံနက်ခင်း၊ သို့မဟုတ် ဆောင်းညချမ်း အခါနှင့် မီးဖို နံဘေးထိုင်ကာ ခေါပုတ်ကင် ပူပူလေးကို ဆီတိုဟူးနှင့် တွဲဖက်စားရသည့် အရသာ လောက် လိုက်ဖက် ဟန်ကျတာ သမီး မကြုံဖူး သေးချေ။ ကင်ပြီးပြီးချင်း ခေါပုတ် ပူလောင်လောင်ကို ဖက်နှင့် အုပ်ကိုင်ကာ တဖူးဖူးမှုတ် စားရသည်က ၀မ်းထဲနွေးလှ သည်။ မြို့ပြ ရင်ခွင်ရောက် ခိုက်သမီး မကြာခဏ လွမ်း ဆွတ် အောက်မေ့ မိနေကျ အမေ့ မီးဖိုချောင်ထဲမှ စားစရာ တစ်မျိုးပေါ့။ ခေါပုတ်ကင်မှ အစပြု၍ မြို့ပြရောက် အမေ့ သမီး၏ အစားအသောက် ကသီလင်တ ဖြစ်ပုံတွေ ကြား ရသောအခါ အမေသည် များစွာ စိတ်မသက်သာ လှသော မျက်နှာဖြင့် နားထောင် ရှာလေသည်။

တာဝန်ယူ ကျွေးမွေး နေရသည့် ၀န်ထမ်းအင်အား အရ သမီးတို့ အလုပ်ရှင် သူဌေး၏ ချင့်ချိန်စိစစ်မှု၊ ၀တ္တရား ကျေရုံ စားဖိုမှူးများ၏ အချက်အပြုတ်လက်ရာ၊ အလုပ်သဘောအရမှ အပ စေတနာချို့တဲ့လှသော အဖြစ် ဟင်း၊ အဖြစ်ထမင်းများကို စားကြရသည့် အဝေးရောက် သမီးတို့ တစ်တွေသည် အမေ့အိမ်နှင့် အမေ့လက်ရာကို မျှဝေ ရင်ဖွင့်ရင်း ကိုယ်စီ လွမ်းကြရသည် ဆိုပါသည်။

အမေ့အိမ်ဆိုတာ ဘယ်လို အရာမျိုးနှင့်မှ နှိုင်းယှဉ်၍ မရလောက်အောင် နွေးထွေး လုံခြုံသည့်တန်ဖိုးကြီး ရိပ်မြုံ တစ်ခုဟု သမီးကလှိုက်လှိုက် လှဲလှဲပင်ဆိုသည်။ အမေ့ထံ သတိတရ ဖုန်းလှမ်းဆက်စဉ်က “အမေ ဖြင့် ဒီနေ့ မုန်ညင်းစော ချက်ပြီး ငါ့သမီးကို သတိရနေ သေးတယ်” ဟူသည့် စကားကြား ရတော့ သမီးမှာ မျက်ရည်ပင် လည်မိခဲ့ရပါတယ်တဲ့။ “အဲ့ဒီ စကားပြောတုန်းက အမေလည်း မျက်ရည် လည်နေခဲ့ရတာပဲ သမီးရယ်” ဟူသော စကား ကိုတော့ ခုနေခါမှာ အမေက မပြောဖြစ် လိုက်ပါ။ ရှားရှား ပါးပါး ရောက်လာသော သမီး နှင့် ပျော်ရွှင် ကြည်နူးစရာ စကားတွေ ကိုပဲ အမေ ပြောချင်သည်။ စိတ်ချမ်းသာ စရာ ရယ်မောသံ များသာ အမေ ကြားလိုသည်။ သမီး မရှိခိုက် ဒီအိမ်လေးမှာ ယောင်ချာချာနှင့် အထီးကျန် အဖော်မဲ့ရချိန် တွေ အကြောင်း အမေ ကိုယ်၌က အသိဆုံး မဟုတ်လား။

နေပူသည့်အခါ၊ မိုးရွာသည့် အခါ၊ နှင်းတွေ တဖွဲဖွဲကျသည့် အခါ အမေ့ရင်ခွင်၌ တစ်လျှောက် လုံးရှိလာခဲ့သော သမီးနှင့် မိုင်ပေါင်းများစွာ ဝေးကွာ နေရသည့် အဖြစ်သည် အမေ့ကို ၀မ်းနည်း ချောက်ချားစေ ပါသည်။ လောကဓံ ဆိုသည့် တရားကြီးကို ရင်ချင်းအပ် သို့မဟုတ် ကျောချင်းကပ်၍ ရင်ဆိုင်ဖော် ဆိုလို့ တစ်လောကလုံးမှာ သမီးနှင့် အမေ နှစ်ယောက်တည်း ရှိသည် မဟုတ်လား။

သို့ပေမယ့် အတောင် အလက်စုံ၍ ပျံသန်းချိန် ရောက်လာသည့် သမီး၏ ဆန္ဒကို အမေသည် ဆံချည်တစ်မျှင် စာမျှပင် မတားဆီးရက် ခဲ့ပါချေ။ အမေကိုယ်၌က ပညာတတ်ကြီး တစ်ယောက် မဟုတ်ခဲ့ပေမယ့် သမီးကိုတော့ဖြင့် ပညာတတ် တစ်ယောက် ဖြစ်လာအောင် အမေ့ ရှိသမျှ အားမာန်အပြည့်နှင့် ပြုစု ပျိုးထောင်ပေးခဲ့သည်။ သားသမီးများစွာ၏ အလယ်၌ ဖတဆိုး သမီးလေးရယ်လို့ အမေ့သမီး ဘယ်အခါကမှ မျက်နှာ မငယ်ခဲ့ရပါ။ သမီးပင် မမှတ်မိလိုက်သည့် သွားလေသူ သမီး အဖေ၏ ကိုယ်စားကော၊ အမေ့ မေတ္တာပါ ပေါင်းစပ်ကာ သားသမီး တစ်ယောက် အနေနှင့် သမီး ပိုင်ဆိုင်ခွင့် ရခဲ့သည့် မေတ္တာသည်အခြား သားသမီးတွေထက် မသာလျှင်တောင် တစ်ရွေးသားမျှ မလျော့ကြောင်းကိုဖြင့် အမေ တပ်အပ် သေချာပြောနိုင် ပါသည်။

မြင့်မြင့် ပျံစေချင်သူ အမေ့ရင်ခွင်ဆီမှ အချိန်တန်၍ သမီးပျံသန်းသွားသည်ကို ၀မ်းနည်းဝမ်းသာစွာ အမေ ငေးမောကျန်ရစ်ခဲ့သည်။ “သမီးသွားလို့ ဖြစ်ပါ့မလား” ဟု သမီး နောက်ဆံတင်းနေ သည်ကို အမေက စိတ်ပူစရာ မလိုကြောင်း နှစ်သိမ့်တိုက် တွန်းခဲ့သေးသည်။ သမီးနှင့် မခွဲလိုသော်လည်း သမီးဟာ အမေ့လို ခြံအလုပ်နှင့် တကုပ်ကုပ် အချိန်ကုန် ခံရမည့် ပညာမဲ့ တစ်ယောက် မဟုတ် ပေဘူး။ အမေတို့ အိမ်ကလေး မှ အနောက်ဘက်တောင်ယံ တစ်ကြောဆီ လှမ်းမျှော်ကြည့် လိုက်သည့် အခါ နေခြည်အောက်၌ ရွှေရည်ရောင် တောက်ပနေသော တောင်နေကြာဝါ၀ါ တို့ကို သမီးတွေ့ဖူးသည် မဟုတ်လား။ သမီး၏အနာ ဂတ်ပန်း ပွင့်လန်းဖို့ရာမှာ နေရောင်ခြည် လုံလုံလောက် လောက်ရနိုင်မည့် နေရာဆီသို့ သွားရပေမည်။

ထိုမှ သမီးနှင့်ရှေ့နောက် မရှေးမနှောင်းပင် သမီးနှင့် ရွယ်တူ အဖော်တွေပါ တစ်နေရာစီ ရောက်ရှိကုန်သော အခါ သမီးသည် အဝေးတစ်နေရာ ၌ အမေ့အတွက် စိတ်ချဖွယ်၊ မိမိကိုယ်ကို သင့်တင့်သော ယုံကြည်မှုဖြင့် မတ်မတ်ရပ် နိုင်ခဲ့ပြီ ဖြစ်သော မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့ပြီ။ ဟိုဆီမှာ ရာသီဥတုက ဖြင့် အတော်ပူသတဲ့။ လေအေးစက်၏ အရသာသည် သမီးတို့ တစ်သက် ခိုလှုံ လာခဲ့သော မြို့ကလေး၏ သဘာဝ အအေးဓာတ်နှင့် အရသာချင်း ကွာလှသတဲ့။ ပြီးလျှင် လုပ်ငန်းခွင်၌ တစ်ဦးနှင့် တစ်ဦး “နေရာ”မပေးချင်သော ရောင်စုံ စိတ်ဓာတ်များ၊ အံ့ဖွယ် လောကဓံ၏ အဖြစ်သနစ်တွေ အကြောင်း အမေ့ကိုတိုင်တည် ဖွင့်ဟချင်၊ အမေပူပန်စိတ် ညစ်မှာလည်း စိုးရှာသူသမီးက နောက်ဆုံး စာကြောင်းအဖြစ် “ဒါပေမယ့် စိတ်မပူပါနဲ့ အမေရယ်။ သမီးက အားလုံး နှင့်အဆင်ပြေအောင် နေတတ်ပါတယ်” ဟု အဆုံးသတ် တတ်သည်။

အမေကတော့ “မေတ္တာ” နှင့် ဆက်ဆံလျှင် ဘ၀၌ တိမ်းစောင်းဖွယ်မရှိ ကြောင်း သမီးကို တဖွဖွ အားပေးခဲ့သည်။ ထိုမှ တစ်နှစ် ပြည့်၍ သမီးပြန်လာချိန်မှာ ခွင့်ရက်စေ့လျှင် အလုပ်ခွင်ပြန် ၀င်ဖို့ရာ အသင့်ဖြစ်နေသော ရင့်ကျက်သူ တစ်ယောက် အဖြစ် အမေ မြင်ခွင့် ရခဲ့ပါသည်။ အလုပ်ခွင်၌ နေရာရသော “ကြီးကြပ်သူ” ပီပီ အရွယ်နှင့်မမျှ ရင့်ကျက် တည်ငြိမ်ပါသည် ဆိုသော သမီးသည် အမေ့ ရင်ခွင်ဆီ ပြန်ရောက် လာလျှင်ဖြင့် ပီဘိ ကလေးငယ်သဖွယ်ပင်။ အမေချက်ကျွေးတာ စားသည်။ အမေ ဆင်ပေးတာဝတ်သည်။ အမေ့အပြုအစု အယုယကို ခံယူသည်။ ထိုကာလ၌ “ဘယ်တော့ ပြန်သွားမလဲ” ဟု မေးသူရှိလာလျှင် သမီး က မကြိုက်တော့ချေ။

“တစ်နှစ်မှ တစ်ခေါက်လေး ပြန်လာရတာ။ ဒီအချိန် လေးမှာ အမေ့ရင်ခွင်ထဲ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ အပူပင်ကင်း ကင်း နေချင်ပါတယ် ဆိုမှနော်။ လူတွေက သိပ်ခက်တာပဲ အမေရယ်”

မေ့ထားသည် ဆိုသော်လည်း သမီး ပြောလေရာ စကားတိုင်း၌ ခေတ္တခဏ ချန်ထားရစ်ခဲ့ရသည့် အလုပ် တာဝန်များ၏ အငွေ့အသက်က ပါလာတတ်စမြဲ။ တစ်နှစ်တာလုံး ရင်တွင်းသိုလှောင် သိမ်းစုထားရသမျှ ပျော်စရာ၊ စိတ်ညစ်စရာ၊ အဆင်ပြေမှု၊ အဆင်မပြေမှုတွေ...။ သမီး မျက်နှာကို မျက်တောင်မခတ် ကြည့်ကာ နားထောင်နေသူ အမေကတော့ သမီးရယ်လျှင် သူလည်း လိုက်ရယ်၊ သမီး မျက်နှာညိုလျှင် သူလည်း မျက်နှာနွမ်းရင်း ခံစားချက် တွေက ထပ်တူထပ်မျှ။ သမီး က “နှယ်နှယ်ရရ မှတ်လို့ နော်။ သမီးက အမေ့ သမီးပဲ ဥစ္စာ” ဟု ပိုပိုသာသာ အမူအရာဖြင့် အရွှန်းဖောက်လျှင် တော့ အမေက မျက်စိပေါက်များ ပိတ်အောင် ပြုံးရယ် သဘော ကျနေတတ်လေသည်။ အမေ့မှာတော့ သမီးသိလို သည့်အကြောင်းအရာတွေကို ဖြေပေးရန်မှ အပ ပြောစရာ အထွေအထူး မရှိလှပါချေ။ သမီးသိသည့် ဘယ်သူ ဘယ်ဝါကဖြင့် ဆုံးပါးသွားခဲ့ပြီ။ ဘယ်သူကဖြင့် အိမ်ထောင် ရက်သားကျသွားပြီလေ။ သူတို့ကတော့ ပြီးခဲ့သည့်နှစ် ကပဲ ရှိသည့် အိမ်ဝိုင်းလေးကို လာရောင်းပြီး အပြီးအပိုင် ပြောင်းရွှေ့သွားခဲ့ကြပြီ။ စကားတွေ အလျဉ်မပြတ်ဆို နေရာမှ သမီးနှာတစ်ချက် နှစ်ချက် ချီပြီဆိုလျှင်တော့ အမေ့မှာ စိုးရိမ်ပူပန် စိတ်နှင့် အိပ်ရာဝင်ရန် စကားဖြတ်ရပြီ လေ။ အပူကို မကြိုက်ပေမယ့် အပူတော၌ နေသားကျနေပြီ ဖြစ်သောသမီးသည် မြို့ကလေး၏ အအေးဓာတ်ကို ခံနိုင်ရည် မရှိတော့ချေ။

ပြီးတော့ အချိန် လု၍ ပြန်လာရခိုက် ရက်တိုတို လေးအတွင်းမှာ သမီးဖျားနာ၍ မဖြစ်သေး။ သမီးလုပ်ချင် သည့်ဆန္ဒတွေက သမီးရထား သည့် ခွင့်ရက်လေးများနှင့် မလောက်ငလောက်အောင် ပြည့်ကျပ်၍ နေသည်။ တစ်ရက်လောက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ ကွယ်လွန်သူ အဖေ့အတွက် ရည်စူးပြီး ဘုန်းကြီး ငါးပါးလောက် ပင့်၍ ဆွမ်းကပ်ချင်သေးသည်။ သမီးတို့ သားအမိသွားနေကျ စိုက်ပျိုးရေးခြံတွေဘက်လည်း အမေနှင့် ပျော်ပွဲစား သွားချင် သေးသတဲ့။ အားလပ်သည့် အခါ ဟိုမှာ သမီး သင်လာသည့် စားသောက်ဖွယ်ရာ အချို့ကိုလည်း အမေ့ကို ပြန်လုပ်ကျွေး သွားဦးမည်တဲ့။ အမေ့ကို “ဟော့ပေါ့” တစ်အိုး လောက် ချက်ခိုင်းကာ သမီး သူငယ်ချင်းတွေကို တစ်ရက်လောက် ခေါ်ကျွေးချင်သေးသ တဲ့။ ဘယ်သူဘယ်ဝါတွေကဖြင့် မြို့ကလေးမှာရှိနေသည်။
ဘယ်သူကဖြင့် မရှိ။ ဒီလို လက်ချိုး ရေတွက်ကြည့်ပြန် တော့ သမီးမျက်နှာ ညှိုးနေ သည်။ “အမေတို့ သူငယ်ချင်း တွေများဖြင့် ခုထိချစ်ချစ်ခင် ခင် စည်းစည်းလုံးလုံး နေနိုင် ကြတုန်းနော်” ဟု အားကျသံ ဖြင့်ဆိုသည်။ အမေက ပြုံး လျက် နှစ်သိမ့်ရပါသည်။

ခေတ်တွေကလည်း ကွာဟခဲ့ ပြီကိုးလေ။ အမေတို့တုန်းက သမီးတို့ အရွယ်ရောက်လာလျှင် မိဘ မျက်စိအောက်တင် လုပ်ကိုင် စားသောက်စရာ ဒေသလုပ်ငန်းက မြို့ကလေးမှာ အဆင်သင့်။ ဒီတုန်းကများ အမေတို့မြို့မှာ သမီးတို့လို တစ်နယ်ရပ်ခြား စီးပွားထွက် ရှာသူရှားပါး လှ၍ တခြား တစ်ကမ္ဘာမှ ဂြိုဟ်သားပမာ အကြည့်ခံရသတဲ့။ တစ်မြို့ တစ်ရွာသားတွေပင်လျှင် အမေတို့မြို့ကလေးဆီ ရေကြည်ရာ မြက်နုရာ အဖြစ် တခုတ်တရ လာရောက် လုပ်ကိုင်စားသောက် ကြရပါသတဲ့။ ခုတော့ဖြင့် ခေတ်ကာလ အရွေ့အပြောင်းမှာ အခြေ အနေတွေကလည်း ပြောင်းလဲ ခဲ့ကြပြီ။ သားသမီးများနှင့် အမေများကြား တောင်တန်း ကြီးတွေလည်းခြား။ “ဒါပေမယ့် အအေးဓာတ်ကတော့ အရင်အတိုင်းပဲ နေမှာပါ အမေရယ်” ဟုသမီးက အမေ့ကို ပြန်လည် နှစ်သိမ့်လေသည်။

ခေါင်မိုးပေါ်မှာဖြင့် နှင်းစက်တွေတဖြောက်ဖြောက် ကျနေသံကြားရသည်။
ရှိသမျှ ဂွမ်းစောင်ထူ တွေ အထပ်ထပ်ခြုံထားတာ တောင် နွေးသည်မထင်ရသော အိပ်ရာလေးထဲမှာ သမီးနှင့် အမေကတော့ မေတ္တာဓာတ် ဖြင့် နွေးထွေးလျက် ရှိနေခဲ့ကြ ပြီ။ နောက်ကျောမှ နေ၍ သမီး ၏ခါးကိုသိုင်းဖက်ထားသော အမေ့ လက်များ၏ ကြမ်းရှပိန် လှီသော အထိအတွေ့ကို သမီး က သနားကြင်နာ စိတ်ဖြင့် ထွေးဆုပ် ခံစား မိနေခဲ့ ပါသည်။ သြော် တစ်ချိန်တုန်း ကတော့ အဖိုးတန် ကျောက်ကလေး တွေကို ဖွဖွညင်သာ ကိုင်တွယ်ခဲ့ သည့်လက်။ ခုတော့ သီးပင် စိုက်၊ အားနှင့်မာန်နှင့် တိုဟူး ကျိုသည့်လက်။ မှတ်မိပါ သေးသည်။ အမေ မကြာခဏ ပြောနေကျ စကား။ လေနာ ရောဂါ ပါလာသော သမီးသည် မွေးစမှ ငါးလအရွယ် အထိ နေ့နေ့ညည အအိပ်အနေ နည်းပါးကာ အမြဲငိုနေပါ သတဲ့။

အကြမ်းပါသည် ထင်၍ ဆရာတွေကို သွား မေးရ၊ လိပ်ပြာခေါ်ပေးရ၊ အင်္ဂလိပ်ဆေး၊ ဗမာဆေး စသဖြင့် လက်လှမ်းမီရာနည်း ပေါင်းစုံနှင့် အမေသည် သမီး အငိုရပ်အောင် ကြိုးစားသော် လည်း သမီးကတော့ ကူညီ ထိန်းကျောင်း ပေးလိုသူတွေ မှန်သမျှ လက်လန်ကုန်အောင် အငိုသန်နေဆဲဖြစ်ခဲ့သည်။ ဘာလုပ်ရမှန်းမသိတော့သော အမေသည် သမီးနှင့်အပြိုင် ရောငိုရင်း ကြံရာမရစွာ ဘုရားစင်ရှေ့ ပုဆစ်တုပ်ထိုင်ရင်း “ဖြစ်နိုင်ရင် သမီးလေး၏ ဝေဒနာကို တပည့်တော်မသာ ရွှေ့ပြောင်း ခံယူပေး ပါရစေ ဘုရား” ဟုပင် ဆုတောင်းမိ တော့သည်တဲ့။ ပြုစုပေးရ သည့်အပေါ် ပြစ်တင်ငြူစူ ခြင်း မရှိသည့်အပြင် သမီး၏ ဝေဒနာကိုပါ လွှဲယူခံစားပေး လိုက်ချင်သည့် အမေ့ မေတ္တာက သိတတ်လာချိန် သမီးအတွက် ကြက်သီးမြမြ ထရလောက်အောင် ကြည်နူးဖွယ်ရာ။
သို့ပေမယ့် ခုနေခါမှာ အရွယ်ရောက်လာသည့် သမီးက အရွယ်ကျလာပြီ ဖြစ်သည့် အမေ့အပါး၌ ရှိမနေနိုင်ခဲ့။ ရှိ မနေနိုင်သေး ဘူးလေ။ အမေ မသိသော သမီး၏ တိတ်တခိုး မျက်ရည်ပူ တစ်စက်သည် ခေါင်းအုံးပေါ် ညင်သာစွာ လိမ့်ဆင်း ကျသွားခဲ့ ပါသည်။

ရှည်ကြာ ပြည့်စုံလှသော အမေ့ဆုပေး စကား ဆုံးသွားသည့်တိုင် ကြမ်းပေါ်ပု ဆစ်တုပ်ထိုင်လျက် လက်အုပ် ချီထားသော သမီး၏ ဦးခေါင်း ကဖြင့် မော့လာခြင်း မရှိသေးပါ။ ပင့်သက်ကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက် နေကြသော မိန်းမသား နှစ်ဦး၏ ပစ္စက္ခ အခြေအနေကို အိမ်ရှေ့ဆီမှ ကားဟွန်းသံက ထိုး ဖောက်ဖြိုခွင်းပစ်လိုက်ပါသည်။ သမီးသည် အိမ်ကလေးကို ခဏကြာမျှ မျက်လုံးဝေ့ ကြည့်လိုက်ပြီး အ၀တ်အိတ် ဆွဲကာ အိမ်ထဲမှ ခပ်ဖြည်း ဖြည်း ထွက်လာသည်။ သမီး နှင့် ဘ၀တူအဖော်များ အတူ တကွ စားသောက်ရန် တကူး တက ကြော်လှော် ထည့်ပေးလိုက်သော အစားအသောက် ခြင်းကို ဆွဲလျက် အမေက နောက်မှ လိုက်ပါလာသည်။ တစ်ညလုံး တဖြောက်ဖြောက် ကျသံ ကြားနေခဲ့ရသော ခေါင် မိုးပေါ်မှ နှင်းတချို့ အငွေ့ပြန် လျက်ရှိနေသည်။

အပြင်မှာတော့ သမီးကို နှုတ်ဆက်ရန်နှင့် သမီးလို အဝေးရောက် သားသမီးတွေထံ ပစ္စည်း လူကြုံထည့်ရန်၊ အမှာစကား ပါးရန် အမေ တချို့သည် ကားနံဘေး၌ ရပ်စောင့်နေကြ လေသည်။ “ပြောလိုက်ပါဦး။ အိမ်ကိုလည်း ဖုန်းဆက်ပါ ဦး။ ပြန်လာပါဦးလို့” ဟု မှာသူက မှာနေကြချိန်မှာ လူကြုံပါးရန် လက်လှမ်းမမီ သည့် ဝေးသီခေါင်ဖျားဆီ ရောက်နေကြ သူတို့၏ အမေ များကဖြင့် ငေး၍သာကြည့် နေနိုင်ရှာကြသည်။ ကားပေါ် တက်ခါနီးမှာ သမီးက အမေ့ လက်ကို ဆုပ်ကိုင်လိုက်သော အခါ အမေကလည်း တင်းတင်းကျပ်ကျပ် ပြန်လည်ဆုပ်ကိုင် ဖျစ်ညှစ် မိလေသည်။ သမီးက အမေ့ကို အားပေး လိုက်တာလား။ အမေက သမီးကို အားပေး လိုက်တာလား။

ထိုခဏမှာဖြင့် နှစ်ယောက်သား အကြား အထွေ ထွေအပြားပြား။ အဖြူဘက် လုနေပြီ ဖြစ်သော အမေ့ နားသယ်စပ်မှ ဆံစတွေဆီ ငေးရီ ကြည့်မိခိုက်မှာ သမီးရင်ထဲ လှိုက်ခနဲ။ ဒါဟာ အခိုက် အတန့်ပါ အမေ။ ဘ၀ ဘ၀ တွေထဲက လွန်ဆန် မရနိုင်စွာ ဖြတ်သန်း ကျော်လွှား ကြရတဲ့ အခိုက်အတန့်လေး တစ်ခုပါ။ တစ်နေ့ ကျရင်တော့ အမေ့အိမ် လေးဆီ ပြန်လာပြီး သမီးနဲ့ အမေ အတူတူ ပြန်နေကြမယ်။ အဲဒီ တစ်နေ့ဟာ မနက်ဖြန်လား။ သန်ဘက်ခါလား။ သူ့ထက် ပိုဝေးတဲ့ ဖိန်းနွှဲခါမှ လေလား၊ သမီးမသိပါ။

လှမ်းမျှော်ကြည့်မိရာ အဝေး တစ်နေရာ ဆီမှာတော့ နေရောင် မကျရောက် သေးသော အေးစက်စက် နှင်းထု ကြားမှ တောင်တန်းကြီးများ သည် သမီးတို့ တွေကို ခပ်စိမ်းစိမ်းပင် ငုံ့မိုးကြည့် နေခဲ့ပါသည်။

ငွေဇင်ယော်ဦး၊မိုးကုတ်၊

မရဲ့ အကြောင်း

State ကျောင်းသူ ဘ၀က မ ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း သဲသဲမဲမဲ လိုက်စကား ပြောတတ်သော၊
စာသင်ချိန် အားလျှင် မ အခန်းရှေ့ ကော်ရစ်တာမှာ စွဲစွဲမြဲမြဲ လာရပ်ကြည့်လေ့ ရှိသော ကောင်လေးသည် မ၏ ပထမ ဆုံးသော ရင်ခုန်သံကို မွေးဖွား ပေးခဲ့သူ ဖြစ်သည်။ ထိုစဉ်က ပထမဆုံး အတွေ့ အကြုံမို့ စိတ်လှုပ်ရှားကာ သူ့ထံမှ ရေမွှေးနံ့ သင်းသင်း ရလျှင်ပင် ခေါင်းငုံ့ ဒူးတုန် နေမိပြီ ဖြစ်သော မ အတွက်တော့ ထိုခံစားချက် အတွေ့အကြုံသည် ချစ်ခြင်း၏ တမန်တော် ရင်ခုန်သံဟု ယိုးမှား လောက်ဖွယ်ပင်။ ဆယ်တန်း ကျောင်းသူအရွယ် မိန်းကလေး တစ်ယောက် အနေနှင့် ရင်ခုန်သံကို ခံစားကောင်း ခံစားဖူး နိုင်ပေသော်လည်း မ အတွေ့အကြုံအရ ဆိုလျှင် ထိုရင်ခုန် သံသည် ကာယကံရှင် မိန်းကလေး၏ အတွေးအခေါ် ရင့်ကျက်မှု အပေါ် မူတည်ပြီးလည်း ခံစားချက် အမျိုးမျိုး ပြောင်းလဲသွား နိုင်ပါသည်။ မ သည် သက်တူ ရွယ်တူတွေထက် ပိုမိုအတွေး ခေါင်တတ်သူ မို့ပဲလားတော့ မသိချေ။

“သူတို့ အမျိုးက လူပျင်းမျိုးတဲ့။ အဘိုး၊ အဖေ၊ ဦးလေး၊ အစ်ကိုက အစ မိန်းမလုပ်စာ ထိုင်စားကြတဲ့ အမျိုး” ဟူသည့် သူငယ်ချင်းမ တစ်ယောက်၏ အမှုမဲ့ အမှတ်မဲ့ ဝေဖန်စကား တစ်ခွန်းက မ ရင်ထဲအထိ စူးနစ်ဝင် သွားခဲ့သည်။

ယခုချိန်၌ ပြန်တွေးလျှင် မ အတွေးက မိုးပြိုမှာ ကြောက်သည့် ယုန်သူငယ် သဖွယ် ရယ်ပွဲ ဖွဲ့စရာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူနှင့်မ ချစ်သူတွေ ဖြစ်ပြီးလျှင် ဖူးစာဆိုသည် အတပ်ပြော၍ ရမည်လေလား။ အချစ်ဦး ဆိုသည် အရူးအမူး ဖြစ်တတ်သည် ဆိုသည့်အတိုင်း မတို့ နှစ်ယောက်က မခွဲနိုင် မခွာရက်စွာ အိမ်ထောင်ကျ သွားကြပါလျှင်...။ မ က ယခုချိန်၌ မည်သို့ပင် ပြန်တွေးပြန်တွေး သူ့ကို ဥပေက်္ခာပြု ခဲ့ခြင်းအပေါ် ကျေကျေ နပ်နပ်ကြီး ဖြေသိမ့် နိုင်ဆဲပင် ဖြစ်သည်။ သူ့အတွက် ခံစားရ သကဲ့သို့ ဖြစ်မိသော်လည်း သိပ်သက်တမ်း မရှည်လိုက်ပါ။ မ တက်္ကသိုလ် ရောက်သည့် အချိန်မှာ ထိုအဖြစ် အပျက်ကို ပြန်တွေးမိတော့ ပြုံးမိသည်။ “သြော်...ငါ စိတ် ကစားခဲ့တာ ပါလား” ဆိုပြီးတော့လေ။ ထို့ အတွက် လူမသိ သူမသိစွာ တိတ်တခိုး ကျခဲ့မိသော မျက်ရည်တစ်စက် နှစ်စက်ကိုပင် နှမြောမိ သလိုလို။ ရှက်ရယ်ရယ်ချင် သလိုလိုနှင့်။

သိုနှင့် တက္ကသိုလ် ဒုတိယနှစ် ရောက်လျှင် မ ထက် နှစ်နှစ်နီးပါး ကြီးပြီး ဖိုင်နယ်ကျောင်းသား ဖြစ်သော ကိုခေါင်နှင့် တွေ့ကြုံ ရပြန်သည်။ အခန်းဖော် သူငယ်ချင်း၏ မိတ်ဆက် ပေးမှုနှင့် ကိုခေါင်သည် မ နံဘေး ရောက်လာ ခဲ့သည်။ သူအတန်း အားလပ်လျှင် မနံဘေး အမြဲရှိ နေတတ်သော၊ ဘာကိစ္စ မဆို မ ဦးဆောင်ဦး ရွက် ပြုနိုင်သော၊ မ ကို အလိုလိုက် အလျှော့ပေးကာ နွေးထွေးကြင်နာ တတ်သောသူသည် မိဝေးဖဝေး၌ အပေါင်းအသင်း နည်းပါးစွာ အထီးကျန် အားငယ်နေသည့် မအတွက် လိုအပ်နေသော ကွက်လပ်ကလေး ဖြည့်ဆည်းပေးခဲ့ သူပင်ဖြစ်သည်။

“အပူ အစပ်တွေ သိပ်မစားနဲ့၊ ရာသီဥတု ပူရတဲ့ ကြားထဲ အဖု အပိမ့်တွေ ထွက်လာလိမ့်မယ်”မှ အစ-

“မ လိုအပ်တာ ရှိရင် ကိုယ့်ကိုပြော၊ စိတ်ညစ်ရင်လည်း ပြောနော်၊ မ အတွက် ကိုယ်အမြဲတမ်း ရှိတယ်ဆိုတာ ခေါင်းထဲထည့်ထား”

အလယ်-

“ကိုယ်ကလွဲပြီး မတို့ အခန်းရှေ့ ဂစ်တာတီးတဲ့ ကောင်တွေကို အားမပေးရ ဘူးနော်” အဆုံး သူ... မ ဘ၀ထဲ တိုးဝင် ရောက်ရှိလာ ပုံက သေသပ် မြန်ဆန်လွန်း လှသည်။ ၀န်ခံရလျှင် မောင်နှမ ရင်းချာ မရှိသော တစ်ဦးတည်းသော သမီးပီပီ မက အဖော်ငတ်သည်။ အထူးသဖြင့် ချွဲနွဲ့ဂျီကျလို့ ရမည့် အစ်ကို၊ အစ်မတွေကို အရူးအမူး တောင့်တနေခဲ့ သော မ နံဘေးကို အဖော် အပေါင်းလို တစ်မျိုး၊ အားကိုး မှီတွယ်ရာလို တစ်သွယ် အနေအထား မျိုးနှင့် သူရောက်ရှိ လာခဲ့သဖြင့် မတို့ နှစ်ယောက်၏ ရင်းနှီးမှုက အချိန်တိုလေး အတွင်းမှာ ခိုင်မြဲမြန်ဆန် လှပါသည်။ သူ့အပေါ် သံယောဇဉ်လည်း ရှိသည်။ သို့သော်... “ချစ်တယ်”ဟု လက်ခံခေါင်း ညိတ်ဖို့ရာ ကျတော့ မ တွန့် ဆုတ်တွေဝေ မိသည်မှာ ဘာကြောင့်မှန်း မသိချေ။ အတွေး ခေါင်တတ်သူ ပီပီ မ ရင်ထဲမှာ တစ်စုံ တစ်ခုကို စိုးထင့်မိသည်။ မတို့ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်မည်မျှ ခင်မင်ရင်းနှီး ကြသည်ဆိုဆို တစ်ယောက်တစ်နယ် စီမှ ဤတက္ကသိုလ် နယ်မြေမှာ လာဆုံစည်း ကြရသည့် သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့်အကြောင်း သူမသိ။ သူစိမ်း သက်သက်များပင် ဖြစ်သည်။ သူ့အကြောင်း ဆိုသည်မှာလည်း သူ ပြောပြသလောက် အနည်း အကျဉ်းသာ မ သိရ သကဲ့သို့ သူပြောသမျှ ထိုအနည်အကျဉ်းကလည်း အမှန်တရား တွေပါဟု မ မည်ကဲ့သို့ ယုံကြည်၍ ရ မည်နည်း။ ပြီးလျှင် သူက ကော မ အကြောင်း ဘယ် လောက်ထိ သိမည်နည်း။ အိမ်ထောင်ရေးဆိုသည် နယ် ပယ်သစ်တစ်ခုကို တိုးဝင်ရ မည့် ဘယ်ညာခြေလှမ်းတစ်စုံ နှင့်တူသည်ဟု မ ထင်ပါ သည်။ ချစ်သူဘ၀က ဘယ် ခြေလှမ်းဆိုလျှင် လက်ထပ် ခြင်းက ညာခြေလှမ်းပင်။ ဘယ်ခြေထောက်က လှမ်း လိုက်ပြီးပြီဆိုလျှင် ညာခြေ ထောက်ကပါ ထပ်မံ လှမ်း ဖို့ရာ အဆင်သင့် ဖြစ်နေပြီ။ တစ်နည်းအားဖြင့် အရှိန်ရ နေပြီဖြစ်သည်။ မ ဆိုလိုသည့် နယ်ပယ်သစ်သည် အဆိုးနှင့် အကောင်း နှစ်ခုလုံး အကျုံး ၀င်ပါသည်။ ထို့ကြောင့် ဘယ်ခြေလှမ်းကို အလွန်သတိ ထားသင့်သည်။ အကောင်း ဘက်က ဦးတည်လျှင် အကြောင်းမဟုတ်သော်လည်း အဆိုးဘက်များ ဦးတည် သည် ဆိုလျှင်...။

မ က မမြင်ရသည့်ကံ တရားဆိုသည့် အရာကြီးကို ကြောက်ပါသည်။ သူ့ထံမှ မ ရယူလိုသော အရာနှင့် သူက မကို ပေးအပ်ခဲ့သောအရာများ တိုက်ဆိုင်စွာ ထပ်တူညီခဲ့၍ မက သူ့ အပေါ် အားကိုး မှီခိုစိတ်ဝင် စားခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်း-
“ကိုယ် ကျောင်းပြီးပြီမို့ အိမ်က သဘောတူတဲ့ မိန်းမ ကို ယူရတော့မယ်၊ မရဲ့ သဘောထားကို သေချာ သိချင်တယ်” ဟု သူတောင်းဆိုလာ ခဲ့ချိန်တွင် မသည် အိပ်မက်မှ ဗြုန်းခနဲ လန့်နိုးသွား သကဲ့သို့ ခံစားလိုက်ရ ပါသည်။ မ သည် သူ့အပေါ် ချစ်သူတစ် ယောက်ကဲ့သို့ မချစ်နိုင်သည် မှာလည်း ကိုယ့်ကိုယ်ကိုယ် သေချာ သိသွားသည်။ သင့်တော်သည် ဆိုတိုင်း မချစ် မနှစ်သက်သော ယောက်ျား တစ်ယောက်အား လက်မထပ် ချင်သည်မှာ မ၏ ခေါင်းမာမှုပင် ဖြစ်သည်။ အိမ်ထောင်ရေး ဆိုသည်မှာ နစ်ပြီးလျှင် ပြန်လည် ရုန်းထွက်၍ မရတော့သည့် နွံတစ်ခု နှယ်ပင်။ ကောင်းကောင်း ဆိုးဆိုးကိုယ့်ကံ။ ဆယ်ရေး တစ်ရေးမျှပင် ကံကောင်းဖို့ရာ မသေချာ လှသော ဘ၀ကို မ နှစ်နှစ်ကာကာ ချစ်မြတ်နိုး ရသူနှင့် လက်တွဲတိုးဝင် ရင်ဆိုင်ရမည် ဆိုလျှင် တော်သေးသည်။ မချစ် မနှစ်သက်သော သူနှင့် မစွန့်စား ၀ံ့ပါ။ ထိုသို့သူနှင့် ပတ်သက်ပြီး မ ရင်ထဲဖွဲ့ တည်ခဲ့သော ခံစားချက်က အချစ် မဟုတ်သေး ဟုဆိုလျှင် အချစ်ဆိုသည်မှာ မည်သည်နည်း။

ကိုယ့်ကိုယ်ကိုယ်လည်း တကယ် နားမလည် နိုင်ချေ။ ချစ်သည်ဟု ကိုယ့်စိတ်ကိုယ် ယုံမှတ်မည် ပြင်ပြီးမှ နီးကပ် လာခဲ့ ချိန်တွင် မည်သို့မျှ လက်ခံ၍ မရသည့် အဖြစ်မျိုး။ ဒါဟာ ဘာကြောင့်လဲ။ နှလုံးသားကို ဦးနှောက်က ထိန်းချုပ် ထားလို့လား။ သို့မဟုတ် ဦးနှောက်သက်သက် နှင့်လား။ သို့မဟုတ်လျှင် နှလုံးသားနှင့် ဦးနှောက်ကို တစ်ကန့်စီ မခွဲထားဘဲ ယှဉ်တွဲ မိ၍လား။ မ သူငယ်ချင်း အများစုက အသက်အစိတ် ကျော်အရွယ်၌ အိမ်ထောင် ကိုယ်စီနှင့် သားသမီး ရသည့် သူက ရနေကြချိန် မ အချစ် စစ်စစ်ကိုပင် ရေရေရာရာ မခံစား ဖူးသေးသည်မှာ ရယ်စရာ။ အချစ်ဆုံး သူငယ်ချင်း နုက-
“အိမ်ထောင်တော့ ပြုပါ မ ရယ်။ နင့်မှာက မိဘ နှစ်ပါးက လွဲပြီး အားကိုးအားထား ပြုစရာ မောင်နှမ အရင်းအချာ ရှိတာ မဟုတ်ဘူး။ မိဘတွေ မရှိတော့ရင် နင်တစ်ယောက်တည်း ဘယ်လို ရပ်တည်မှာလဲ။ အသက် ကြီးလာရင် ဆေးပေးမီးယူ ဆိုတာ လိုကို လိုအပ်တယ်” ဟု မကြာခဏ ပြောလေ့ရှိသည်။ သူပြောတိုင်းလည်း မ က တုဏှိဘာဝေ နှုတ်ဆိတ်နေခဲ့ မြဲ ဖြစ်သည်။ ဟုတ်သည် လေ၊ “မ ဟာ ချစ်သူ မထားဘူး။ တစ်သက်လုံး အိမ်ထောင် မပြုဘူး” ဟု ကြွေးကြော်ထား ခဲ့သည်လည်း မဟုတ်ပါဘဲ လျက်နှင့် မ နှလုံးသားက သူ့အလိုလို ချစ်ခြင်း မေတ္တာမှ မပေါက်ဖွား ခဲ့တာဘဲနော်။

မ က ကံတရားကို လည်းအံ့သြသည်။ နု၏ ချစ်သူ ခင်ပွန်းသည် ချစ်သူ ဘ၀က ဘာအလုပ်ကိုင်မှ ရေရေရာရာ မလုပ်ခဲ့ဘဲ ဟေးလားဝါးလား နေသူပင်။ ယခု နုနှင့် ယူပြီးမှ အလုပ်တွေ ကြိုးစားပြီး တိုးတက်ကြီးပွား လာလိုက်သည်မှာ လူတိုင်းကပင် တအံ့တသြ ချီးကျူး ယူရသည်။ မ သည်လည်း ယခုကဲ့သို့ ကြေးများပြီး ဆန်ခါတင် ရွေးချယ်လိုက်ပြီ ပဲထား။ ထိုယောက်ျားသည် မ နှင့် အိမ်ထောင်ကျပြီး နောက်ပိုင်းမှ လူဖျင်းလူညံ့ ဖြစ်သွားလျှင်...။ သို့သော် မျက်စိရှေ့၌ သူ မကောင်းမှန်း မြင်နေလျက်နှင့် ကံကို မျှော်ကိုးပြီးလည်း မ က မယုံချင်ပါ။ မ အတွေးက မုန့်လုံး စက္ကူကပ် သကဲ့သို့ပင်။ နောက်ဆုံး၌ ကိုယ့်အတ္တဘက် သို့သာ ဘူတာပြန် ဆိုက်မြဲ။ အသက် သုံးဆယ်နားကပ် နေပြီဖြစ်သည့် မိန်းမတစ်ယောက် အနေနှင့်ပင် ရင်ခုန်သံ တွေ ဖြစ်တည် မလာသေးလျှင် အသက်သုံးဆယ်ကျော် လေးဆယ်အရွယ် ရောက်သွားခဲ့ပြီ ဆိုလျှင်ဖြင့် ဤထက် ပိုမိုရင့်ကျက်သော အတွေးအခေါ်တွေကြောင့် မ မှာ အချစ်ကို ရှာဖွေတွေ့ရှိဖို့ ရာ ပိုပြီးခဲယဉ်း သွားမည်ဟု မ က ယူဆ ထားခဲ့သည်။

သို့သော်ရင့်ကျက် တည်ငြိမ်လွန်း နေပြီဖြစ်သည့် အသက်သုံးဆယ် အရွယ် ရောက်လာချိန်မှာ မ နှစ်ရှည် လများ မေ့လျော့ နေခဲ့သော ရင်ခုန်သံ ကိစ္စ ဘွားခနဲ ပေါ်လာပြန်သည်။ နှစ်ကြိမ် နှစ်ခါမျှ ခြစ်ရာရေးရေး ထင်ခဲ့ဖူးသော မ နှလုံးသားသည် သူနှင့်ဆိုလျှင် သိပ်နုနယ် ပျိုမျစ် မနေချေ။ အသက် အရွယ်က ပေးသောအသိ တရား၏ ထပ်ဆင့်ယှဉ်တွဲ ပါလာမှုက မ၏ ရင်ခုန်သံကို ပိုမို ဘောင်ကျဉ်း သွားစေသည်။

ဦးနှောက်နှင့် နှလုံးသား အပြင် အသက် အရွယ်၏ ယဉ်ကျေးမှုက မ ကို စိတ်ကူးမယဉ် စေတတ်တော့ သည်မှာအဆန်း မဟုတ်တော့ချေ။ ထို့သို့ လက်တွေ့ကျလာ ပြီဖြစ်သော မ ဘ၀ထဲသို့ လက်တွေ့ကျစွာ တိုးဝင်လာခဲ့ သူသည် မ က“ကိုထက်သန်” ဟုခေါ်သော မနှင့် သက်တူ ရွယ်တူ စီးပွားရေး သမား တစ်ယောက်သာ ဖြစ်သည်။ စီးပွားရေး မိတ်ဆွေဆို ခြင်းထက် တစ်ကိုယ်တည်း သမား အချင်းချင်း အပြန်အလှန် စာနာနားလည် မိခြင်းက မတို့ နှစ်ယောက်၏ အနေ ထားကို ပိုမို နီးစပ်မှု ရှိစေခဲ့သည်။ မ သည် ကိုထက်သန်ကို စိတ်ထဲမှ တကယ်လှိုက်လှဲ မှုမျိုးနှင့် ခင်မင်ရင်းနှီး မိခဲ့သည်။ မ နေမကောင်း ဖြစ်သည့်အချိန်၊ အခက်အခဲ အတား အဆီးတွေကို ရင်ဆိုင်ကြုံတွေ့ ရသည့်အချိန်၊ မ နံဘေးမှာ အားပေး ဖေးမဖော် မိတ်ဆွေကောင်း တစ်ယောက် လိုအပ် နေချိန်တိုင်း သူက မအတွက် မောင်နှမ ရင်းချာလို တစ်သွယ်၊ မိတ်ဆွေ စစ်ကဲ့သို့ တစ်မျိုး အတတ်နိုင်ဆုံး ကူညီစောင့် ရှောက်ခဲ့သူ ဖြစ်သည်။ သို့ သော်လည်း ထိုခင်တွယ်မှုနှင့် ချစ်ခြင်း မေတ္တာသည် ထပ်တူ ညီပါရဲ့လားဟု သုံးသပ်မိ ပြန်ရာ မ သက်ပြင်းတွေ အခါခါ ချမိမြဲပါ။ တစ်ခါ တစ်ရံမက ကိုယ့်ကိုယ်ကိုယ် ညည်းညူ သလိုနှင့်-
“အချစ်ဆိုတာ ဘာလဲ ကိုထက်သန်” ဟု သူ့ကို အဖြေထုတ်ခိုင်း တတ်သည်။

“အချစ်ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀အတွက် လိုရာ ပျံသန်းနိုင်ဖို့ ဘုရားက ပေးတဲ့ အတောင်ပံ တစ်စုံပဲ၊ ငှက်တစ်ကောင်ဟာ အတောင်တစ်စုံ မရှိမဖြစ် လိုအပ်သလို လူသားတစ်ယောက် အတွက်လည်း အချစ်က မရှိမဖြစ် လိုအပ်တယ်။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ် ဖွင့်ဆိုမယ် ဆိုရင် အချစ်ဆိုတာ ချစ်သူ လိုအပ် သမျှကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးမယ်ဆိုတဲ့ ပေးဆပ်မှုကို အခြေခံ တယ်လို့ ကျွန်တော် ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အရင်တုန်းက သိပ်အတ်္တ ကြီးပြီး၊ သိပ်တစ်ကိုယ်ကောင်း ဆန်ခဲ့သလောက် အခု မ အနားမှာ နေပြီး မလိုအပ် သမျှကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဆပ် နိုင်ဖို့ပဲ အချိန်တိုင်း တွေးမိ တတ်လာပြီလေ။ အဲဒါ ကျွန်တော့်ကိုယ် ကျွန်တော် တအံ့တသြနဲ့ လက်သင့်ခံယူ ရတဲ့ အချက်ပဲ“ ဟု လှိုက်လှဲ တက်ကြွစွာ ဖြင့် ပြုံးပြုံးကလေး အဖြေပေး လေသည်။ သူ့အဖြေက မ ကို ကိုယ့်စိတ်ကိုယ် ဘ၀င် မကျစွာ နှုတ် ဆိတ်သွားမိ စေသည်။

သူ ပြော သကဲ့သို့ အချစ် ဆိုသည်မှာ ချစ်သူအပေါ် အနစ်နာခံ ပေးဆပ်မှုဆိုလျှင် မ သူ့အပေါ် နှောင်ဖွဲ့မှု မျိုးကို မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆို ရပါလိမ့်။ မ အတွက် အမြဲတစေ မားမားမတ်မတ် ရပ်တည်ပေးသူ အဖြစ်အားကိုး မှီခိုလိုခြင်း။ မ ကို ဂရုစိုက် မှုတွေအတွက် နှစ်သိမ့်ကြည် နူးမိခြင်း။ ဒါတွေဟာ မဘက်က သူ့ကို ပေးဆပ်လို ခြင်းမှ မဟုတ်ဘဲ။ သူ့ထံမှ ပေးဆပ်မှု တွေကို ရယူပိုင်ဆိုင် လိုခြင်းသာ ဖြစ်သည်။ သူက ပေးဆပ်လိုသူ အနေနှင့် သူ့ခံစား ချက်ကို အချစ်ဟု တင်စားလျှင် မ က မ အတွက် ရယူလို သူဖြစ်၍ ခံစားချက်ကို အချစ်ဟု တင်စားလျှင် မမှန်လောက်ဘူး ထင်သည်။

အချစ်ဆိုသည် မည်သည်နည်း။ ကိုယ့်ထံ လှမ်းလာသော ယောက်ျားတစ် ယောက်၏ ခြေလှမ်းကို ရင်ခုန်လှုပ်ရှား သယောင်ခံစား မိပြီးခါမှ တကယ်နီးကပ် လာပြန်လျှင် မရဲ့ စိတ်ခံစား ချက်က ဗြုန်းခနဲ ရုတ်ခြည်းပြောင်းလဲ သွားခြင်းမျိုး နှစ်ကြိမ်နှစ်ခါ ကြုံဖူးသော မ က အခုလည်း ကိုယ့်ခံစား ချက်ကို အမည်တပ်ရန် တွေဝေနေဆဲ ပင်တည်း။ နုနှင့်ဆုံတော့ ထိုအကြောင်း ဆွေးနွေးဖြစ်သည်။ ကျောင်းပြီးပြီးချင်း အိမ်ထောင်ကျ သွားသောနုမှာ ယခုဆို ချစ်စဖွယ် သားနှင့် သမီးလေးပင် ရှိနေခဲ့ပြီ။

“နုရယ်၊ အချစ်ဆိုတာ ဘာလဲဟင်၊ ငါ့မှာ ရွေးချယ်ဖို့ရာ ပြင်လိုက်တိုင်း ငါ့ ဦးနှောက်ထဲက အတွေးအခေါ် တွေက တုံ့တုံ့ဆွဲထား ကြတယ်”

မ၏ ညည်းညူရင်ဖွင့် စကားကို နားထောင်ရင်း နုက ပြုံးသည်။
“အဲဒါ အဖြေပဲပေါ့ မရဲ့၊ အချစ်ဆိုတာ ဘာလဲလို့ မမေးနဲ့၊ နင်လည်း မသိဘူး၊ ငါလည်း မသိဘူး၊ အဲဒီလိုပဲ လူတွေအားလုံး ရေရေရာရာ အဓိပ္ပာယ် မဖော်တတ် ကြပါဘူး၊ ဒါပေမဲ့ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်၊ တကယ့် အချစ်မှာ ဦးနှောက်နဲ့ ပေတံ မပါဘူး”

“ဘယ်လို”

“ပေတံလေ၊ ဘယ်လို ဖြစ်မှချစ်မယ်၊ ညာဖြစ်လို့မှ ချစ်မယ်ဆိုရင် သေချာတယ် အဲဒါ အချစ်စစ်လို့ လိပ်ပြာ မသန့်နဲ့တော့။ တကယ့် အချစ်က ကောင်းကောင်းဆိုးဆိုး လက်ခံတယ်။ ယူတာ၊ မယူတာကို မပြောလိုဘူး။ နှလုံးသား ခံစားချက် သက်သက်ကို ပြောတာ”

ဟုတ်လောက်သည်။ လူတော မတိုးဝံ့သည့် ဒုကိ္ခတ အိမ်ထောင်ဖက်ကို သေတစ် ပန်သက်ဆုံး သစ္စာ မပျက်ဘဲ စွဲစွဲမြဲမြဲ ပေါင်းဖက်သွားသည့် ခင်ပွန်းနှင့် ဇနီးမယားတွေ လောကကြီးမှာ မရေတွက် နိုင်အောင် ရှိသည်ပဲလေ။ နု က စကားတစ်ခွန်း ထပ်ပြောသည်။
“အချစ်မှာ အချစ်ပဲ ရှိတယ်၊ ပညတ်ချက် မပါဘူး”

ထိုစကား တစ်ခွန်းက မ နှလုံးသား ထဲကို ဟိုးအနက် ရှိုင်းဆုံးအထိ စူးနစ်သွား စေခဲ့သည်။ တစ်ဆက်တည်းမှာပင် မ သည် မ အား ချဉ်းကပ်လာသည့် ယောက်ျားများ ကို နှလုံးသားနှင့် အကဲခတ် သည်လား၊ ဦးနှောက်နှင့် သုံးသပ် ခဲ့သည်လား ဆိုခြင်းမှာ ကွဲပြား သွားခဲ့သည်။ တကယ်တော့ မ ဟာ လူတွေအရိုး စွဲမှတ်ယူထား ကြသည့်မိန်းမ တစ်ယောက်ဟာ အားကိုးမှီ တွယ်ရာ ရင်ခွင်တစ်ခု၊ အရိပ်တစ်ခု အောက်မှာရှိမှ ဘ၀လုံခြုံ မယ်ဟူသော အချက်ကြောင့် စိတ်တွေ ထွေပြား နေခဲ့ခြင်း ဖြစ်သည်။

ထိုညမှာပင် မ က ကိုထက်သန်ဆီ တယ်လီဖုန်း ဆက်ဖြစ်ခဲ့သည်။
“ကိုထက်သန်ကို မ ပြောချင်တာ တစ်ခုရှိတယ်၊

အချစ်ဆိုတာ စဉ်းစားပြီးမှ သိလာရတဲ့ အရာမျိုး မဟုတ်ဘူး၊ ဒီနေ့ မ သေချာတွေးမိပြီး သိလာတာ တစ်ခုကို ပြောပြမယ်၊ နှလုံးသား ခံစားချက် ဆိုတာ ဒီလူတစ်ယောက် အပေါ်မှာ ကိုယ့်ခံစားချက် ဘယ်လို ရှိတယ်ဆိုတာ၊ ဘယ်လို နှောင်ဖွဲ့ငြိတွယ်နေ မိပြီဆိုတာတွေက သူ့အလိုလို ရင်ထဲ ပေါက်ဖွား လာရမယ့် ကိစ္စပါ။ စဉ်းစား ပါရစေလို့ စကားခံတာ ကိုက မရေမရာ မသေချာမှု တစ်ခုပဲ။ တခြား မိန်းကလေး တွေကို မဆိုလို ပါဘူး။ မ တစ်ဦးတည်းရဲ့ ရင်ဘတ်ထဲက လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ အသိပါ။ ကို ထက်သန် မ ကို သိမှာပါ၊ မ က ဟန်မဆောင် တတ်ဘူး၊ မလိမ်ညာ တတ်ဘူး၊ ချစ်ကြိုက်ရက် သားနဲ့ တမင်သက် သက်စဉ်းစား ပါရစေလို့ အချိန် ဆွဲမယ့် မိန်းမလည်း မဟုတ်ဘူး၊ မ ကိုထက်သန်ကို ပြောပြချင်တာ အဲဒါပဲ၊ ဒီအဖြေကို ပြောရတဲ့ အတွက်လည်း မ စိတ်မကောင်း ပါဘူး”

“မ”
မ စကား အဆုံးမှာ သူ့ ခေါ်သံ ထွက်လာသော်လည်း ဘာမှ ဆက်မပြောဘဲ ငြိမ်သက်သွား ခဲ့သည်။ သူထိရှ နာကျင်သွားခဲ့ ပြီဆိုခြင်းကို သိသော်လည်း စိတ်မကောင်း ဖြစ်မိရုံက လွဲပြီး မ မည်သို့ တတ်နိုင်ပါ မည်နည်း။ ကိုထက်သန် ပြောခဲ့ ဖူးသကဲ့သို့ အချစ်ကို အတောင်ပံ တစ်စုံ အဖြစ်တင်စား ရမည်ဆိုလျှင် တောင် မ ၌ ထိုအတောင်ပံကို ရယူပိုင်ဆိုင် လိုသော ခံစားချက်မျိုး ရှိမလာခြင်း၊ တစ်နည်း ပြောရလျှင် မ နှလုံးသားမှာ ချစ်ခြင်းမေတ်္တာ သူ့အလိုလို မပေါက်ဖွားလာ ခဲ့ခြင်းသည် မ၏ ရှေးရေစက် အကြောင်း တရားကြောင့် ဖြစ်လိမ့်မည်။ ပြီးလျှင် ပျံသန်းလိုသူ အတွက် အတောင်ပံ တစ်စုံသည် မရှိမဖြစ် လိုအပ်သည် မှန်သော်လည်း မပျံသန်း လိုသူ အတွက်တော့ အတောင်ပံသည် အပိုဝန်ထုပ် ၀န်ပိုးနှင့် တူနေလိမ့်မည်။

မ အတွက်တော့ အချစ်သည် မလိုအပ်သော အတောင်ပံ တစ်စုံမျှသာ ဖြစ်နေခဲ့ပြီ ဖြစ်သောကြောင့်...။
လူသားတစ်ယောက် နံဘေးမှာ (အထူးသဖြင့် အား နွဲ့သူ မိန်းမတစ်ယောက် အတွက်) အဖော်အပေါင်း ပြုအပ်သူ တစ်ဦးတစ်ယောက် မဖြစ်မနေ ရှိသင့်သည် ဆိုခြင်းအား မ ဝေဖန်ချက် မပေး သော်လည်း ထိုအဖော် အပေါင်းသည် ခင်ပွန်း ယောက်ျား ဖြစ်နေဖို့ ရာဖြင့် လှိုက်လှိုက်လှဲလှဲ မထောက် ခံချင်ပါ။ နှလုံးသားမှာ မလိုအပ်သူ၊ ငြင်းပယ်ချင် သူကို အားကိုး မှီတွယ်ရန် တစ်ခုတည်း သက်သက်နှင့်တော့ မ ၏ ဘ၀တစ်ခု လုံးကို ကံတရား လက်ထဲ ထည့်မပစ် လိုက်လိုခြင်းသည် တစ်ယောက်တည်း ဆိုသည့်အနေ အထားလေး ဖြစ်သွားရန် လုံလောက်သည့် အတ္တဆိုလျှင် ပင် မ က ထိုဘ၀ကို တစ်သက်လုံး ပြုံးပြုံးကလေး ဖက်တွယ်ထား လိုက်တော့မည့် သူသာ ဖြစ်သည်လေ။



ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)

ဒီကနေ့ရဲ့မနက်ဖြန်

အဆောင်ကို ပြန်လာရတဲ့ ညနေခင်းတွေအားလုံးထဲမှာ ကျွန်မအဖို့ ဒီနေ့လောက် ခြေကုန်လက်ပန်းကျလာတာ၊ အားပြတ်နုံးချည့်လာတာ၊ စိတ်ဓာတ်တွေ ဗုန်းဗုန်းကျလာတာမျိုး မရှိခဲ့ဖူးဘူး။ ခုနေများတင်းထားတဲ့ စိတ်ကိုလျှော့ပြီး ‘ဟင်း’ ခနဲသက်ပြင်းချလိုက်ရင် လူက မြေကြီးပေါ် အရုပ်ကြိုးပြတ်ပုံလဲသွားလေမလားဘဲ။ တစ်ဆုံးထိကျနေတဲ့ စိတ်ကို ပြန်ကုန်းကောက်ဖို့ရာကို မလွယ်တော့တာ။ ဒီနေ့အဖို့ စိတ်အညစ်ဆုံးလူကို ဆုပေးမယ်ဆိုရင် ‘ခင်ချမ်းသာ’ ဆိုတဲ့ ကျွန်မကသာ ပထမဆုကို ပြိုင်ဘက်မရှိ ဆွတ်ခူးရရှိမှာသေချာတယ်။ မေမေတို့များ ကျွန်မကို နာမည်ပေးလည်း ပေးတတ်ကြပါပေတယ်။ ခင်ချမ်းသာတဲ့။ လူကဖြင့် လောလောဆယ်မှာ နောက်လအတွက် အဆောင်လခတောင်မသေချာတော့တဲ့ ‘ဖွတ်မလေး’ ဖြစ်နေတယ်။အဆောင်ထဲရောက်တော့ကျွန်မ စိတ်ပိုရှုပ်သွားတယ်။ အခန်းရှိရာ အပေါ်ထပ်ကို တက်သွားဖို့ရာ ရှိသမျှထိုင်ခုံတွေ၊ဆက်တီခုံတွေနဲ့တောင် မလောက်ငသေးလို့ လှေကားရင်းတွေမှာအထိတက်ထိုင်နေကြတဲ့ တီဗီကြည့်ပရိသတ် အဆောင်သူတွေကို ပါးစပ်က’ဆောရီး’ တွေ၊ ‘ကန်တော့’ တွေတသီကြီးနဲ့ ကွေ့ဝိုက်ကျော်လွှားသွားရဦးမှာမို့လို့ပေါ့။ စိတ်ညစ်သွားတဲ့ ကျွန်မအတွေးမဆုံးခင်မှာ သူတို့ဆီက အူလှိုက်သည်းလှိုက်ရယ်သံတွေ ဝါးခနဲထွက်လာတာ လန့်တောင်လန့်သွားတယ်၊ အဟုတ်။ကြည့်စမ်း၊ သူများတွေဖြင့် ပျော်နေလိုက်ကြတာ။ မနာလိုလိုက်တာ တကယ်ပဲ။ ဘယ်သူ့ကို ရန်လိုရမယ်မှန်းမသိဘဲ မှုန်ကုပ်ကုပ်နဲ့ တီဗီဖန်သားပြင်ကို ဝေ့ခနဲလှမ်းရှိုးလိုက်တော့ ဂါဝန်ကြီးတကားကားနဲ့ ပြုံးတုံ့တုံ့လုပ်နေတဲ့ အင်္ဂလိပ်မကြီးကိုမြင်တယ်။ နေစမ်းပါဦး၊ ဒီမျက်နှာကြီးမြင်ဖူးနေသလိုပဲ။ သြော်၊ သိပြီ၊ဒါ ဂျွန်ထရာဗိုတာ။ ဒါဆို ဒီဇာတ်ကားက Hairspray ပေါ့။ တစ်လောတုန်းက မဂ္ဂဇင်းဟောင်း တစ်အုပ်ထဲမှာ အညွှန်းဖတ်လိုက်ရပြီး ‘အိမ်ပြန်ရောက်မှ ကြည့်ရဦးမယ်’ လို့တေးထားရတဲ့ ဇာတ်ကား။ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ ဒင်းကိုလည်း စိတ်မဝင်စားနိုင်သေးပါဘူး။ ဒင်းကိုမှ မဟုတ်ဘူး။ ခုချိန်မှာ တစ်လောကလုံးက စိတ်ဝင်စားစရာ မှန်သမျှကို ခင်ချမ်းသာတို့က လုံးဝ စိတ်မဝင်စားနိုင်သေးတာ အမှန်ပဲ။ ကျွန်မစိတ်တွေ နာကျင်ထိရှ စိတ်ပျက်ခြင်းတွေနဲ့ချည်း ပြည့်သိပ်နေတဲ့အတွက် ပြင်ပကအရာတွေခံစားဖို့ နေရာနည်းနည်းလေးတောင် မပေးနိုင်သေးဘူးဖြစ်နေတယ်လေ။ ဖန်သားပြင်ကနေ အကြည့်ပြန်လွှဲလိုက်တော့ ရှေ့ဆုံးခုံမှာ ထိုင်နေတဲ့ အဆောင်မှူးက ဖျတ်ခနဲလှမ်းကြည့်ပြီး ‘ဟေး..ပြန်လာပြီလား’ လို့အရှိန်မသေသေးတဲ့ ရယ်မြူးသံကြီးနဲ့နှုတ်ဆက်တယ်။ ပြီးခဲ့တဲ့အပတ် ကျွန်မအဆောင် လခပေးတာ နောက်ကျနေလို့ မျက်နှာထားတည်တည်နဲ့ ခဏခဏသတိပေးခဲ့တာ သူမဟုတ်သလိုဘဲ။ တကယ်ဆို ကျွန်မလို ဆောင်သူမျိုး ရှာကြည့်လိုက်စမ်းပါ။ ထမင်းထုပ်သာ သိုးသွားမယ်။ တစ်ဆောင်လုံးမှာ လက်နှစ်ဖက်ပြည့်ရင် ဘာပြောပြော။ အဆောင်မှာလည်း ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနေတယ်။ အဆောင် အောက်ထပ်မှာ ဖွင့်တဲ့ထမင်းဆိုင်မှာလည်း လခပေးပြီးစားတယ်။ တခြားအဆောင်သူတွေဆိုရင် ပြောင်းခါစလောက်တင် အားနာပါးနာစားကြတာ။ သူ့လက်ရာသိပြီး၊ သူ့လက်အတွက်အဆသိပြီးတာနဲ့ တစ်လမကြာဘူး။ ကြည့်ကောင်းအောင်ပြောပြီး အလျှိုလျှိုအပြင် ထွက်စားကုန်ကြတော့တာပဲ။ ကျွန်မကသာ ငန်တဲ့နေ့ငန်၊ မကျက်တဲ့နေ့မကျက်၊ တူးတဲ့နေ့တူးနဲ့ သူ့လက်ရာကို ‘အိမ်ကငါ့အဘွားလက်ရာမျိုးဟဲ့’ ဆိုတဲ့လွမ်းစိတ်အခံလေးနဲ့ ကြိတ်မှိတ်စားလာတာ။ ပြီးခဲ့တဲ့လကတော့ သင်တန်းကြေးတစ်ခု အကျေသွင်းလိုက်ရတာရယ်၊ ကုန်ကျစရာလေး တွေ စုပြုံသွားတာရယ်ပေါင်းပြီးကျွန်မရတဲ့ လခနည်းနည်း ကသီလင်တ ဖြစ်သွားတယ်။ ဒါနဲ့၊ နှစ်လစာပေါင်းပေးပါမယ်။ နည်းနည်းလောက် စောင့်ပေးပါလို့ပြောတာနဲ့ မျက်နှာထားက သိပ်မကြည်သာတော့ဘူး။ ကျွန်မလည်းကလေးမှ မဟုတ်တာ။အသက်ပဲ နှစ်ဆယ်ကျော်လို့ ဘွဲ့တစ်ခုရထားပြီးပြီ။ ဘယ်သူက ကိုယ့်အပေါ် ဘယ်လိုအချိုးချိုးနေတယ်ဆိုတာ သိတာပေါ့။ လူတွေက သိပ်မလွယ်ဘူးနော်။ စိတ်ဓာတ်ကျရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒါလည်းပါတယ်။ သက်ပြင်းဖွဖွချရင်း လှေကားထစ်တွေပေါ် ဟိုကျော်ဒီခွနဲ့ ကုပ်ကုပ်ကလေး တက်ခဲ့ရတယ်။ နောက်ကျောဘက်ဆီမှာ ကျန်ခဲ့တဲ့ရယ်သံတွေဟာ ကျွန်မကိုလှောင်ကြတာ မဟုတ်မှန်းသိသိကြီးနဲ့ကို အမြင်ကတ်မိတာတော့ မတတ်နိုင်ဘူး။ သူများတွေ ပျော်နေကြချိန်မှာ မပျော်နိုင်ဘဲ စိတ်အညစ်ကြီး ညစ်နေရတဲ့ကိုယ့်ဘဝကိုယ်လည်း စိတ်ပျက်လို့မဆုံးပါဘူး။ ပြန်တွေးကြည့်မိရင် ဝမ်းလည်းနည်းတယ်။ ကျွန်မဟာ ဒီအဆောင်ရောက် လာကတည်းက ညဘက်တွေမှာ တခြားအဆောင်သူတွေနဲ့ တစ်သားတည်းကျစွာ တီဗီရှေ့တစ်ခါမှ မထိုင်ခဲ့ဖူးသေးဘူး။ သူများတွေက အလုပ်ကို အလုပ်ထဲမှာပဲ ထားခဲ့ကြပေမယ့် စိတ်မထားတတ်တဲ့ ကျွန်မကတော့ အိပ်မပျော်မချင်းအလုပ်က ခေါင်းထဲမှာရှိနေတယ်။ မနက်ဖြန်ဘယ်သွားရဦးမယ်၊ ဘာတွေ လုပ်ရမယ်၊ ဘယ်အလုပ်ကဖြင့် လက်စသတ်ဖို့ ကျန်သေးတယ်။ အဲဒီလောက် စိတ်ရောကိုယ်ပါ နစ်ဝင်နေလို့များ လခပိုရသလားဆိုတော့လည်း ပိုမရပါဘူး။ သူများ ဒီလောက်ဆိုရင် ကိုယ်လည်းဒီလောက်ပါပဲ။ ဆံပင်ဖြူတာပဲ အဖတ်တင်တယ်။ တကယ်ပြောတာပါ။ ဟိုတစ်နေ့က မှန်ကြည့်ရင်းနဲ့ ကျွန်မခေါင်းထဲမှာ ဆံပင်ဖြူ နှစ်ပင် တောင်တွေ့တယ်လေ။ မျိုးရိုးလိုက်တာလို့တော့ မထင်နဲ့။ ကျွန်မအဘွားက အခုအသက် ခုနစ်ဆယ်နားကပ်နေပြီ။ ဆံပင်ဆေးမဆိုးရသေးဘူး။ ရေချိုးခန်းထဲမှာဆုံတဲ့
ကောင်မလေးတစ်ယောက်ကတော့”ဟဲ့၊ အဲ့ဒီဆံပင်ဖြူကို သွားမနုတ်ပစ်နဲ့နော်။ အဲ့ဒါ အဘိုးအဘွားတွေကပေးတာ”တဲ့။ ပြန်မငြင်းချင်တာနဲ့ ငြိမ်နေလိုက်ရတယ်။ သူမို့ ပေါက်ပေါက်ရှာရှာနော်။ တကယ်တမ်းကကျွန်မဘာသာ ဦးနှောက်ခြောက်ရတာများလို့ ဆံပင်ဖြူလာတာပါ။အဘိုးတို့အဘွားတို့ကလည်း ပေးမယ့်ပေး အမွေလေး ဘာလေးဆိုတော်သေး၊ ဆံပင်ဖြူတော့ မရချင်ပေါင်။ ‘ကိုင်းဟာ’ ဆိုပြီး နုတ်ထည့်ပစ်လိုက်တယ် အေးရော။ အဲ့ဒီကောင်မလေးဆိုမှ သတိရတယ်။ ဒီညတော့ အခန်းတံခါးပိတ်ပြီး မီးစောစောမှိတ်ထားမှ။ တော်ကြာ ထုံးစံအတိုင်း အခန်းကူးလာပြီး အရည်မရအဖတ်မရတွေ ဗလစ်ဗလစ်ပြောပြီး လူကိုနားပူအောင် ဒုက္ခလာပေးပြန်ဦးမယ်။ စိတ်ညစ်ရတဲ့ ကိစ္စတွေထဲမှာ အဲဒါလည်းပါတယ်သိလား။ တစ်နေကုန် အလုပ်ထဲမှာ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်လာတဲ့ ကျွန်မကညညဆို ကိုယ့်ဘာသာကိုယ် MP 4လေးနဲ့ ငြိမ့်ရင်ငြိမ့်၊ ဒါမှမဟုတ် စာအုပ်ဖတ်ရင်ဖတ်နဲ့ အေးအေးဆေးဆေး နေချင်တာ။ စောစောစီးစီး အိပ်ရာဝင်ချင်တာ။ သူကခုမှ တက္ကသိုလ်တက်နေတဲ့သူဆိုတော့ မနက်တစ်ပိုင်းကျောင်းတက်ပြီးရင် နေ့ခင်းဘက်အားနေပြီ။ အားတာနဲ့ ဘယ်အခန်းလည်ရမလဲ ချောင်းနေတာ။ စကားကလည်း ဂျောင်းဂျောင်းပြေး ပြောနိုင်သလားမမေးနဲ့။ ပြောသမျှတွေကလည်း အကြွားကများများ၊ တစ်လောကလုံးမှာသူသာ အသိဆုံး၊သူသာအတတ်ဆုံး။ တံဆိပ်ချင်း တူတူတောင် သူသုံးတဲ့ ပစ္စည်းကမှ သူများပစ္စည်းထက်ပိုပြီး ကွာလတီကောင်းတာ။ အဲ့ဒီလိုလာတာ။ စိတ်လက်ကြည်သာ နေချိန်ဆိုရင်တော့ လူမှုရေးအရပဲဖြစ်ဖြစ်၊ အပျင်းပြေသဘောပဲဖြစ်ဖြစ် ကျွန်မဘက်က နားထောင်ပေးဖို့ရာ ဝန်မလေးပါဘူး။ ဒါပေမဲ့ ဒီညတော့ ကျွန်မသူ့စကားတွေ နားထောင်ပေးဖို့ စိတ်ရှည်မယ်မထင်ဘူး။ သူ့ကိုမှ မဟုတ်ပါဘူး။ ခုချိန်မှာ ကျွန်မဘယ်သူနဲ့မှစကားမပြောချင်ဘူး။ ဘယ်သူ့ကိုမှလည်း မတွေ့ချင်ဘူး။ ဘယ်လိုဆူညံသံမျိုးမှလည်း မကြားချင်နေဘူး။ ဖြစ်နိုင်ရင် လူသူမနီးတဲ့ တောကြီးမျက်မည်းလိုနေရာမျိုးမှာ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် သွားနေပစ်ချင်နေတဲ့အထိ လောကဝန်းကျင်ဆီက ထွက်ပြေးသွားချင်နေတာ။ တကယ်ပြောတာ၊ ခုနေခါမှာတတ်နိုင်တဲ့ တန်ခိုးရှင်တစ်ပါးပါးကများ ‘အသင်လိုရာဆုကို တောင်းစေ’လို့ အခွင့်ပေးမယ်ဆိုရင် ‘ရှန်ဂရီလာ’ကို ပို့ပေးဖို့ မဆိုင်းမတွတောင်းလိုက်မိမှာ သေချာတယ်။ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ ကျွန်မသွားဖို့ နီးစပ်နေတာက ‘ရှန်ဂရီလာ’ မဟုတ်ဘဲ ကျွန်မ ခွဲခွာချန်ထားရစ်ခဲ့တဲ့ ကျွန်မတို့မြို့ပေါက်စနလေးဖြစ်နေတယ်လေ။ ကျွန်မကိုမွေးဖွားခဲ့ပြီး၊ ကျွန်မအရွယ်ရောက်ကြီးပြင်းလာတဲ့အထိ နေထိုင်ခဲ့ရတဲ့ ကျွန်မတို့မြို့ငယ် လေးကို ကျွန်မသိပ်ချစ်တယ်။ အဝေးရောက်နေရာကလည်း အကြောင်းတိုက်ဆိုင်တိုင်း မကြာခဏ လွမ်းဆွတ်မိနေတတ်တဲ့ မြို့လေးပါ။ ဒါပေမဲ့ အမြဲတမ်းနေသွား ဖို့ရာ ကျွန်မအတွက် အဆင်မပြေဘူး။ အဲ့ဒီမှာ ဘွဲ့ရပညာတတ်တစ်ယောက်အတွက် အလုပ်လုပ်နိုင်စရာ ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းတွေ မရှိဘူး။ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကို လေ့လာစောင့်ကြည့်နိုင်စရာ ပြတင်းပေါက်တွေ မရှိဘူး။ လိုအပ်တဲ့လှေကားထစ်တွေ ရှိမနေပါဘူး။ မြို့ကလေးမှာ နေထိုင်တဲ့သူတွေဟာ ဘိုးစဉ်ဘောင်ဆက် ခြံစိုက်စားကြတယ်။ ဈေးရောင်းစားကြတယ်။ ကျွန်မက သိချင်တာတွေများတဲ့သူ။ ဘိုးဘွားမိဘအစဉ်အလာ အတိုင်းဒီမြို့ကျဉ်းကျဉ်းလေးမှာပဲ မွေးဖွားကြီးပြင်းပြီး အရွယ်ရောက်လာတော့ အိမ်ထောင်ပြု၊ ဒီလိုနဲ့ပဲ အိုနာသေဘဝနဲ့ သမားရိုးကျဆန်ဆန် ဘဝတစ်ခုကို တည်ဆောက်သွားရမှာကို မလိုချင်ဘူး။ ဒါကြောင့် အိမ်ကလူကြီးတွေ သဘောမကျပါလျက်နဲ့ ကျွန်မတစ်ယောက်တည်း ဒီမှာ လာရပ်တည် ရုန်းကန်နေခဲ့တာ။ ကျွန်မငယ်ငယ်လေးကတည်းက မိဘတွေက ရှေ့ဆင့်နောက်ဆင့် ဆုံးကုန်ကြတဲ့အတွက် အဘွားရင်ခွင်မှာပဲကြီးပြင်းခဲ့ရတယ်။ မိသားစုပိုင်ဖြစ်တဲ့အဘွားတို့ စီးပွားရေးအခြေအနေက မမြင့်မားလှရင်တောင် နိမ့်နိမ့်ကျကျတော့ မဟုတ်ပါဘူး။ ဒါပေမဲ့သူတို့ ခွင့်ပြုချက်မရတဲ့လမ်းကို ဇွတ်လျှောက်တဲ့အတွက် ကျွန်မကို ဘာတစ်ခုမှ အထောက်အပံ့ မပေးဘူး။’မနေနိုင်တဲ့တစ်နေ့ ပြန်လာလိမ့်မယ်’တဲ့။ အဲ့ဒီလို ပြောကြလို့ကို ကျွန်မကလည်း ကိုယ့်စိတ်ကိုယ်ပိုတင်းရတာပါ။ ”ခင်ချမ်းသာက မဆိုးဘူး။ပြောတဲ့အတိုင်း ဖြစ်မြောက်အောင် လုပ်ပြနိုင်သားပဲ” လို့ သူတို့ မြင်လာမယ့် အနေအထားမျိုး ပြနိုင်လာတဲ့တစ်နေ့မှ ပြန်မယ်ပေါ့။ တကယ်မလွယ်တာတော့ အမှန်ပါပဲ။လောကကြီးမှာ ဘယ်အရာမဆို ကိုယ့်ဘက်က တစ်ခုပေးနိုင်မှ တစ်ခုပြန်ရတာဆိုတာ ကိုယ်တိုင်လက်မဲ့ခြေမဲ့ရုန်းကန်ကြည့်ဖူးမှ ပိုသိလာတာပါ။ ဒါပေမဲ့ ဇွဲတော့ မလျှော့မိအောင် နေတယ်။ ပြေးသလောက်မရွေ့လည်း ရွေ့သလောက်ပြေးတာပေါ့ဆိုတဲ့ စိတ်ဓာတ်မျိုးထားပြီးကိုယ့်ကိုယ်ကိုယ် အားပေးရပ်တည်လာခဲ့တယ်။ ခုတော့ အဲ့ဒီခွန်အားတွေလည်း ခြေကြမ်းကြီးနဲ့ အနင်းခံလိုက်ရတဲ့ သဲခံတပ်ကလေးလို ပြိုပျက်သွားခဲ့ရပါပြီ။ စိတ်ဓာတ်တွေလည်း တကယ်ကျသွားပြီ။ ရှိစုမဲ့စုခွန်အားလေးနဲ့ရွေ့နိုင်သလောက် ပြေးနေခဲ့သူကိုမှ ခလုတ်ကမညှာမတာ ဝင်တိုက်သွားတာကိုး။ ဟုတ်တယ်၊ ကျွန်မကခလုတ်ကို ဝင်တိုက်မိတာ မဟုတ်ဘူး။ ခလုတ်က ကျွန်မကို ဝင်တိုက်တာပါ။ သတင်းသဲ့သဲ့ ကြားကတည်းက အခြားဝန်ထမ်းတွေနည်းတူ ဘုရားမှန်မှန်ရှိခိုးပြီး ဟိုလူ့ကို မေတ္တာပို့၊ ဒီလူ့ကို မေတ္တာပို့နဲ့ ပါးစပ်အမြှုပ်ထွက်မတတ် တောင်းခဲ့ရတဲ့ ဆုတောင်း ကျွန်မအတွက် မပြည့်ခဲ့တော့ဘူးလေ။ မှန်တာပြောရရင် ကိုယ့်ကိုယ်ကိုယ် အလုပ်ပြုတ်မယ့်စာရင်းထဲ ပါမယ်မထင်ထားရာကပါသွားတဲ့အတွက် ခံစားချက်က ပိုပြင်းနေတယ်။ ကုမ္ပဏီပိုင်ရှင် အပြောင်းအလဲမှာ မတည်မငြိမ် ဖြစ်သွားတဲ့ ဈေးကွက်အခြေအနေအရ ဖြုတ်ခံလိုက်ရတဲ့ ‘ပိုလျှံဝန်ထမ်း’ စာရင်းထဲ ကျွန်မကံဆိုးမိုးမှောင်ကျစွာ ပါသွားတယ်။ စိတ်သဘောထားသေးသိမ်တာ မဟုတ်ပေမယ ‘တကယ်ပိုလျှံဝန်ထမ်း’ တချို့ကိုတော့ ဟိုမျက်နှာ ၊ ဒီမျက်နှာနဲ့ ချန်ထားပြီး ကုမ္ပဏီအတွက် ကျရာနေရာ တတ်နိုင်သမျှ ကြိုးစားခဲ့တဲ့ ကျွန်မတို့လို ဝန်ထမ်းတချို့ကို မျက်နှာလွှဲခဲပစ် လုပ်ခံလိုက်ရတာတော့ နာကျင်ခံခက်စရာပါ။ အထိခိုက်ဆုံး ကတော့ ကျွန်မဖြစ်မှာပါ။ ကျွန်မမှာက အားကိုးစရာ မရှိဘူးလေ။ ကိုယ့်ဘက်က ချို့ယွင်းချက်တွေရှိလို့ ငြင်းပယ်ခံရတာဆိုရင်တော့ လက်ရှိအခြေအနေကို ကျွန်မဖြစ် အောင် ရင်ဆိုင်မှာပါ။ ပြေးနေပါလျက်နဲ့ မရွေ့ရုံမကဘဲ နောက်ကိုပါတွန်းပို့ခံလိုက်ရတဲ့ လောကကြီးရဲ့မညီမျှမှုကို ကျွန်မစိုးရွံ့အားငယ်သွားမိတာ။ ခုလို အားငယ် နေချိန်မှာ ကျွန်မနံဘေး ကျွန်မအပေါ် တကယ့်မေတ္တာစေတနာစိတ်နဲ့ အားပေးဖေးမဖော် ရှိမနေတာက ကျွန်မအတွက်ပိုပြီး နာကျင်စရာပါ။ ဒီလိုနေရာမျိုးကျတော့ သူစိမ်းတွေနှင့် မဖြစ်နိုင်ဘူးလေ။ ဒါဖြင့် ကျွန်မအိမ်ပြန်ရင်ကောင်းမလား။ ကျွန်မအဘွားနဲ့ကျွန်မဆွေမျိုးတွေရှိတဲ့ ကျွန်မတို့အိမ်ကိုလေ။ ထွက်မလာခင် ယုံကြည်ချက် ပြင်းပြင်း ခေါင်းမော့ထားခဲ့တာတွေအတွက် မျက်နှာငယ်စရာတော့ကောင်းမှာ သေချာနေတယ်။ အို၊ အဲဒီလိုကျတော့လည်းမဖြစ်သေးပါဘူး။ လောကကြီးမှာကျွန်မ မလုပ်ချင်ဆုံးအလုပ်က သူများရှေ့ခေါင်းငုံ့နေရမယ့် အလုပ်ပဲ။ စိတ်ညစ်နေတဲ့အချိန်စဉ်းစားမိတဲ့အတွေးတွေမို့လား မပြောတတ်ဘူး။ ခေါင်းထဲမှာ အဆင်မပြေတာ တွေချည်းပဲ တန်းစီထွက်လာတယ်။ မျက်စိရှေ့မြင်နေရသမျှလည်း တစ်ကွက်မှ အချိုးမပြေဘူး။ လောကကြီးကတော့ အစကတည်းက ဒီပုံစံပဲဖြစ်မှာပါ။ ကျွန်မကသာ ကမောက်ကမ ဖြစ်နေတဲ့စိတ်နဲ့ ဇောက်ထိုးတွေချည်း မြင်နေတာ။ မဆီမဆိုင်ဟိုက် အဆောင်ပြတင်းပေါက်ကလှမ်းမြင်နေရတဲ့ ကြောင်တောင်ကြည့်ရတာ စိတ်ညစ်တယ်။ ကျွန်မက ကြောင်ဆို အမည်းရောင်ကြီးမချစ်ပါဘူး။ ဝါရင်လည်းဝါ၊ ဖြူရင်လည်း ဖြူမှ။ တော်ပါပြီ၊ ဒီနေ့အဖို့တော့ ကျွန်မအတွက် ကြည့်လေရာရာမှာ အကောင်းမြင်စရာ တစ်ခုမှရှိမှာ မဟုတ်ပါဘူး။ ခုချိန်ထိရေလည်း မချိုးရသေးဘူး။ ထမင်းလည်း မစားရသေးဘူး။ ချိုးချင်စားချင်စိတ်တွေလည်း ကျွန်မမှာရှိမနေဘူး။ ဘာလုပ်လို့လုပ်ရမယ်မှန်းလည်း မသိဘူး။ကျွန်မ သိနေတာက မနက်ဖြန် ကျွန်မအလုပ်သွားစရာ မလိုတော့တာဘဲ။ သွားစရာအလုပ် မရှိတော့တာဘဲ။ နည်းနည်း မှောင်လာတော့ မီးခလုတ်ဖွင့်ဖို့ စိတ်ကူးမိသေးတယ်။ ဒါပေမဲ့ မဖွင့်ဖြစ်ပါဘူး။ အမှောင်ထဲမှာပဲနေတော့ကော ဘာဖြစ်သေးလဲ။အခုအချိန်မျိုးမှာ အမှောင်ထဲ ငြိမ်ငြိမ်လေးနေနေတာကမှ ကျွန်မအတွက်ပိုပြီး စိတ်သက်သာရာရစေမလားဘဲ။ အပြင်မှာတော့ သိပ်မမှောင်သေးပါဘူး။ ပြတင်းပေါက် တစ်ပေါက်တည်းရှိတဲ့ ကျဉ်းမြောင်းမြောင်း ရှည်မျောမျော ကျွန်မအခန်းလေးထဲသာ မှောင်နေတာ။ အမှောင်ထဲမှာထိုင်နေရတာ ခြင်ကတော့ ကိုက်တယ်။ ခြင်ဆေးတော့ ထထွန်းဦးမှ။ခြင်ဆေးထွန်းရင်း ပြတင်းပေါက်ဘက် ခဏထရပ်မိတော့ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ရတယ်။အဆောင်ရှေ့ခုံတန်းလျားပေါ်မှာအတွဲတစ်တွဲ ပူးပူး ကပ်ကပ် ထိုင်နေကြလို့လေ။ ကောင်လေးက ကောင်မလေးပခုံးပေါ်က ပုရွက်ဆိတ်လား၊အမှိုက်လား မသိပါဘူး။ လက်နဲ့တောက်ပြီး ဖယ်ပေးနေတယ်။ ကောင်မလေး က ပြုံးလို့။ သြော်ကြည့်စမ်းပါဦးနော်။ သူများတွေများကြင်နာနေလိုက်ကြတာ။ ကျွန်မမှာများဖြင့် ခုချိန်ထိ ချစ်သူရည်းစားရယ်လို့ လက်ကလေး တွဲလျှောက်စရာ တောင်မရှိတဲ့အဖြစ်။ သူကကြိုက်တော့လည်း ကိုယ်ကမကြိုက်၊ ကိုယ့်ဘက်က စိတ်ကူးချင်တဲ့ သူတွေကျတော့လည်း ကိုယ့်ကိုစိတ်မကူး။ နဂိုကတည်းက ရုပ်က သာမန် ရွက်ကြမ်းရေကျိုပါဆိုမှ ကြေးကများနေသေးတော့ ကိုယ်မှတစ်ယောက်တည်းမဖြစ် ဘယ်သူဖြစ်မှာတဲ့လဲနော်။ ခုထိ တစ်ယောက်တည်းပေါ့။ တကယ်ဆို မိဘရပ်ရွာရဲ့အဝေးမှာ တစ်ကိုယ်တည်း ရပ်တည်နေရတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်နံဘေးမှာ အားပေးဖေးမဖော် ချစ်သူရည်းစား တစ်ယောက် ရှိနေခဲ့ရင် တစ်နည်းတစ်ဖုံတော့ ကောင်းတာပါပဲ။ အထူးသဖြင့် အခုလို အဆင်မပြေနေချိန်မျိုးမှာ ‘အားမငယ်ပါနဲ့၊ ကိုယ်ရှိသားပဲ’လို့ ပြောဖော်ရရင်ပဲ မဆိုးလှပေဘူး။ မျက်ရည်ကျတဲ့အခါ သုတ်ပေးမယ့်အဖော်မျိုးပေါ့။ မျက်ရည်ဆိုမှ ကျွန်မပါးကိုကျွန်မ ပြန်စမ်းကြည့်မိတယ်။ ကြည့်စမ်း၊ မျက်ရည်တွေပါလား။ ကျွန်မဖြင့် မငိုဘဲနဲ့ မျက်ရည်ဘယ်တုန်းက ကျလာတာလဲ။ ‘ငိုနေမိပါလား’ လို့တွေးမိလိုက်တော့ တစိမ့်စိမ့်ဝမ်းနည်းလာပြီး ကျွန်မရဲ့ တင်းထားတဲ့စိတ်တွေကို ဖြေလျှော့ပစ်လိုက်မိတယ်။ ရှိုက်ကြီးတငင် ငိုနေမိရင်းကပဲ ‘ကျွန်မဘဝမှာ ဒီတစ်ကြိမ်လောက် ဝမ်းနည်းမိတာမရှိဘူး’ လို့လည်းတွေးမိပါရဲ့။ လောကကြီးမှာ ကျွန်မတစ်ယောက်တည်းပါလားနော်။ ဖြစ်နိုင်ရင် ကျွန်မ အိမ်မပြန်ချင်ဘူး။အိမ်မှာ ကျွန်မအတွက် ‘နေရာ’ကို ကျွန်မခေါင်းငုံ့ပြီး ပြန်ဝင်ရတော့မှာ။ မပြန်ဘဲ ဒီမှာနေဖို့ရာကျတော့လည်း ကျွန်မမှာ အခက်အခဲ တွေ ရှိနေတယ်။ အကြီးမားဆုံးက စိတ်ဓာတ်ပေါ့။ ကျန်တဲ့အရာတွေက ကြိုးစားကျော်ဖြတ်ရင် ဖြစ်နိုင်ပေမယ့် ကျနေတဲ့စိတ်ဓာတ်ကြီးက ပြန်ကောက်မတင်နိုင်ရင် ဘာမှလုပ်လို့ရတော့ မှာ မဟုတ်ဘူး။ မောလွန်းလို့ မျက်ခွံတွေ လေးလံလာတဲ့အထိကို ကျွန်မငိုနေမိတယ်။
‘ဒေါက်၊ ဒေါက်’
အသံကြားပေမယ့် မျက်လုံးတွေက ရုတ်တရက်ဖွင့်မရဘူး ဖြစ်နေတယ်။ စိတ်ထဲမှာ ဝိုးတဝါးနဲ့ အိပ်မက်လိုလို တကယ်လိုလို။ ထူးတော့ ပြန်ထူးနေမိသလိုပဲ။ အသံက ထွက်မလာဘူး။
‘ဒေါက်၊ ဒေါက်’
”လာပြီ”
ဒီတစ်ခါတော့ မျက်လုံးတွေပွတ်သပ်လူးလဲထပြီး တကယ်ထူးနိုင်သွားတယ်။ စောစောစီးစီး ဘယ်သူတံခါးလာခေါက်နေတာလဲ။ နာရီကိုယောင်ယမ်း လှမ်းကြည့်မိတော့ ကျွန်မရင်ထဲ နွေးခနဲဖြစ်သွားတယ်။ဒီနေ့ ကျွန်မအလုပ်မသွားရတော့ဘူးနော်။ ကိုယ့်ကိုယ်ကိုယ် သပ်ရပ်ကြည့်ကောင်းအောင် ပြုပြင်ပြီး တံခါးသွား ဖွင့်လိုက်တော့ ပင်မင်းပေးတဲ့ ကောင်မလေးက ရပ်နေတယ်။ သနပ်ခါးအဖွေးသားနဲ့ မွှေးကြိုင်နေတဲ့သူလေးက ရှိသမျှသွားတွေအကုန်ဖော်ပြီး ‘ဟီး’ ခနဲ ရယ်ပြတယ်။ အလုပ်ရှိသူနဲ့ မရှိသူဆိုတာ အဲ့ဒီလိုကွာတာနေမှာ။
”အဝတ်တွေ မီးပူတိုက်စရာမရှိသေးဘူး ပုပုရယ်”
သူက ကျွန်မတို့အဆောင်နောက်ကျောဘက်က လမ်းကြားမှာနေတယ်။ ကျွန်မတို့ထက် အသက်ငယ်ပေမယ့် ကလေးတစ်ယောက်နဲ့ ဖိုသီဖတ်သီ ဖြစ်နေရှာသူလေးပေါ့။ ဒီနားတစ်ဝိုက်က အဆောင်သူတော်တော်များများရဲ့ လက်စွဲတော်ဆိုလည်း မမှားဘူး။ အဝတ်လျှော်မီးပူတိုက်၊ အင်္ကျီတစ်ထည်မှ တစ်ရာပဲ။ ငွေသိပ်မလျှံတဲ့ ကျွန်မကတော့ အဝတ်ကိုယ့်ဟာကိုယ်လျှော်ပြီး သူ့ကို မီးပူတိုက်ခိုင်းတယ်။ ငါးဆယ်ပဲ။
”ဟုတ်ကဲ့၊ သိပါတယ်။ အခုဟာက အစ်မကို စိတ်ပူလို့ လာကြည့်တာ”
”တို့”
သူ့စကားကို နားမလည်ပါးမ
လည်နဲ့ ကိုယ့်ကိုယ်ကိုယ်လက်ညှိုး
ပြန်ထိုးပြတဲ့ ကျွန်မအမေးကိုသူက
ခေါင်းညိတ်ပြလေရဲ့။ ကြည့်စမ်း
ကျွန်မ အလုပ်ပြုတ်လာကြောင်းကို
ကာယကံရှင်ကျွန်မ မပြောပြရပါဘဲနဲ့
ဘယ်သူမှ မသိလောက်ပါဘူး။
”တို့ ဘာဖြစ်လို့လဲ”
”သြော်၊ ဒီမနက်အဝတ်တွေလာကောက်တော့ အဆောင်မှူးကညက ထမင်းဆင်းမစားဘဲ စောစောအိပ်သွားတဲ့အကြောင်း၊ သူတီဗီကြည့်ပြီး တက်လာကြည့်တော့ အစ်မအခန်းထဲ မီးမှိတ်ပြီး အိပ်နေတဲ့အကြောင်း၊ ခုမနက်လည်း ထလာတာ မတွေ့သေးတဲ့အကြောင်း ပြောလို့ တက်လာကြည့်တာ။ နေကောင်းရဲ့လား အစ်မ”
သူကတော့ သူ့အလုပ်နဲ့သူလာရင်း အာလာပသလ္လာပသဘော ပြောတာဖြစ်ချင်ဖြစ်နိုင်ပေမယ့် နဂိုချည့်နဲ့နေတဲ့ ကျွန်မစိတ်ထဲမှာတော့တကယ်လိုအပ်နေချိန်မှာ မမျှော်လင့်ဘဲ ရရှိလိုက်တဲ့ သူစိမ်းတစ်ယောက်ရဲ့ အကြင်နာတရားကမျက်ရည်ကြည်တွေ ချက်ချင်းဝေ့လည်တက်လာရလောက်အောင်အစွမ်းထက်လှတာ အံ့အားသင့်စရာပါ။ ကြည်နူးဝမ်းသာသွားတာလား။ ဝမ်းနည်းအားပြတ်သွားတာလား မပြောတတ်ဘူး။ နေရင်းထိုင်ရင်း မျက်ရည်တလည်လည်နဲ့ နှပ်တရှုပ်ရှုပ် ဖြစ်လာတာတော့သိတယ်။
”မျက်နှာတွေလည်းနီနေသလိုပဲ၊ ဖျားနေတာလား”
”မဖျားပါဘူး”
ပုပုသာ သတိထားကြည့်မိမယ်ဆိုရင် မူမမှန်ဘဲ အဖျားခတ်တုန်ယင်နေတဲ့ ကျွန်မအသံတွေကိုရိပ်မိမှာပါ။
”ဒါဆိုလည်းပြီးရော၊ အဝတ်မရှိသေးရင်လည်း ဟိုဘက်အခန်းတွေကူးပြီး မေးလိုက်ဦးမယ် အစ်မရေ၊ သွားပြီ”
ပြောပြောဆိုဆို သူ လှည့်ထွက်သွားတာကိုကြည့်ပြီး ကျွန်မဘာသာမသိလိုက်ခင်မှာဘဲ ‘ပုပု’ လို့ လွှတ်ခနဲလှမ်းခေါ်လိုက်မိတယ်။ အသံက မကျယ်ပေမယ့် ပုပုက ကြားတယ်။
လှည့်ကြည့်ပြီး ”ရှင် အစ်မ” တဲ့။
”ကျေးဇူးပဲနော်”
ကျွန်မပြုံးပြီး ပြောလိုက်တာပါ။ အူကြောင်ကြောင်ဖြစ်သွားတဲ့ပုပုက ဘာလုပ်ရမှန်းမသိလို့နေမှာပေါ့။ ခေါင်းညိတ်ပြပြီး ပြန်ဆက်လျှောက်သွားတယ်။ ပုပုထွက်သွား ပြီးချင်း ကျွန်မပထမဆုံး လုပ်တာက တံခါးပိတ်တာပါ။ ပြီးတော့ မှန်ဝိုင်းလေးကိုကိုင်ပြီး ကျွန်မပုံရိပ်ကို မျက်တောင်မခတ်စတမ်း ကျွန်မသေချာစိုက်ကြည့်တယ်။ လောကကြီးမှာ ဒီမိန်းမတစ်ယောက်ကို ဂရုစိုက်မယ့်သူ မရှိဘူးလို့ပြောတာ ဘယ်သူလဲ။ဘယ်သူတွေ ဂရုစိုက်စိုက်မစိုက်စိုက်၊ရှိရှိမရှိရှိ၊ ပုပုဆိုတဲ့ လူသားတစ်ယောက် ကတော့ ကိုယ့်ကိုလိုအပ်သေးတယ်၊ ဂရုစိုက်သေးတယ်။ ဘယ်အခြေအနေပဲ ရောက်ရောက်၊ ဘယ်အချိန်အခါပဲ ရောက်ရောက် ကိုယ့်ဘေးမှာ တစ်ယောက်မှမရှိဘူး ဆိုတာ တကယ်နိမ့်ကျပြီး ယုတ္တိမရှိတဲ့ အတွေးပဲ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တော့ရှိမှာပါ။ ညတုန်းက ငိုထားလို့ မို့အစ်အစ်ဖြစ်နေတဲ့ မျက်လုံးအစုံနဲ့မှန်ထဲက မိန်းကလေးကို ကျွန်မအသေအချာ ပြုံးပြလိုက်တယ်။ ရေချိုးမယ်၊ အလှဆုံးဖြစ်အောင် ပြင်ဆင်ပြီးရင် အောက်ထပ်မှာ မနက်စာဆင်းစားရင်း သတင်းစာဖတ်မယ်။ အကယ်၍ ကျွန်မရဲ့ လက်ရှိပညာအရည်အချင်းနဲ့ သင့်တော်မယ့် အလုပ်ကြော်ငြာတွေ့ရင်..။ ဒီနေ့မှန်ထဲက ကျွန်မကတော့မနေ့တုန်းက ကျွန်မကို ပြန်တွေးမိပြီး ရယ်ချင်နေမလားဘဲ။ ။
ငွေဇင်ယော်ဦး(မိုးကုတ်)

ပေးစာတစ်စောင်

သို့....

ကျွန်မ ရိုသေစွာဖြင့် စာရေးခဲ့ပါတယ် ဆရာမ။ အစကတော့ ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ ဖွင့်မပြောတော့ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ကျွန်မရင်ထဲ တင်းကျပ်နေတာက တစ်ကြောင်း၊ တစ်ယောက်ယောက်ကတော့ တရားမမျှတမှု တစ်ခု နောက်ကွယ်က အဖြစ်မှန်ကို သိသင့်တယ် ထင်တာက တစ်ကြောင်းကြောင့် ဒီစာကို ကျွန်မ ရေးဖြစ်ခဲ့တာပါ။ အဲဒီ တစ်ယောက်ယောက် ဆိုတာကလည်း ကျွန်မအပေါ် စာနာ နားလည်ပေးနိုင်တဲ့သူ၊ ကျွန်မ ဘ၀ကို ကိုယ်ချင်းစာ ပေးမယ့်သူ၊ ပြီးတော့ ကျွန်မ မှီခိုနေခဲ့ရတဲ့ မေမေကြီးတို့ မိသားစုဝင် မဟုတ်တဲ့ အပြင်လူလည်း ဖြစ်ရမယ်ဆိုတော့ ကျွန်မဘ၀မှာ ဆရာမအပြင် ဘယ်သူရှိတော့ မှာလဲနော်။ ဒါကြောင့် ဆရာမ စာသင်တဲ့ အခန်းထဲက စားပွဲတင် ပန်းအိုးလေးအောက်မှာ ဒီစာကို ထားခဲ့တာပါ။ ကျေးဇူးပြုပြီး လေးလေးနက်နက် ဖတ်ပေးပါနော် ဆရာမ။

ကျွန်မရဲ့ ဇာတိကတော့ ဟိုးအောက်ပြည် အောက်ရွာ သေးသေးလေး တစ်ခုလို့ပဲ မှတ်ထားပေးပါ။ ရွာမှာ ကျွန်မရယ်၊ အမေရယ် အတူတူနေကြတယ်။ ဆွေမျိုး တွေကတော့ ရှိပါရဲ့။ ဒါပေမယ့် “ရွှေ” ရှိမှ “မျိုး” တော် ချင်ကြတဲ့ သူတို့နဲ့ ကျွန်မတို့ သားအမိ သဟဇာတ မဖြစ်လှပါဘူးလေ။ ကျွန်မတို့ သားအမိကလည်း “ကိုယ့်မရှိ မာနနဲ့ကိုယ်” ခပ်ကင်းကင်း နေပေမယ့် မရှိဆင်းရဲ မျက်နှာမွဲ ဘ၀မှာ ဟိုလူကနှိမ် သည်လူက နှိမ်နဲ့ မျက်နှာ ငယ်ရပါတယ်။ အထူးသဖြင့် “အဖေ မပေါ်ဘဲ မွေးတဲ့ ဟာမကများ မာနကကြီးသေး။ ဒင်းတို့ကို ကျုပ်တို့တွေကလည်း အဖက် မလုပ်ချင်ပေါင်” ဆိုတဲ့ စကားမျိုးနဲ့ ပုတ်ခတ် စော်ကားခံရတဲ့ ဘ၀က ဘယ်လောက် ခါးသီးမလဲ ဆိုတာ ဆရာမပဲ တွေးကြည့်။ ငွေမရှိရင် မာနမရှိ ရတော့ဘူးလားဟင် ဆရာမ။

ဆရာမကို အမှန်အတိုင်း ၀န်ခံရရင် ကျွန်မအမေ အပျိုပေါက် အရွယ်တုန်း မြို့တက်ပြီး အိမ်ဖော် လုပ်ဖူးတယ်။ သုံးနှစ်လောက်ကြာမှ ရွာပြန်လာတော့ ကျွန်မ ကိုယ်ဝန်ပါ လာခဲ့တယ်တဲ့။ “ယောက်ျား ဆုံးသွားလို့ ပြန်လာခဲ့တာပါ” လို့ အမေက ပြောပေမယ့် ဘယ်သူကမှ အယုံအကြည် မရှိရုံတင်မကဘူး။ တစ်မျိုး တစ်ဆွေလုံးက ဆေးဖော် ကြောဖက်တောင် မလုပ်ချင်ကြတော့ ဘူးတဲ့။ အမေရွာမှာ နေတုန်းက အမေအနေအထိုင် တတ်လွန်းလို့ သဘောကျပြီး ချွေးမ တော်ချင်တဲ့ သားရှင်တွေ၊ ချစ်ကြိုက်တဲ့ လူပျို ကာလသားတွေ ၀ိုင်းဝိုင်း လည်နေခဲ့တယ်လို့ ကျွန်မ သိတတ်လာတဲ့ အရွယ်မှာ ပြန်ကြားခဲ့ရတယ်။ ဒါနဲ့များ ဒီလို အဖြစ်မျိုး ကြုံခဲ့ရတာ အံ့သြစရာပဲ ဆရာမရယ်။

ထားပါတော့လေ။ ဆက်ပြောရရင် ဘယ်သူတွေက ဘယ်လိုပြောပြော အမေက ကျွန်မကို သတ္တိရှိရှိ မွေးဖွားခဲ့တယ်။ အားအင် အပြည့်နဲ့ ရုန်းကန် ကျွေးမွေးခဲ့ တယ်။ ကျွန်မ အရှေ့ကနေ မားမားမတ်မတ် ရပ်တည် ကာကွယ်ပေးခဲ့တယ်။ အများနဲ့ တစ်ယောက်ဖြစ်ပေမယ့် အမေကတော့ ပြုံးပြုံးလေးပါပဲ။ အဲဒီလောက် စိတ်ဓာတ်ခိုင်မာပြီး သတ္တိကောင်းလှတဲ့ အမေဟာ ကျွန်မက မေးခွန်းတစ်ခု မေးလိုက်ရင်တော့ တွေဝေ ငေးငိုင်သွား တတ်တယ်။ “ညည်းအဖေ မရှိတော့ဘူးလို့ အမေပြောပြီး ပါပကော မြရီ၊ အမေလည်း ဒါပဲ ပြောနိုင်တယ်။ တစ်ခုတော့ ရှိတယ်။ သမီးအဖေက အမေတို့လို ဘ၀ မနိမ့်ကျဘူး။ မျိုးရိုးကောင်းတဲ့ ပညာတတ် လူချမ်းသာမျိုး” လို့ မျက်ရည် အ၀ဲသားနဲ့ပြောရင်း ဘာကို နာကြည်းမှန်းမသိတဲ့ အပြုံးမျိုး ပြုံးတတ်သေးတယ် ဆရာမရဲ့။ ကျွန်မဘ၀က မွေးကတည်းက ဆက်တိုက်ကံဆိုး မိုးမှောင် ကျခဲ့ရတယ်။ အပယ်ခံ လူသားနှစ်ယောက်တည်းနဲ့ တည်ဆောက်ထားခဲ့ ရပါတယ်ဆိုတဲ့ ဘ၀လေးကိုမှ ကံတရားက ရက်ရက်စက် စက် ဖြိုခွဲ ပစ်ခဲ့ပြန်တယ်။ ကျွန်မ ဆယ့်နှစ်နှစ် သမီး အရွယ်မှာ အမေ မကျန်းမမာ ဖြစ်ပြီး ဆုံးသွားတယ်။ အဲဒီတော့ ပတ်ဝန်းကျင်က မသင့်တော်လို့ ဝေဖန်တိုက်တွန်းတဲ့ ဒဏ်ကြောင့် မကောင်းတတ်လို့ ထင်ပါရဲ့ ပယ်ထားကြတဲ့ ဆွေမျိုးတွေက ကျွန်မကို သူတို့ အိမ်ပေါ် ခေါ်တင်ထားကြတယ်။

ထမင်းစား ကျွန်ခံ ဆိုတဲ့ ဘ၀မျိုးမှာ ကျောင်းလည်း ဆက်နေခွင့် မရခဲ့ဘူး။ စာလိုက်နိုင်ပါရဲ့နဲ့ ငါးတန်း အောင်ပြီး ဆက်မထား ပေးတော့ဘူးလေ။ မကောင်းတတ်လို့ အိမ်ပေါ်ခေါ်တင် ထားရတာမို့ ဘာလုပ်လုပ် အကောင်းမမြင်ဘဲ မိုးလင်းမိုးချုပ် မကြည်မဖြူ ငြူစူ ဆောင့်အောင့် ခံနေတဲ့ဘ၀ဟာ တစ်စက်ကလေးမှ နေပျော်စရာ မရှိပါဘူး။ အဲဒီဘ၀မျိုးမှာ ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်အောင် ရုန်းထွက်ဖို့ အခွင့်အရေးလေး တစ်ခုလောက်ရရင် သိပ်ကောင်းမှာပဲလို့ တောင့်တနေတုန်းမှာ ကောက်ရိုးလေး တစ်မျှင်က ကျွန်မကို နွံထဲကနေ ဆွဲတင် ခဲ့ပါတယ်။

အဲဒါကတော့ ရွာကို အလည်လာရင်း အိမ်ဖော်ကောင်းကောင်း လာစုံစမ်းတဲ့ ဘဘဦးသာရင်နဲ့ မေမေကြီး ဒေါ်ခင်ကြည်တို့ ဇနီးမောင်နှံပါပဲ။ ကျွန်မလေ အဲဒီသတင်း ကြားကြားချင်း အမြန်သွား တွေ့တယ်။ ပထမကတော့ မေမေကြီးက ကျွန်မကို သိပ်လက်မခံချင်ဘူး။ ရုပ်ကလေး သန့်နေလို့တဲ့။ ဒါပေမယ့် ကျွန်မကလည်း အခွင့်အရေး နှစ်ခါ မလာနိုင်မှန်း သိနေတော့ မရမက အကြောင်းစုံ ပြောပြပြီး အသနားခံမိတယ်။ အဲဒီအချိန်မှာ ကျွန်မအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုက ကျွန်မ စိတ်အဆင်းရဲကြီး ဆင်းရဲစေတဲ့ ဘ၀ဆိုးက လွတ်မြောက်ခွင့်ပဲ။ ထမင်းစားကျွန်ခံ၊ အငြူစူခံ ဘ၀ထက်စာရင် ထမင်းကျွေး အ၀တ်ဆင်၊ လခရမယ့် နေရာက ကျွန်မဘ၀ကို အဓိပ္ပာယ် ရှိစေမလား ဆိုပြီး ဆုံးဖြတ်လိုက်မိတာ နောက်ဆုံးတော့ ကျွန်မဟာ မေမေကြီးတို့နဲ့ အတူ မြို့ကို လိုက်ပါခွင့် ရခဲ့တော့တယ်။

အသက်ဆယ့်လေးနှစ်သာသာ ရှိသေးတဲ့ ကလေးတစ်ပိုင်း လူကြီးတစ်ပိုင်း ဖြစ်နေပြီ ဖြစ်တဲ့ ကျွန်မကို မေမေကြီးတို့ တစ်အိမ်သားလုံးက မိသားစုဝင် တစ်ယောက်လို နွေးနွေးထွေးထွေး ကြိုဆို ဆက်ဆံကြပါတယ်။ တစ်အိမ်သားလုံး ဆိုတာက ဘိုးဘိုး ဦးမြမင်း၊ ဘဘနဲ့ မေမေကြီး၊ မေမေကြီးရဲ့မောင် နှလုံး ရောဂါသည်၊ လူပျိုကြီး လေးလေးမြတ်ဦး၊ ပြီးတော့ မေမေကြီးရဲ့သား နှစ်ယောက် ဖြစ်တဲ့ ကိုကိုကြီးနဲ့ ကိုကို လေးရယ် စုစုပေါင်း ခြောက်ယောက်ပေါ့။ သြော် ကျန်သေးတယ်။ နိုင်ငံခြား ရောက်နေတဲ့ မေမေကြီးရဲ့ သမီး အကြီးဆုံး မမသီတာရဲ့ သားနဲ့ သမီးနှစ်ယောက်လည်း ရှိတယ်။ အဲဒီတုန်းက အကြီးကောင်က သူငယ်တန်းစ တက်တုန်း။ ကလေးတွေကလည်း ကျွန်မကို ခဏလေးနဲ့ ချစ်သွားကြတာပါပဲ။ တကယ်ပါ ဆရာမရယ်။ မေတ္တာတရားမဲ့တဲ့ ရပ်ဝန်းထဲကနေ အလဲလဲ အပြိုပြိုထွက်ပြေး ရုန်းထွက်လာရတဲ့ မိန်းကလေး အတွက် ခိုလှုံစရာ နွေးထွေးတဲ့ ရိပ်မြုံလေးတစ်ခု ပိုင်ဆိုင်ရလိုက်တာဟာ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ပါပဲ။

ကျွန်မလေ လခ တစ်ပြားမှ မရဘဲတစ်သက်လုံး နေရမယ် ဆိုရင်တောင် ၀မ်းမြောက်ဝမ်းသာ ခေါင်းညိတ် လက်ခံမှာပါ။ မပျော်သင့် မပျော်အပ်တဲ့ ဘ၀မျိုးပေမယ့် ကျွန်မ အရမ်းပျော်မိတယ်။ ဒါကြောင့် မေမေကြီးတို့ မိသားစုရဲ့ ကျေးဇူးတရားတွေကို တတ်သိ နားလည်စွာနဲ့ ကျွန်မ တတ်နိုင်သလောက် မေတ္တာ စေတနာထားပြီး ကျေးဇူး တုံ့ပြန်တယ်။ ဘာအလုပ်ပဲ ဖြစ်ဖြစ် အိမ်ဖော်တစ်ယောက်က အိမ်ရှင်တွေအပေါ် ၀တ္တရား ကျေပုံမျိုးထက် ဒီအိမ်ရဲ့ မိသားစုသွေးရင်း တစ်ယောက်လို ကိုယ့်မိဘ၊ ကိုယ့်ဦးလေး၊ ကိုယ့်အစ်ကို၊ ကိုယ့်တူ၊ တူမ တွေလို စိတ်ထဲ သဘောထားပြီး စေတနာပါပါ လုပ်ကိုင်ပေးတော့ တစ်အိမ်လုံးက ကျွန်မကို ချစ်ခင်ကြတယ်။ ယုံကြည်မှု ရှိကြတယ်။ အဲဒီနောက် ကျွန်မထပ်ပြီး ရင်းနှီး ခင်မင်ခဲ့ ရတာကတော့ ဆရာမပဲပေါ့။ ကလေးနှစ်ယောက်ကို စာသင်ပေးဖို့ ဆရာမ ရောက်လာတုန်းက ဆိုရင် ကျွန်မ ၀မ်းသာလိုက်တာ။ ပညာတတ်ကြီး ဖြစ်ချင်ရက်နဲ့ ပညာကို နှမြောတသစွာ စွန့်လွှတ် ကျောခိုင်းခဲ့ရတော့လေ ကျွန်မက ပညာတတ် မှန်သမျှကို အားကျ အထင်ကြီးပြီး လေးစားတယ်။ ကျွန်မလည်း အမေရှိစဉ်တုန်းကတော့ ဆရာမတို့လို ဘ၀မျိုး ရည်မှန်းထားခဲ့ဖူးတယ်။ ဒါပေမယ့် ဘ၀အခြေအနေ မပေးခဲ့တော့။ ထားပါလေ။

ခုနကစကားကို ပြန်ဆက်ပါရစေ။ မဆက်ခင် ပြောဖို့ ကျန်နေတာ တစ်ခုရှိတယ်။ အဲဒါက ကျွန်မဆယ့်ရှစ်နှစ် အရွယ်ရောက်တော့ ကျွန်မတို့ အိမ် တစ်လမ်းကျော်လောက်က ဟန်သာဆိုတဲ့ ကောင်လေးနဲ့ ချစ်သူ ဖြစ်ခဲ့ကြတယ်။ သူက ကျွန်မထက် နှစ်နှစ် ကြီးတယ်။ ကျွန်မလိုပဲ ရွာကနေ မြို့က ဘကြီးအိမ်မှာ နေရင်း ကြုံရာကျပန်း ၀င်လုပ်နေတဲ့ သူပေါ့။ ဒီလိုပဲ သွားရင်း လာရင်း ဘ၀တူချင်း မျက်မှန်း တန်းမိပြီး ချစ်သွားကြတာပေါ့ ဆရာမရယ်။ နောက်တော့ သူက ဒီလို လက်သမားလေး ဘာလေး လုပ်လိုက်၊ ပန်းရံလေး ၀င်လုပ်လိုက်နဲ့ဆိုရင် ဘ၀တိုး တက်ဖို့ရာ လမ်းမမြင်ဘူး။ ကျွန်မတို့နှစ်ယောက် ရှေ့ရေးလည်း ရှိသေးတယ်ဆိုပြီး အဖော်ကောင်းတာနဲ့ ရွှေတောဘက် ပါသွားပါလေရော။ တစ်ခါတလေ ကျွန်မက အပြင်ထွက်ပြီး ဖုန်းခိုးဆက်မှသာ အဆက်အသွယ် ရတာပေါ့လေ။ ပြောရရင် နှစ်လ တစ်ခါလောက် စကား ပြောခွင့်ရကြဖို့တောင် မလွယ်တဲ့ ဘ၀ပါ။ မေမေကြီးတို့ကတော့ ဘာမှမရိပ်မိဘူး ပေါ့နော်။

သူက သုံးနှစ်နေမှ နှစ်ခါပဲ ပြန်လာတယ်။ ဒုတိယအခေါက် ပြန်လာတော့ တော်တော် ပိန်သွားတယ်။ နေသိပ်မကောင်းဘူး။ ငှက်ဖျားရ လာတာတဲ့လေ။ ငွေမစုမိ သေးတော့ သူက ပြန်သွားဦး မယ်လို့ ပြောတယ်။ သုံးနှစ် သုံးမိုးရှိပြီမို့ ယူရင်လည်း ယူလို့ ရပြီဆိုပေမယ့် သူက “ဒါဆို ယူကြမယ်ကွာ” ဆိုတော့လည်း ခေါင်းမညိတ်ချင်ဘူး။ အခြေမခိုင်သေးဘဲ ဇွတ်ယူကြရင် ကျွန်မတို့ နှစ်ယောက်တည်း ဒုက္ခတွေ့ ရုံတင်မကဘူး။ မွေးလာမယ့် ကလေးတွေကိုပါ ဒုက္ခပေးသလို ဖြစ်သွားမှာ စိုးရိမ်တယ်။ ကျွန်မ ကိုယ်တွေ့ ခံစားချက် အရပေါ့နော်။ ကျွန်မတို့ဟာ ရွေးချယ်ခွင့် မရှိဘဲ ကံပစ်ချရာ အတိုင်း လူဖြစ်လာခဲ့ ကြရတာ။ အဲဒီ ကံပစ်ချရာ ဆိုတာကလည်း သားသမီးကံက မိဘတွေ အပေါ်လည်း တစ်စိတ် တစ်ဒေသ မူတည်သေးတာပဲလေ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စွမ်း မရှိသေးဘဲနဲ့ အိမ်ထောင်ပြုတော့ အပြစ်မဲ့စွာ မွေးဖွားလာတဲ့ ကိုယ့်ရင်သွေးကို ဒုက္ခတွင်းထဲ ကူဆင်းဖို့ ဆွဲခေါ်လိုက်တာနဲ့ တူတူပါပဲ။ ကျွန်မအဲဒီလို လုံးဝ အဖြစ်မခံနိုင်ဘူး ဆရာမ။ ဒါကြောင့် သူ့ကို နားလည် သဘောပေါက်အောင် ပြောပြပြီး ငွေစု ခိုင်းလိုက်တယ်။ သူပြန်သွားတော့ ကျွန်မက သူအဆင်ပြေဖို့ အထပ်ထပ် ဆုတောင်းရင်း သူနဲ့ တည်ဆောက်မယ့် ဘ၀သစ်အတွက် စိတ်ကူးမျှော်လင့် ချက်တွေ အပြည့်နဲ့ ကျန်ရစ်ခဲ့ရတယ်။

ဒါပေမယ့် အဲဒီ မျှော်လင့်ချက်တွေဟာ သူသွားပြီး နှစ်လလောက် အကြာမှာ ရက်ရက်စက်စက် ချေမွ ခံလိုက်ရပြန်တယ် ဆရာမရယ်။

အဲဒီညက ပြည့်ပြည့်စုံစုံ ပြောရရင် မိုးတွေ သဲကြီးမဲကြီးနဲ့ တ၀ုန်းဝုန်း ရွာချတဲ့ ညပေါ့။ ကံဆိုး မိုးမှောင်ကျသွားတဲ့ ကျွန်မအဖြစ်ကို ကိုယ်စောင့်နတ်ရယ်၊ ကွဲသွားတဲ့ စာကြည့်မီးလုံး ကလေးရယ်က လွဲပြီး ဘယ်သူမှ မသိလိုက်ပါဘူး။ တံခါးချက် ထိုးဖို့တောင် မေ့လျော့သွားတဲ့ ကျွန်မရဲ့ အိပ်ချင်စိတ် ကြီးစိုးသွားတာဟာ ဘယ်သူမပြု မိမိမှုပဲလား ဆရာမရယ်။

အဲဒီည လူနဲ့ ကျွန်မဟာ အမှောင်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ခေါင်းရင်းက စာကြည့်မီးလုံး ကွဲသွားခဲ့တယ်။ ကျွန်မအတွက် ကမ္ဘာပျက်တဲ့ ညပေါ့။ တရားခံ ထွက်ပြေးသွားတဲ့ အချိန်မှာ ရှက်ရွံ့ ယူကျုံးမရတဲ့စိတ်၊ နာကျင်ဒေါသ စိတ်တွေနဲ့ ဘာလုပ်ရမှန်း မသိဘဲ ကျွန်မ မျက်ရည်တွေ တပေါက်ပေါက် ကျလာမိတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ တပ်အပ် မသိပေမယ့် ဒီလောက် လုံခြုံတဲ့ တိုက်ကြီး တာကြီးထဲကို ဘယ်လိုသူခိုး၊ သူဝှက်မှ ၀င်လို့မရနိုင်တာ ကျွန်မလိုပဲ ဆရာမလည်း စဉ်းစားမိမှာပါ။ ဒါပေမယ့် ဒီအိမ်သားတွေထဲက တစ် ယောက်ယောက်လို့ လုံးဝ မယုံကြည်ချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီအိမ်မှာ ကျွန်မအပေါ် မရိုးမသားစိတ်နဲ့ ထိကပါး ရိကပါး လုပ်ဖူးသူ၊ အခွင့်အရေး ယူချင်သူမရှိလို့ ပါပဲ။ အားလုံးက သမီးလေးလို နှမလေးလို ကျွန်မကို ဖေးမ ညှာတာ ကြတယ်။ မိသားစု ဆွေမျိုးရင်းချာလို သဘောထား ကြတယ် ဆိုတာလေ။

မနက်မိုးလင်းတော့ ထမင်းစားပွဲမှာ အပူရုပ်ကို ဟန်လုပ်ရင်း အားလုံးကို အကဲခတ်ရတယ်။ ဒါပေမယ့် တရားခံကပဲ ဟန်ဆောင်ကောင်း လွန်းတာလား။ ကျွန်မကပဲ လူကဲခတ် ညံ့တာလား မသိပါဘူး။ အားလုံး ပုံမှန်အတိုင်းပဲ။ မလုံမလဲ ဟန်နဲ့ မူပျက်နေတာ တစ်ယောက်မှ မတွေ့ရဘူး။ ဒါပေမယ့် ညတုန်းက ကျွန်မ ကြုံခဲ့ရတဲ့ အဖြစ်ဟာ လန့်နိုးလာရင် ပြီးသွားတဲ့ အိပ်မက် တစ်ခုမှ မဟုတ်ခဲ့တာ။ ဒါကြောင့် တရားခံဟာ ဒီအိမ်ထဲမှာ ရှိကို ရှိနေမှာပဲလေ။ စဉ်းစား ကြည့်ရင်လည်း အားလုံးဟာ သူ့သိက္ခာနဲ့ သူဣနြေ္ဒရတဲ့ လူကောင်း သူကောင်းတွေချည်း ပါပဲ။

ဘိုးဘိုးက လေဖြတ်ထားလို့ ၀ှီးချဲလ်နဲ့ သွားလာနေရတဲ့ ဒုက္ခိတ။ ဘဘကြီးနဲ့ လေးလေးမြတ်ဦး ကလည်း နှစ်ယောက်စလုံး သံသယ၀င်စရာ မရှိတဲ့ သူတော်ကောင်းတွေ။ ကြည့်လေ ဘဘကြီးက ဘုရားမှာ ဂေါပကအဖွဲ့ဝင်။ လေးလေးမြတ်ဦးဆို တာကလည်း ဟိုနားဒီနား သွားတာတောင် မောမောနေတဲ့ မွေးရာပါ နှလုံးရောဂါသည်။ သူက သူ့ကိုယ်သူ အသက်မရှည် လောက်ဘူး ဆိုပြီး အမြဲလိုလို ပုတီးစိပ်လိုက်၊ ဘုရားစာ ရွတ်လိုက် လုပ်နေတဲ့သူ။ ကိုကိုကြီးကလည်း ချစ်သူရှိတယ်။ မကြာခင်မှာ အဲဒီ သူ့ချစ်သူ ဆရာဝန်မလေးနဲ့ လက်ထပ်ဖို့ရာ စေ့စပ်ရက်တောင် ရွေးထားပြီးပြီ။ ကိုကို လေးကလည်း သူ့ဟာသူ အပြင်မှာ ဘယ်လောက် ရည်းစားများများ အိမ်မှာဆို ကျွန်မကို တကယ့် နှမလေးလို စလိုက် နောက်လိုက်နဲ့ ရိုးသား ဖြူစင်စွာ ဆက်ဆံတတ်တဲ့ လူ။

ကဲ ကျွန်မ ဘယ်သူ့ကို သံသယ၀င်ရမလဲ ဆရာမ။

အဲဒီမှာ ထမင်းဝိုင်းလည်း သိမ်းရော ကိုကိုကြီးက အိုက်လို့ဆိုပြီး အပေါ်ဝတ် အင်္ကျီကို ချွတ်လိုက်တဲ့ အချိန်မှာ ကျွန်မ မျက်လုံးပြူးသွားတယ်။ ကိုကိုကြီးရဲ့ ဘယ်ဘက် လက်ဖျံမှာ ပတ်တီး ဖြူဖြူ စီးထားတယ်။ ကျွန်မ အခန်းခေါင်းရင်းက မီးသီးဟာ တရားခံရဲ့ ဘယ်လို အစိတ်အပိုင်းကို ထိပြီး ကွဲသွားမှန်း သေချာ မသိပေမယ့် လက်နဲ့ ထိတာလည်း အများကြီး ဖြစ်နိုင်တာပဲလေ။ ကျွန်မမှာ ဟုတ်မှ ဟုတ်ရဲ့လားလို့ တစ်ယောက်တည်း ကြေကြေကွဲကွဲ ငိုလိုက်ရတာ။ ကိုကို ကြီးကတော့ ကျွန်မဘာမှ မသိဘူးထင်ပြီး ခပ်တည်တည်နဲ့ ပုံမှန်ပါပဲ။ ကျွန်မကလည်း မသိချင်ယောင်ဆောင် နေရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ ဆရာမရယ်။ ဒါပေမယ့်လေ ဘယ်လိုပဲ ဟန်ဆောင် ဖုံးကွယ် ထားပါစေ။ ဖုံးကွယ်မှုဆိုတာ အချိန်တန်ရင် ပေါ်လာရတာ ဓမ္မတာပါပဲ။

အဲဒီနေ့ကပေါ့ ။ ကိုကိုကြီး စေ့စပ်ပွဲအတွက် ကြိုတင် ပြင်ဆင်ကြရင်း ပင်ပန်းတဲ့ဒဏ်၊ ညပေါင်းများစွာ စိတ်ဆင်းရဲပြီး အိပ်ရေးပျက်ခဲ့တဲ့ ဒဏ်တွေကြောင့် ကျွန်မအနိုင်နိုင် အားတင်းထားပေမယ့် မရတော့ပါဘူး။ ကျွန်မမူးလဲ သွားတော့ အားလုံးပျာယာ ခတ်ကုန်တယ်။ သတိမလစ်ခင် နောက်ဆုံး ဆန္ဒကတော့ ကျွန်မဘယ်တော့မှ ပြန်သတိလည် မလာဖို့ပါပဲဆိုရင် ဆရာမ အံ့သြနေမလားပဲ။ ဒါပေမယ့် ဘယ်တော့မှ ဆုတောင်း မပြည့်ဖူးတဲ့ မြရီဟာ ဒီတစ်ခါမှာလည်း ကံဆိုးစွာနဲ့ ပြန်သတိ ရလာခဲ့တယ်။ မျက်စိနှစ်လုံးပွင့်ပြီး သတိကပ်ကပ်ချင်း အားလုံးရဲ့ မျက်နှာကိုကြည့်ရင်း ကျွန်မ သဘောပေါက် လိုက်တယ်။

မျက်လုံးပေါင်း များစွာက ကျွန်မကို မေးခွန်းတစ်ခုတည်း မေးနေကြ သလိုပါပဲ။ ကျွန်မ ကိုယ်တိုင်တောင် မသိတဲ့ အဖြေဆိုတော့ ရေငုံ နှုတ်ပိတ်နေရုံက လွဲပြီး ဘယ်လို လုပ်မလဲ ဆရာမရယ်။ အထူးသဖြင့် ကိုကိုကြီးရဲ့ ဇနီးလောင်း မျက်နှာက သိသိသာသာ ပျက်ယွင်းလို့။ ရလဒ်ကတော့ မင်္ဂလာပွဲကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက် ကြတာပါပဲ။ ကျွန်မနှုတ်က ၀န်ခံမယ့် တရားခံကို အားလုံးက သိချင်နေကြတယ်။ မေမေကြီးဆိုရင် ချော့တစ်မျိုး၊ ခြောက်တစ်လှည့် အစ်အောက်လွန်းလို့ စိတ်ဆင်းရဲလိုက်တာ ဆရာမရယ်။

အဲဒီနေ့ကစပြီး ကိုကိုလေးကလွဲပြီး အားလုံးက ကျွန်မကို ရှောင်ဖယ် လာကြတယ်။ ကိုကိုကြီးက အဆိုးဆုံးပေါ့။ ကျွန်မရှိတဲ့ နေရာဆို သူသိသိသာသာ ရှောင်ထွက် သွားတတ်လို့ ကျွန်မ ရင်နာရ တယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ တရားခံကို လက်ညှိုး ထိုးပြရအောင်ကလည်း ခိုင်လုံတဲ့ သက်သေက မရှိတော့ ကျွန်မ အဖြစ်က ဆုတ်လည်းဆူး စားလည်းရူးပေါ့။ ကိုကိုလေး ကတော့ ကျွန်မကို သနားလို့လား မသိဘူး ခါတိုင်းထက်ပိုပြီး ဂရုစိုက်လာတယ်။ ကြင်နာလာတယ်။ ကျွန်မ အနားလာပြီး အားပေးစကားတွေ လာပြောတတ်တယ်။ အဲဒီအခါမှာ အားလုံးရဲ့ သံသယ မြားဦးက ကိုကိုလေးဘက် လှည့်လာ ပြန်ပါတယ်။

ရည်းစားများတဲ့ ကိုကိုလေးကို မေမေကြီးက အစ်အောက် တော့တာပါပဲ။ တိုက်ဆိုင်တာပဲ ဆိုရမလား မသိဘူး။ တစ်နေ့ ရေချိုးဖို့ အင်္ကျီချွတ်ကြီးနဲ့ ထွက်လာတဲ့ ကိုကိုလေးရဲ့ ညဘက် လက်ကောက်ဝတ် နေရာမှာ ထိခိုက်ရှရာ အစင်းကြောင်း အမာရွတ် လတ်လတ် ဆတ်ဆတ်ကြီး တစ်ခု တွေ့လိုက်ရ ပြန်ရော။ ကျွန်မ မိုက်ခနဲ ဖြစ်သွားရင်း အဲဒါ ဘာဒဏ်ရာလဲလို့ မေးတော့ ကိုကိုလေးက ရှုးတိုးတိုး၊ ဟိုး တစ်လောက ရန်ဖြစ်တာလို့ ဖြေတယ်။ ကျွန်မ စိတ်ရှုပ်သွား ပြန်ရော။

ဒါဆို တရားခံ ဘယ်သူလဲလို့ သိချင်စိတ် ပြင်းပြလာ ခဲ့တယ်။

အဲဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်မရဲ့ချစ်သူ ကိုဟန်သာ ပြန်ရောက်လာတယ်။ ကျွန်မကလည်း ကိုယ့်အပူနဲ့ ကိုယ် အိမ်တွင်းအောင်း နေတာဆိုတော့ သူ့သတင်း မကြား မိဘူး။ ရောက်ပြီးနှစ်ရက် သုံးရက်ကြာမှ သူ့သူငယ်ချင်း တိုးတိုးတိတ်တိတ် လာခေါ်လို့ ကျွန်မ လိုက်သွားကြည့်တော့ သူစကားတောင် မ ပြောနိုင်တော့ပါဘူး။ ကျွန်မကို တွေတွေကြီး ကြည့်နေရင်း အသက် ထွက်သွားရှာတယ်။ ဆရာဝန်က“ဆုံးတာကတော့ ငှက်ဖျားပါပဲ။ ဒါပေမယ့် သူ့ သွေးစစ်ကြည့်တော့ HIV ပိုး တွေ့တယ်” လို့ မှတ်ချက် ပေးတယ် ဆရာမ။ ကျွန်မမှာ တစ်ပူပေါ် နှစ်ပူဆင့်။ သူကျွန်မ အပေါ် သစ္စာမထားခဲ့ ပါလားလို့ စိတ်ဆိုးစိတ်နာ ခွင့်တောင် မရလိုက်တော့ဘူး။ စိတ်လည်း မနာရက်တော့ ဘူးလေ။

ပြီးတော့ အိမ်မှာလည်း ကိုကိုကြီးနဲ့ ကိုကိုလေး တစ်ပြန်တစ်လှည့်စီ စွပ်စွဲရင်း ရန်မဖြစ်တဲ့ နေ့ဆိုတာ မရှိသလောက်ပါပဲ။ နောက်ဆုံး ကိုကိုလေး အိမ်က ဆင်းသွား ပါတော့တယ်။ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆိုသလိုပါပဲ ဆရာမရယ်။ နောက်ဆုံးတော့ မေမေကြီးက ပြတ်ပြတ်သားသား ဆုံးဖြတ် လိုက်ပုံ ရပါတယ်။ ကျွန်မကို ခေါ်ပြီးပြောတယ်။ ကာယကံရှင် ကိုယ်တိုင်က ဖွင့်မပြောတဲ့ အတွက် ဒီကိစ္စကို လက်လျှော့ လိုက်ပါပြီတဲ့။ ကျွန်မက ကျွန်မ တကယ်မသိတဲ့ အကြောင်း အဖြစ်မှန်ကို ပြောပြတုန်းကလည်း သူတို့ကမှ မယုံကြတာ ဆရာမရယ်။ ကျွန်မက တစ်ခုခုကြောင့် ရေငုံနှုတ်ပိတ် ထားတယ်လို့ သူတို့ ယူဆကြတာကိုး။ ဒါနဲ့ အတိုချုံးပြောရရင် မေမေကြီး တို့ကို ငဲ့ညှာတဲ့အနေနဲ့ ဒီကလေးကို ဒီမှာမမွေးဖို့ ရွာပြန်မွေးပြီး ကျွေးမွေးပြုစု လုပ်ကိုင် စားသောက်ဖို့ အရင်းအနှီး လုံလုံလောက်လောက် ထုတ်ပေးမယ် ပေါ့လေ။ မေမေကြီးကိုလည်း ကျွန်မ အပြစ်မမြင်ပါဘူး။ တကယ်ပါ။ မျိုးရိုးအဆင့်အတန်း ကွာဟလွန်းတဲ့အပြင် အိမ်ကခိုင်းတဲ့ ကောင်မလေးနဲ့ ကိုယ့်သားကို ဘယ်သားရှင်မျိုးက ကြည်ဖြူပါ့ မလဲနော်။ မသိမသာ သွယ်ဝိုက်ပြီးနှင် နေပြီဖြစ်တဲ့ အတွက် ကျွန်မ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

တကယ်ဆို ကျွန်မ အလိုက်တသိနဲ့ ထွက်ခွာပေးခဲ့ ချင်တာပါ။ ဒါပေမယ့် ကျွန်မရဲ့ ရင်သွေးလေး မွေးဖွား လာခဲ့ရင်တောင် အဖေနာမည် ပြောမပြနိုင်ရင် ဘယ်လောက် ကြေကွဲရမလဲ စဉ်းစားကြည့်ပါ ဆရာမရယ်။ ကျွန်မ ငယ်ငယ်တုန်းက ခံစားချက်မျိုး ကျွန်မ ကလေးကို မခံစားရလေအောင် အဖေနာမည် သိခွင့်ရလိုရငြား ဇွတ်ပေကတ် နေခဲ့တာပါ။ အမေ့ကိုလည်း သတိရလိုက်တာ ပြောမနေ ပါနဲ့တော့။ ကိုယ်တွေ့ကြုံမှ အမေ့ဘ၀လေးကို ထပ်တူထပ်မျှ စာနာသနားမိရင်း တမလွန်က အမေ့ကို အကြိမ်ကြိမ် ရှိခိုးမိပါတယ်။ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ အဖေဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဘ၀ ပုံရိပ်ကိုလည်း ကျွန်မအလိုလို သိလိုက်ရသလိုပါပဲ။ ဒီလိုနဲ့ကျွန်မ ခုနစ်နှစ် ကျော်နေလာတဲ့ အိမ်ကြီးကို စွန့်ခွာသွားဖို့ ဆုံးဖြတ် လိုက်တော့တယ်။ မေမေကြီးကို ရွာပြန်မယ်လို့ ပြောပေမယ့် ကျွန်မ အဆင်ပြေမယ် ထင်တဲ့ အခြားတစ်နေရာကို သွားမှာပါ။ ဘာကြောင့်လဲဆိုရင် ကျွန်မကို အမေမွေးခဲ့တုန်းက ဆွေမျိုး အသိုက်အ၀န်းတွေ ကြားထဲ ကျွန်မ မျက်နှာငယ် ခဲ့ရသလို ကျွန်မကလေးကို မခံစားရစေချင်လို့ပါ။ ထွက်မသွားခင်မှာ ကျွန်မခေါင်းထဲမှာ လေးလေးနက်နက် အတွေးနှစ်ချက် ၀င်လာတယ်။

တစ်အချက်က ကျွန်မအပေါ် မိခင်ရင်းတမျှ ကောင်းခဲ့ရှာတဲ့ မေမေကြီးကို ကျွန်မ အပေါ် မတရားဘူးလို့ ထင်ပြီး စိတ်မချမ်းမသာ တအုံနွေးနွေးနဲ့ မကျန်ခဲ့စေချင်ဘူး။ နှစ်အချက်က အပြစ်မဲ့တဲ့ ကျွန်မဘ၀ကို ယုတ်မာ ရက်စက်စွာ ချေမွ ဖျက်ဆီးခဲ့တဲ့ လူယုတ်မာကို တစ်နည်းနည်းနဲ့ ဒဏ်ပေး ခဲ့ချင်တယ်။ ကျွန်မအဖြစ်က ဧ၀ရတ်တောင်ကို ပန်းနဲ့လှမ်း ပေါက်သလောက်တောင် အရာဝင်ချင်မှ ၀င်လိမ့်မယ်။ ဒါ ပေမယ့် ပေါက်ခွင့်ရလိုက်တဲ့ အတွက် ကျွန်မကိုယ် ကျွန်မ တစ်စိတ်တစ်ဒေသ ဖြစ်ဖြစ် ကျေနပ် ဖြေသိမ့်မှု ရနိုင်ရင်ပဲ မဆိုးဘူးပေါ့နော်။

ဒါနဲ့ တိုတိုပြောမယ် ဆရာမရယ်။ ကျွန်မပြန်ရမယ့် ရက်တဖြည်းဖြည်း ရောက်လာခဲ့တယ်။ ပြန်ရမယ့်ရက် နေ့လယ်ပိုင်းလောက်မှာ ကိုကိုလေးပါ ပြန်ခေါ်ပြီး တစ်အိမ်သားလုံးကို စုံစုံညီညီ နှုတ်ဆက် ကန်တော့ခွင့်ပြုဖို့ ခွင့်တောင်း လိုက်တယ်။ ညရထားနဲ့ ပြန်ရတော့မယ့် ကျွန်မဆန္ဒကို လိုက်လျောပြီး မေမေကြီးက စီစဉ်ပေးရှာပါတယ်။ ဘိုးဘိုးကအစ လေးလေးမြတ်ဦး အလယ်၊ ကိုကိုလေးအဆုံး အားလုံးကို ကျွန်မ၀မ်းနည်းစွာ ကန်တော့ရင်း စကားနည်းနည်း ပြောခဲ့တယ်။ အားလုံးကို ကျွန်မ မပြန်ခင် ကျွန်မ မိုက်မှားမိခဲ့တဲ့ အပြစ်ကို တောင်းပန်ချင်ကြောင်း၊ နားနဲ့မနာ ဖ၀ါးနဲ့နာ ကျွန်မရဲ့ ကိုယ်ဝန်ဟာ မကြာခင်ကမှ HIV နဲ့ သေဆုံးသွားခဲ့ရှာတဲ့ ကိုဟန်သာနဲ့ ရတဲ့ ကိုယ်ဝန် ဖြစ်ကြောင်း စသည်ဖြင့်ပေါ့ ဆရာမရယ်။ စကားအဆုံးမှာတော့ အားလုံး ကြက်သေ သေကုန်ပြီး မေမေကြီးကတော့ ကျွန်မကို ဖက်ပြီး “ မိုက်လိုက်တာ မြရီရယ်” ဆိုပြီး ကျူကျူပါအောင် ငိုရှာတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်ဝန်ဟာ သူ့သွေးသားထဲက တစ်ယောက်ယောက်နဲ့ ရတဲ့ ကိုယ်ဝန် မဟုတ်လို့ မေမေကြီး စိတ်ချမ်းသာ သွားမှာကို ကျွန်မ ကျေနပ်တယ်။ ပြီးတော့ ကျွန်မစကားက တရားခံကို သူနဲ့ ထိုက်တန်တဲ့ အပြစ်ကို ရသွားခြင်းအတွက် ခံစားရမယ့် တုန်လှုပ်မှု ပေးနိုင်တဲ့ အတွက်လည်း သိပ်ကျေနပ် တယ်။

ဆရာမရေ အချိန်လည်း မရတော့ဘူး။ ဘူတာမဆင်းခင် ကတိုက်ကရိုက် ရေးရတာ ဆိုတော့ လက်ရေး သည်းခံပေးပါ။ ဒီစာကို ဖတ်ပြီးရင် ဆရာမအနေနဲ့ ဖျောက်ဖျက် ပစ်လိုက် စေချင်ပါတယ်။ ကျွန်မအနေနဲ့ ကတော့ ဒီလောကကြီးမှာ အမှန်တရားကို သိတဲ့လူဟာ ကျွန်မအပြင် အခြား တစ်ယောက် ရှိသေးတယ်ဆိုတဲ့ အသိနဲ့ပဲ လုံလောက်တဲ့ စိတ်ကျေနပ်မှု ရပါပြီ။ သြော် ပြောဖို့ မေ့ကျန်ခဲ့တယ်။ ကျွန်မနဲ့ ကိုဟန်သာက လက်ကလေးတောင် သုံးခါပြည့်အောင် မကိုင်ဖူးကြတဲ့ တကယ့် သန့်သန့်ရှင်းရှင်း ချစ်သူတွေပါ ဆရာမ။ သွားရမယ့် အချိန် နီးနေပြီမို့ စာကို ဒီလောက်နဲ့ပဲ အဆုံး သတ်လိုက်ပါပြီ။ နှုတ်ဆက်ခဲ့ပါတယ် ဆရာမ။ ဆရာမ တစ်ယောက် ဘ၀လမ်းခရီး တစ်လျှောက် ထာဝရသာယာ ဖြောင့်ဖြူးပါစေ။ အဝေး တစ်နေရာမှ ကံဆိုးမလေး မြရီ။

စာအဆုံးမှာ ဒီနေ့မနက် ထမင်းစားချိန်အထိ အခန်းထဲမှ ထွက်မလာ၍ အိပ်ရာထဲထိ သွားနှိုးတော့ ဘယ်အချိန်ကတည်းက နှလုံးသွေးရပ် သေဆုံးနေသည် မသိသော မောင်မြတ်ဦး၏ ပုံရိပ်ကအာရုံကို ဒိုင်းခနဲ လာဆောင့်တိုးသည်။ ဘုရား ဘုရား ဒေါ်ခင်ကြည်သည် မိုက်ခနဲ ဖြစ်သွားကာ နံရံကို ကပျာကယာ လက်လှမ်း ထောက်လိုက်ရသည်။ နံရံက ရွက်ဆုတ်ပြက္ခဒိန်မှာ ကျူရှင်ပိတ်သည့် တနင်္ဂနွေက နေရာယူနေလျက်သား။

ငွေဇင်ယော်ဦး (မိုးကုတ်)

ရင်ဝှက်အက်ကြောင်း

နိဒါန်း

“မေသစ်အောင်ရဲ့ လူက ရေခဲတုံး ကျနေတာပဲ။ အေးလိုက်တာ။ တစ်ရက် တစ်ရက် စကား ဆယ်လုံး ကွဲအောင်တောင် ပြောရဲ့လား မသိဘူးး။ ကြည့်ရတာ သဘောကောင်း ကြင်နာ တတ်မယ့်ပုံပဲနော်။ မေသစ်အောင်က အရွေးတော်လိုက်တာ”မောင့်ကို ကျွန်မမိတ်ဆွေ အပေါင်းအသင်းတိုင်း ထိုသို့ မှတ်ချက်ချလေ့ ရှိကြသည်။ ပြောလည်း ပြောစရာပင်။ ကျွန်မကိုယ်တိုင်တောင် တွေ့စက “ဒီလူ စကားမှ ပြောတတ်ရဲ့လား မသိ” ဟု သံသယ ၀င်မိသည် အထိ မောင်က နှုတ်နည်းလွန်းသူ ဖြစ်သည်။ ချစ်သူတွေ ဖြစ်လာတော့ ကျွန်မက မောင့်ကို “မောင်က သိပ်အေးတာပဲနော်။ ပန်ကာရှေ့ချထားတဲ့ ရေခဲတုံးကလေးအတိုင်းပဲ” ဟု ပြောမိတော့ မောင်က ခပ်အေးအေးပြုံးရင်း “ဟုတ်လား”တဲ့။

x

လူအကြောင်း ပေါင်းကြည့်မှ သိဆိုသလိုပင် ကြည့်လိုက်တာနှင့် သဘောကောင်း စိတ်ရှည်မည့်ပုံ အထင်းသား ပေါ်နေသော မောင်သည် အလွန် စိတ်မရှည်တတ်သူဖြစ်ကြောင်း ရည်းစားသက်တမ်း လပိုင်းပင် မပြည့်မီ ကျွန်မ သိလာရပါသည်။ စကားပြောနေရာမှ ကျွန်မ မကြားလိုက်၍ ဒါမှမဟုတ် နားမရှင်း၍ ပြန်မေးမိလျှင် တစ်ခါ၊ နှစ်ခါထက် ပိုမေး၍မရ။ မောင့်လေသံ မာဆတ်ဆတ် ဖြစ်နေပြီ။ ထို့ကြောင့် မောင့်ကို စနောက်ချင်လျှင် သိပ်ပြီး ဦးနှောက် သုံးစရာမလိုပါ။ မောင် ပြောသမျှ မရှင်းချင်ဟန်ဆောင်၍ “ဟင်... မရှင်းလို့ နောက်တစ်ခေါက်ပြောဦး” ဟု နှစ်ခါလောက် ပြောလိုက်ရုံပင်။ ဒါဆိုလျှင် မောင့်ရဲ့ မှုန်ကုပ် ကုပ်မျက်နှာထားကို ကောင်းကောင်း မြင်ရပြီဖြစ်သည်။

“အာရုံတွေ ဘယ်ရောက်နေတာလဲကွာ။ ရေဒီယိုတောင် နှစ်ခါမကြေညာဘူး”

မောင် စိတ်တိုလာလျှင် မျက်မှောင်ကုတ်၍ နှုတ်ခမ်း အနည်းငယ်စူကာ လေသံ မာလာသည်မို့ ရယ်စရာ ကောင်းပါသည်။ တစ်ခါတစ်ရံလည်း ကျွန်မက “မောင်က ဒီလောက်တောင် စိတ်မရှည်တတ်တာများ ရည်းစား ထားနေသေးတယ်နော”ဟု ပြောလျှင် မျက်နှာထား ချက်ချင်းလျှော့၍ “ဆောရီး...နောက်တစ်ခါဆို တကယ် စိတ်ရှည်မယ်ကွာ”တဲ့။ ပြီးလျှင်လည်း ထစ်ခနဲဆို စိတ်မရှည်ဖြစ်မြဲပင်။ ထိုကိစ္စကိုတော့ “သြော်... မောင်က စိတ်မရှည်တတ်ပါလား” ဟု စိတ်ထဲ အသိအမှတ်ပြုလိုက်မိခြင်းကလွဲပြီး ရင်ထဲ ထူးထူးထွေထွေ မခံစားလိုက်ပါ။ ထိုမှတစ်ဆင့်တက်၍ သိလာရသည့် မောင့်စိတ်နေစိတ်ထား စရိုက်ကတော့ ကျွန်မ ခံစားချက်ထဲ ခြေလှမ်းစ၀င်လာပြီ ဖြစ်သည်။ ကျွန်မ၌ အရင်းနှီးဆုံး သူငယ်ချင်းအုပ်စု ရှိသည်။ တစ်ရုံးစီ၌ တစ်ကွဲတစ်ပြား အလုပ် ၀င်လုပ်နေကြရသည်မို့ ရုံးပိတ်ရက်တွင် ချိန်းဆိုပြီး တွေ့ဆုံလည်ပတ်ကြရသည်။ မောင်နှင့်ချစ်သူ ဖြစ်ပြီးသည့် နောက်ပိုင်း ကျွန်မမှာ ထိုအုပ်စုကလေးထဲ မပါနိုင်တော့ပါ။ ထို့ကြောင့် ရံဖန်ရံခါ ဆိုသလို သူတို့တွေက “ရုပ် ရှင်ကြည့်မယ်”ဆိုလျှင် လိုက် ကြည့်ချင်သည်။ “လည် မယ်” ဆိုလျှင်လည်း ကျွန်မ ငြင်းရမှာ အားနာပြန်သည်။ ဒီလိုနှင့်ပင် သူတို့အုပ်စုထဲ မကြာခဏ ပါပါသွားမိ သည်။ ထိုရက်မျိုးတွင် မောင် နှင့် သွားလာမည့် အစီအစဉ် ကို ဖျက်ပစ်ရသည့် ပထမ တစ်ခေါက်၌ မောင်က ဘာသိဘာသာ။ ဒုတိယတစ် ခေါက်၌လည်း တစ်ခွန်းမျှ မတား။ တတိယတစ်ခေါက် မှာတော့ မောင့်သဘောထား ကို သိရသည်။

“ပြောမှသိတဲ့ လူစားထဲ သစ်သစ်မပါဘူးလို့ ထင်နေ တာ။ အခုတော့ ထိပ်ဆုံးက ပဲနော်”

ထိုစကားကို မောင်က ပြုံးရယ်၍ပြောသည်မို့ ကျွန်မ က မောင် ဘာကိုဆိုလိုမှန်း မသိ။ “မသွားရဘူးလား”ဟု မေးတော့လည်း “သွားပါ၊ သွားပါ။ သစ်သစ်သဘော” တဲ့။ မောင့်ပုံစံက အတည် ပြောသည်လား၊ ရွဲ့ပြောသည် လား ခွဲခြားမရ။ သို့နှင့် ကျွန်မက မောင်ကြိုက်ပုံ မရ ဘူးဟု ယူဆကာ နောက် နောင် သူငယ်ချင်းတွေ ခေါ် လျှင် ငြင်းရသည်။ နှစ်ခါ၊ သုံးခါမျှ ငြင်းပြီးလျှင်တော့ ကျွန်မ အားနာနေပြီ ဖြစ် သည်။ သူငယ်ချင်းတွေက လည်း တစ်မျိုး။

“ကိုအုပ်စိုးရေ... ရှင့်ရဲ့ သစ်သစ်ကတော့ ကျွန်မတို့ ဘယ်ခေါ်ခေါ် မလိုက်တော့ ဘူး။ အခုလည်း ရှင့်ကို မေး ဦးမယ်တဲ့လေ။ အလကား အပိုတွေ၊ ကိုအုပ်စိုးကဖြင့် သစ်သစ်ဆန္ဒကို ဘယ်တုန်း ကများ တားမြစ်ဖူးတာ မှတ် လို့”

ကျွန်မက ကြံရာမရနှင့် “နေဦး၊ မောင့်ကို မေးလိုက် ဦးမယ်”ဟု သူတို့နှင့် လိုက် သင့်၊ မလိုက်သင့်ကိစ္စကို လတ်တလော ဖြေရှင်းလိုက် တာ ဖြစ်သည်။ ဒါကို သူငယ်ချင်းကလည်း မောင့် ကို စသလို နောက်သလိုနှင့် ပြန်ပြောသည်။ သူက မောင့် အပေါ်ယံကို ကြည့်၍ ရင်း ရင်းနှီးနှီး ပြောမိတာ ဖြစ်ပေ မယ့် ကျွန်မအတွက်တော့ ချောက်ကျသွားရသည်။ အံ့သြစရာပင်။ သူငယ်ချင်း တွေရှေ့၌ ပြုံးရယ်နေခဲ့သော မောင်သည် နှစ်ယောက် တည်းပဲ ကျန်ချိန်၌ ကျွန်မကို စိတ်ဆိုးမာန်ဆိုး ပြောတော့ သည်။

“ကျွန်တော် သဘော ကောင်းတိုင်း လူတွေက အ တယ်လို့ ထင်နေကြလား မသိပါဘူး။ အရာရာကို သစ်သစ်သဘောအတိုင်း လိုက်နာရအောင်က တစ်နေ့ မှာ အိမ်ထောင်ဦးစီးမယ့်လူ က သစ်သစ်လား၊ ကျွန်တော် လား။ သစ်သစ် ဘာတွေ လျှောက်ပြောထားသလဲ မသိ ဘူး”

“ဟင်... သူ့ဘာသာ ပြောချင်တာ လျှောက်ပြော သွားတဲ့ဥစ္စာ။ ကျွန်မဘက် လှည့်မလာနဲ့နော်။ မောင် မသွားစေချင်ရင် ဗြောင်ဖွင့် ပြော။ ကျွန်မ လုံးဝမသွား ဘူး”

“သွားပေါ့၊ ကျွန်တော့် ကို သိပ်ပြီး ဂရုစိုက်မနေပါ နဲ့။ သစ်သစ် စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်”

ကျွန်မကို “သွားပါ”ဟု လည်း ကြည်ကြည်ဖြူဖြူ ခွင့်မပြု။ “မသွားနဲ့”ဟုလည်း ပီပီပြင်ပြင် မတား။ မျက်နှာ ထားချိုချိုနှင့် စကားကို ကပ် သီးကပ်ဖဲ့ ပြောနေသည်။ ပထမဆုံးအကြိမ် မောင့်စိတ် ဓာတ်က တစ်မျိုးကြီးပါလား ဟု ကျွန်မစိတ်ထဲ ဝေဖန် လိုက်မိသည်။ ပြီးလျှင် မောင် က အလွန်သ၀န်တိုတတ်သူ လည်း ဖြစ်သည်။ အထူး သဖြင့် ကျွန်မနှင့် အလွန်ရင်း နှီးသော ငယ်သူငယ်ချင်း ကိုလင်းနှင့် ပတ်သက်၍ ကျွန်မကို စိတ်မချချင်။

“သူက သစ်သစ်ကို ကြိုက်ဖူးတယ်မလား”

“ပေါက်ပေါက်ရှာရှာ မောင်ရယ်။ ကျွန်မတို့က မောင်နှမတွေလို နေလာကြ တဲ့ဥစ္စာ”

မောင်က “သိပ်မယုံချင် ဘူး”ဟူသည့် သဘောနှင့် ပခုံးတစ်ချက် တွန့်ပြသည်။ ကျွန်မကလည်း သူ့အလိုလို ရှင်းနေသည့် ကိစ္စတစ်ခုကို အသည်းအသန် ရှင်းပြရန် မလိုအပ်ဟု ယူဆသည်။ ကိုလင်းနှင့်ပတ်သက်၍ တစ် ရေးနိုး၌ပင် ထမေး ထမေး ရိုးသားကြောင်း လိပ်ပြာသန့် သန့်နှင့် ၀န်ခံရဲသည်။ မောင် ကတော့ ကြံဖန်၍ သံသယ ၀င်ချင်သည်။

“သူ့မျက်လုံးတွေ ကြည့် ရတာ သစ်သစ်အပေါ် မရိုး သားဘူး။ ယောက်ျားချင်းမို့ ပိုသိသာတယ်”

“ဒါတော့ ကျွန်မလည်း မပြောတတ်ဘူး။ ကျွန်မ ပြန် မကြိုက်တာကတော့ အမှန် ပဲ”

ခက်သည်က ဘာမှ မသိသည့် ကိုလင်းက ကျွန်မ နှင့် စပ်လျဉ်း၍ မောင့်ကိုပါ ခင်မင်ရင်းနှီးနေသည်မို့ တွေ့ သည့်နေရာ ဖက်လဲတကင်း နှုတ်ဆက်တတ်ခြင်းပင်။ တစ် ခါတစ်ရံ အအေးဆိုင်၊ လက် ဖက်ရည်ဆိုင်များ၌ပင် ၀င် ထိုင်လိုက်သေးသည်။

“သစ်သစ်... ဒီနေ့ သိပ်ပျော်နေတယ်ထင်တယ်။ တစ်ဝိုင်းလုံး သစ်သစ်အသံ ချည်းပဲ”

မောင် ထိုသို့ပြောပြီး သည့်နောက် ခါတိုင်းလို စကားဖောင်ဖွဲ့ မပြောမိ အောင် ကျွန်မ သတိထားရ တော့သည်။ မောင်မှ မကြိုက်ဘဲလေ။ ချစ်သူနှင့် သူငယ်ချင်း ဘယ်သူ အရေး ကြီးသလဲဆိုတာ နှလုံးသား က ဆုံးဖြတ်ရင်း သတိနှင့် ဆင်ခြင်လိုက်ပါသည်။ သို့ သော် မောင်က အလိုမကျ သေး။

“သိသိသာသာကြီး လည်း တေမိလုပ်မနေနဲ့လေ။ သစ်သစ်အချိုးကို ကိုလင်း ရိပ်မိသွားရင် ကျွန်တော် ဘာ ကောင်ဖြစ်သွားမလဲ ဆိုတာ နည်းနည်းပါးပါး တွေးစမ်း ပါဦး”

ရော်...ခက်ပြီ။ ကျွန်မ မှာ ရှေ့တိုးလည်း မလွတ်။ နောက်ဆုတ်လည်း အဆင် မပြေ။ နေရင်းထိုင်ရင်းနှင့် မောင့်သံသယစက်ကွင်းထဲ အနေကျုံ့နေရသည်။ ကိုလင်း ကတော့ မောင့်ရဲ့ အပေါ်ယံ သွင်ပြင်ကို ကြည့်၍ “နင့်လူ ကလည်း အေးလိုက်တာ မိသစ်ရာ။ ဘယ်လိုများ တွေ့ လာတာလဲ”ဟု ဘုမသိ ဘ မသိ ချီးကျူးတိုင်း ကျွန်မက တိတ်တိတ်ကလေး မျက်နှာ ပူမိမြဲ။

“ကိုလင်းက သစ်သစ် အကြိုက်ကို ကျွန်တော့်ထက် တောင် ပိုသိနေသေးတယ် နော်။ အအေးဆိုင်ထဲ ၀င်တာ နဲ့ ကြံရည်တစ်ခွက်၊ လက် ဖက်ရည်ဆိုင်ထဲ ၀င်တာနဲ့ ချိုဆိမ့်တစ်ခွက်ကို ပြောစရာ တောင် မလိုဘူး။ မှာပေးပြီး သားပဲ”

ပြဿနာ ပို၍အကျယ် ချဲ့သွားမည် စိုးရိမ်၍သာ ကျွန်မ နှုတ်ပိတ်နေရသည်။ တကယ်ဆိုလျှင် မောင့်ထက် နှစ်ပေါင်းများစွာ ပိုစော၍ တွေ့ခဲ့သော ကိုလင်းအနေနှင့် ကျွန်မအကြိုက် အကုန်သိနေ တာ ဆန်းသတဲ့လား။ ကျွန်မ ပင်လျှင် ကိုလင်း ချော ကလက် သိပ်ကြိုက်တာ သိ နေသေးသည်ဟုများ ပြော လိုက်လျှင် မောင် မေ့ပင် လဲသွားမည်လား မပြော တတ်ပါ။ သူငယ်ချင်းတွေ ကြားထဲ၌ ထိုကိစ္စမျိုးတွေ ရှိတာ သဘာဝကျကြောင်း မောင် နားလည်မှုမပေး တတ်။ ဤကိစ္စတစ်ခုတည်း ၌သာ မဟုတ်။ အရာရာ၌ နားလည်မှုပေးခြင်း ဆိုတာ မောင့်မှာ အရှားပါးဆုံးအရာ ပဲ ဖြစ်သည်။ ထိုယောက်ျား တစ်ယောက်ကိုမှ ကျွန်မက ရင်နင့်အောင် ချစ်မိခဲ့ပြီပင်။

ယင်းပြဿနာနှင့် အလားတူ စိတ်ကသိ ကအောက် ဖြစ်စရာတွေက ကျွန်မတို့နှစ်ယောက်ကြား၌ တစ်ခုမဟုတ် တစ်ခု အမြဲ ရှိနေတတ်သည်။ တစ်ခါက လည်း ကျွန်မအစ်မအကြီးဆုံး တို့ လင်မယားအိမ်သို့ မောင့် အား အလည်အပတ် ခေါ် သွားပါသည်။ မမကြီးတို့ လင်မယားက သဘောမနော ကောင်းကြသူတွေမို့ ထုံးစံ အတိုင်း ဆွေမျိုးတွေ အ၀င် အထွက် မပြတ်ချေ။ ထိုအိမ် မှအပြန်တွင် မောင်က ကျွန်မ ကို စကားစသည်။

“ကျွန်တော်တို့ နှစ် ယောက် လက်ထပ်ပြီးရင် တော့ အေးအေးဆေးဆေးပဲ နေမယ်နော် သစ်သစ်။ ကျွန်တော်က လူတွေ ရှုပ် ယှက်ခတ်နေရင် ခေါင်းကိုက် တတ်တယ်”

မောင် ဘာကိုဆိုလိုမှန်း ကျွန်မ ဒက်ခနဲ သိလိုက် သည်။ ကျွန်မအစ်မအိမ်ကဲ့သို့ ဆွေမျိုးသားချင်းတွေ တရုန်း ရုန်း သွားလာဝင်ထွက်ကြမှာ ကို မောင်မကြိုက်ကြောင်း အသိပေးနေခြင်းပင်။ ကျွန်မ ရင်ထဲ အောင့်သွားရသည်။

“ယောက်ျားတစ် ယောက်နဲ့ မိန်းမတစ် ယောက် လက်ထပ်တယ်ဆို တာ တစ်ယောက်ကို တစ် ယောက် အပြန်အလှန် တာ ၀န်ယူကြတာပဲ။ အပိုဝန် ထမ်းနေရရင် တော်ရုံတန်ရုံနဲ့ အိမ်ထောင်ရေးက မသာယာ နိုင်တော့ဘူး”

ဘုရား... ဘုရား။ ကျွန်မအမျိုးများက ကျွန်မတို့ အိမ်တွင် ၀ိုင်းဖွဲ့စားသောက် နေကြလိမ့်မည်ဟု မောင်မို့ အထင်သေးစွာ တွေးရက်ပါ ပေ့။ စည်းလုံးရိုင်းပင်းခြင်း နှင့် မှီခိုကပ်ရပ်စားနေကြခြင်း ကို မောင် ဘာကြောင့် ခွဲခြား မမြင်တတ်ပါလိမ့်။ ကျွန်မတို့ အသိုက်အ၀န်းသည် ဘိုးဘွား စဉ်ဆက် ဆင်းရဲချမ်းသာ မရွေး စည်းလုံးချစ်ခင်ခဲ့ကြ ကြောင်း၊ မရှိလျှင်လည်း ကိုယ့်ခြေကိုယ့်လက်သာ အားကိုး၍ ကြိုးစားရုန်းကန် ကြမည့်သူတွေ ဖြစ်ကြောင်း၊ သူတစ်ပါးအောက်ကျို့ပြီး ကပ်ရပ်စားသောက်မည့်သူ တစ်ယောက်မျှ မရှိကြောင်း ကျွန်မ ရှင်းပြလိုက်ချင်သည်။ သို့သော် ကျွန်မ၏ဖြေရှင်း ချက်က (အိုးမလုံအုံပွင့်)ဟု မောင့်သံသယကို လက်ခံ အတည်ပြုပေးလိုက်သလို ဖြစ်သွားမည်မို့ ထုံးစံအတိုင်း နှုတ်ခမ်းနာနာကိုက်၍ နှုတ် ပိတ်ထားရပြန်သည်။ မောင် သည် စကားတစ်ခွန်းကို အစွန်းမလွတ်အောင် ပညာ သားပါပါနှင့် ပြောထည့်ရာ ၌ အလွန်ကျွမ်းကျင်သူ ဖြစ် သည်။ ကျွန်မကတော့ အရာ ရာကို ရိုးရှင်းစွာ တွေး၍ ပွင့် ပွင့်လင်းလင်း ပြောတတ်သူ မို့ မကျေနပ်စရာရှိလျှင် ပြန် လည်း မချေပတတ်။ မတုံ့ ပြန်တတ်ဘဲ အောင့်သက် သက်နှင့် စိတ်ကောက်ရုံမှ လွဲပြီး ဘာမှမတတ်နိုင်ပါ။

“တော်ပြီ၊ ကျွန်မကို သုံးရက်တိတိ လာမတွေ့နဲ့ သိလား”

မောင့်ကို မခေါ်မပြော ဘဲ စိတ်ကောက်မိခြင်းသည် တကယ်တမ်းက ကျွန်မစိတ် တွေကို ထွက်ပေါက်ရှာပေး လိုက်တာပင်။ မောင့်လုပ်ရပ် များအပေါ် စိတ်ဆိုး၊ စိတ်နာ စရာဟု ခံစားရပေမယ့် တစ်ဦးတစ်ယောက် နား လည်အောင် ဖွင့်ပြောဖို့ရာ တော့ ခက်ခဲနေပြန်သည်။

“သမီး... ဘာလို့ ခဏ ခဏ စိတ်ကောက်ပြီး မခေါ် မပြော လုပ်နေရတာလဲ။ ဘာ စိတ်ဆိုးရတာလဲလို့ မေးလိုက် တိုင်းလည်း အကြောင်းပြ ချက်က ဟုတ်တိပတ်တိ မရှိ ဘူး။ ရေရေရာရာ မပြောပြ နိုင်ဘူး။ မောင်အုပ်စိုး သဘောကောင်းတယ် ဆိုပြီး ဇွတ်အနိုင်မယူချင်ပါနဲ့ကွယ်”

ထိုစကားအတွက် ကျွန်မ မေမေ့ကို အပြစ် မတင်မိပါ။ ကျွန်မ၏ခံစား ချက်မျိုးကို ကိုယ်တိုင်ကြုံ တွေ့ခံစားဖူးသူမှသာ ကိုယ် ချင်းစာ နားလည်ပေးနိုင်ပါ လိမ့်မည်။ နောက်တော့ လည်း မောင့်အသိုက်အ၀န်း ၏ သကာဖုံး အခြေအနေ တွေကို အတွင်းကျကျ သိ လိုက်ရမှ ကျွန်မ မောင့်ကို ခွင့်လွှတ်ပေးနိုင်သွားသည်။ အပေါ်ယံမျှသာ ဖက်လဲ တကင်း ရှိတတ်ကြပေမယ့် နောက်ကွယ်၌ အတ္တမာနတွေ နှင့် အတင်းပြောချင်သူတွေ ဖြစ်သည်။ ငွေမရှိလျှင် အသိုက်အ၀န်းထဲ မျက်နှာ ငယ်သည်။ ကိုယ့်မာနနှင့် ကိုယ် ခပ်တန်းတန်းနေကာ မလိုအပ်ဘဲ တစ်အိမ်နှင့် တစ် အိမ် အ၀င်အထွက်မရှိ။ ထိုအသိုက်အ၀န်းမျိုးထဲ ကြီး ပြင်းလာသော မောင့်၌ ထိုအရိပ်အငွေ့တွေ လွှမ်းမိုး နေမှာကို သိလျက်နှင့် ခွင့် မလွှတ်နိုင်လျှင်လည်း ကျွန်မ သာ လွန်ရာကျလိမ့်မည်။ ကိစ္စရပ်တိုင်း၌ မောင် လွန် သည်ဟု ကျွန်မ လက်ညှိုး ထိုးနေတာ မဟုတ်ပါ။ ဘယ် သူကပဲလွန်လွန် ကျွန်မတို့ နှစ်ယောက်ကြား၌ အမြဲလိုလို မပြေလည်ကြတာတော့ အမှန် ပင်။ သို့သော် အယူအဆတွေ ဘယ်လောက်ကွဲကွဲ ကိုယ့် ယုံကြည်ချက်ကို ခေါင်းမာ စွာ တင်းခံသည့်နေရာ၌တော့ မောင်နှင့်ကျွန်မ အလွန်တူပါ သည်။ ကျွန်မစိတ်ဓာတ်က သူတစ်ပါးထံမှ အယူချည်းပဲ မလိုချင်။ ထို့ကြောင့် ကျွန်မ တို့နှစ်ယောက် ဘယ်ဆိုင်ပဲ ထိုင်ထိုင် ကျွန်မက ညီတူ ညီမျှ ကုန်ကျခံလိုသည်။ မောင်တစ်လှည့် ရှင်းလျှင် ကျွန်မကလည်း တစ်လှည့် ရှင်းချင်သည်။ ဒါကို မောင် က သဘောမတူ။

“ကျွန်တော်က ယောက်ျားလေးလေ။ သစ် သစ် အဲလိုလုပ်တော့ အောက် တာပေါ့”

“ဟင့်အင်း၊ ကျွန်မတို့ နှစ်ယောက်က အခုမှ သမီး ရည်းစားဘ၀ပဲ ရှိသေး တယ်။ မောင်တစ်ယောက် တည်း အစစအရာရာ တာဝန် ယူနေရတာမျိုး မဖြစ်စေချင် ဘူး။ ကျွန်မအကျင့်က သူများဆီက အလကား ဘာ တစ်ခုမှမယူတတ်ဘူး။ လက် ထပ်ဖို့သာ ငွေစုပါ မောင် ရယ်”

မောင်က ဘာစကားမှ ထပ်မဟလာတော့ပါ။ အဲဒီ လိုပဲ မောင်က ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ ထုတ် ဖော်မပြောဘဲ ရင်ထဲ၌သာ အချိန်အကြာကြီး မျိုသိပ်ထား လိုက်တတ်သည်။ အခါအခွင့် သင့်လျှင်တော့ အချိန်ဘယ် လောက် ကြာခဲ့ပြီပဲဖြစ်ဖြစ် အစ ဆွဲထုတ်လာတတ်မြဲ။ ယင်းကိစ္စကိုလည်း မောင် အစာမကြေမှန်း အချိန် အတော်ကြာမှ ကျွန်မ သိခွင့် ရသည်။ နှစ်ယောက်သား စကားပြော အဆင်မပြေ၍ အခါအခွင့်သင့်တိုင်း (ဟုတ် တယ်လေ၊ ကျွန်တော်က အသုံးမှ မကျတာ။ အခုက တည်းက ကုန်ကျစရိတ်ကို နှစ်ယောက် မျှရှင်းနေရတာပဲ ကြည့်) ဟူသည့်စကားနှင့် ကိုင်ပေါက်တော့သည်။ ကျွန်မမှာ (ဘယ်လို...ဘယ် လို)ဟု ယောင်ယမ်းမေးရင်း ပါးစပ်အဟောင်းသားနှင့်။ မောင်သည် စကားတစ်ခွန်း ကို လိုရာအဓိပ္ပာယ် ဆွဲတွေး ၍ ကြိတ်မြုံထားတတ်သည့် နေရာ၌ နှစ်ယောက်မရှိပါ။ ကျွန်မက တစ်ခုခု မကျေနပ် လျှင် ချက်ချင်း ဗြောင်ပြော ၍ ကျေလည်သည်အထိ ရှင်းလိုက်ရတာကို သဘော ကျသည်။ မကျေနပ်ချက်တွေ မျိုသိပ်ရတာ များလာလျှင် အစိုင်အခဲ ဖြစ်လာတတ်သည် မို့ ကျွန်မက ပြောစရာရှိလျှင် အားမနာတမ်း ပြောသည်။ စိတ်ဆိုးစရာရှိလျှင် စိတ်ဆိုး ပစ်လိုက်မည်။ ရင်ထဲ ကြာ ရှည်အုံဖွဲ့မထားတတ်ဘဲ စိတ် ရှင်းရှင်းနေချင်သည်။ ရင်ထဲ ခုနေလျှင် ထိုကိစ္စ မရှင်း မချင်း အိပ်၍ပင်မပျော်။ မောင်ကတော့ ကျွန်မနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ထစ်ခနဲဆိုလျှင် အထအန ကောက်၍ ရင်ထဲ မြုံထား လိုက်တော့သည်။ တစ်ခါ တစ်ရံ မောင် ဘာကို စိတ် ဆိုးသွားမှန်း ကျွန်မပင် မသိ လိုက်။ ကြာ၍ မောင် ပြန် အစဖော်လာမှ မနည်း ပြန် စဉ်းစားယူရတာလည်း ရှိ သည်။ တချို့ကိစ္စတွေဆိုလျှင် ကျွန်မပင် ကောင်းကောင်း မမှတ်မိတော့။ အံ့သြစရာ ကောင်းသည်မှာ မောင်က (ဘယ်နေ့၊ ဘယ်ရက်က ဘယ်နေရာမှာ)ဟု အတိ အကျ မှတ်ထားတတ်ခြင်း ပင်။ မောင်သည် အလွန် အတေးအမှတ်ကြီးသူ ဖြစ် မှန်း ကျွန်မ ကောင်းကောင်း သိသွားပါသည်။ ပြဿနာ အဖြစ်မခံနိုင်သည့် ကျွန်မမှာ ကြာတော့ စကားမမှား အောင် ဂရုစိုက်ရင်း နှုတ် လည်း အလိုလို နည်းလာ တော့သည်။ ကျွန်မ ရိုးသား စွာ တဲ့တိုးပြောလိုက်သော စကားကို မောင်က ကွေ့ ကောက်တွေး၍ အဓိပ္ပာယ် တလွဲယူတတ်သည်။ မောင် တမင်တကာ ကန့်လန့်တိုက် နေတာမဟုတ်ဘဲ တစ်သက် လုံးအရိုးစွဲလာခဲ့သည့် အကျင့် ဆိုတာ ကျွန်မ နားလည် ပါသည်။

သို့သော် ထိုဗီဇစရိုက် ကို ကျွန်မ၏ ရိုးသားပွင့်လင်း မှုက မကြာခဏ ခလုတ် တိုက်မိနေတာက ခက်သည်။ မရည်ရွယ်ဘဲနှင့်လည်း သွား သွားငြိမိသည်။ ရှောင်နေရင်း နှင့်လည်း တည့်တည့်သွား တိုးမိပြန်သည်။ မောင်ကပဲ ဆတ်ဆတ်ထိမခံသည်လား။ ကျွန်မကိုယ်၌ကပဲ အမှတ် သညာ နည်းလွန်းသည်လား မသိချေ။ ကျွန်မတို့နှစ် ယောက် အမြဲစိတ်ရှုပ်နေကြရ တာတော့ အမှန်ပင်။ တစ် ပတ်မှာ ငါးရက်လောက်က ကျွန်မတို့နှစ်ယောက် မပြေ လည်ကြ။ ဖြစ်တိုင်းလည်း မောင်က စိတ်ဆိုး စိတ် ကောက်နေသည် မဟုတ်။ ကျွန်မကသာ စိတ်မျက်ကာ မခေါ်မပြောမိခြင်း ဖြစ် သည်။ ထိုအခါ အများအမြင် ၌ ကျွန်မ လွန်ကြောင်း ပြော ကြမည်ဆိုတာ ဗေဒင်မေးရန် မလိုပါ။

ကျွန်မကို ပြောစရာရှိ လျှင်သာ မောင်က ရှေ့နောက် မကြည့်ဘဲ ပိဿလေး ဘေး ပစ် ပြောထည့်လိုက်ပေမယ့် ကျွန်မဘက်က နည်းနည်းမျှ ဝေဖန်မိလျှင်တော့ ဆတ် ဆတ်ထိမခံ နာတတ်သူ ဖြစ် သည်။ “မောင် ဒီနေရာမှာ မှားနေတယ်”ဟု ယောင်၍ များ သွားမထောက်ပြလိုက် မိစေနှင့်။ ကျေးဇူးတင်စွာ လက်ခံပြုပြင်ဖို့ ဝေးစွ။ “သစ် သစ်နဲ့ ရည်းစားမဖြစ်ခင်က တည်းက ကျွန်တော် ဒီလိုပဲ နေလာတာ”ဟု ရှုတင်းတင်း ပြန်တုံ့ပြန်တတ်သေးသည်။ မောင်နှင့် ထပ်တူထပ်မျှ မဟုတ်လျှင်တောင် ကျွန်မ၌ လည်း ထိုမာနမျိုး အနည်း ငယ်တော့ ရှိနေနိုင်ကြောင်း မောင် တစ်စက်ကလေးမျှ မစဉ်းစားပေးပါ။

အံ့သြစရာ ကောင်းတာ က နှစ်ယောက်သား ပြဿ နာဖြစ်ပြီး၍ အခြားတစ် ယောက်နှင့်ဆုံလျှင် မောင်က ဘာမှ ဖြစ်မထားသလို ဟန် မပျက် ပြုံးရယ် ပြောဆိုနိုင် ပေမယ့် ကျွန်မမှာတော့ ပြုံး ရယ်နိုင်ဖို့ အသာထား။ မကြည်လင်သည့် မျက်နှာ ထားကိုပင် လူမရိပ်မိအောင် ဟန်မဆောင်နိုင်ပါ။ ကြာ တော့ ကျွန်မ အချစ်ဆုံး သူ ငယ်ချင်းတွေကပင် “ကိုအုပ် စိုး သဘောကောင်းတိုင်း ခဏခဏ စိတ်ကောက်ပြီး ရန်လုပ်မနေပါနဲ့ သစ်သစ် ရယ်”ဟု ပြောလာကြသည် အထိပင်။ ကျွန်မမှာ ကိုယ့် ၀မ်းနာ ကိုယ်သာသိသူပီပီ မချိပြုံး ပြုံးနေခဲ့ရသည်။

“နည်းနည်းပါးပါး လျှော့ပါဦးဟယ်”

နည်းနည်းပါးပါး မဟုတ်။ မောင်နှင့်ပတ်သက် ၍ အများကြီး လျှော့ခဲ့ရတာ ကျွန်မကလွဲ၍ ဘယ်သူမှ မသိပါ။ “ငါလွန်တာပဲ ဖြစ် မှာပါ”ဟု တွေး၍လျှော့လိုက်၊ “လူဆိုတာ တစ်ခါတလေ တော့လည်း ကိုယ့်ဘက်က အမှန်ထင်တတ်ကြတာပဲ”ဟု ခွင့်လွှတ်စိတ်နှင့် လျှော့လိုက်၊ “ပြဿနာ မဖြစ်ချင်ဘူး” ဟု လျှော့လိုက်နှင့် ကြာတာ့ ကျွန်မရင်ထဲ အစိုင်အခဲတွေ ဖြစ်တည်စပြုနေပြီဖြစ်သည်။ အများကတော့ ခပ်စွာစွာ ထက်ထက် မိန်းမတစ် ယောက်ပီပီ ကျွန်မက သဘောမနောကောင်း အေး ဆေးလွန်းသည့် မောင့်အပေါ် ဆိုးနွဲ့အနိုင်ယူနေသည်ဟု သေချာပေါက် မြင်ကြလိမ့် မည်။ ဘယ်သူ ဘာပြောပြော အပြုံးမပျက် သည်းခံခွင့် လွှတ်တတ်သော ယောက်ျား တစ်ယောက်ကို ကွယ်ရာ၌ ဆတ်ဆတ်ထိမခံ ခနိုးခနဲ့ ပြောဆိုတတ်လိမ့်မည်ဟု လူ တွေ ထင်ကြမှာမဟုတ်။ စကားထဲ အမှားပါလျှင် လို ရာအဓိပ္ပာယ် ဆွဲကောက်ပစ် လိုက်ကာ အခွင့်ကြုံတိုင်း ဆွဲ ထုတ်၍ ပြဿနာလုပ်တတ် ကြောင်း လူတွေ သိကြမည် မဟုတ်။ ကျွန်မတို့နှစ် ယောက်ကြား၌ “ကျွန်မ ဒီလို မြင်လို့ ဒီကိစ္စကို လုပ်လိုက် တယ်”ဟု အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတင် ပြခွင့်မရှိ။ “ကျွန်တော်ပြော တာ သဘောပေါက်တယ် နော်”ဟူသည့် မောင့်အမိန့် အာဏာအောက်မှာ ကျွန်မက ပိပြားနေသည့် အရုပ်ကလေး နှင့် တူပါသည်။ ဒါတောင် မောင်က “သစ်သစ်က နည်း နည်း ကလေးဆန်ချင်သေး တယ်။ ကျွန်တော် အများကြီး ပြုပြင်ယူရဦးမှာပဲ”ဟု အထက်စီးစကား ပြောတတ် သေးသည်။

ဘုရားစူး... ကျွန်မ ဘ၀ကို ပြုပြင်ပြောင်းလဲပေး ဖို့အတွက် ကတိစကားခံ၍ ကျွန်မချစ်ခြင်းတွေကို မောင့် ထံ ပုံအပ်လိုက်ခြင်း မဟုတ် မှန်း ကျိန်တွယ်ပြောရဲသည်။

ပြီးလျှင် မောင်ကပဲ တစ်ပြောင်းတစ်ပြန် မေး တတ်သည်က “သစ်သစ် ကျွန်တော့်ကို ချစ်တော့ ချစ် ပါတယ်နော်”တဲ့။ ရော်... ဒုက္ခ။ ထို အချစ်ဆိုတဲ့အရာ ကြီးသာ မရှိတော့လျှင် ကျွန်မ တို့နှစ်ယောက် ချစ်သူဖြစ်ပြီး သုံးလတောင် မခံဘဲ အဝေး ကြီး ဝေးခဲ့တာ ကြာပေါ့။ သို့သော် ကျွန်မကလည်း စိတ်အချဉ်ပေါက်နေသူမို့ ခပ်ရွဲ့ရွဲ့ ပြန်ပြောဖြစ်သည်။

“ချစ်တော့ ချစ်ပါ တယ်။ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်ကြားမှာ နားလည် မှု ရှားပါနေတာကခက်တယ်”

“အဲဒါ သစ်သစ် အတ္တ ကြီးတာပေါ့။ ကျွန်တော်က အကျိုးသင့် အကြောင်းသင့် ဆွေးနွေးမယ် မကြံသေးဘူး။ သစ်သစ်က ဆတ်ဆတ်ထိ မခံ စိတ်ကောက်နှင့်ပြီးပြီ။ ကျွန်တော်လည်း လျှော့ရ ပေါင်း များနေပြီ”

“ဟမ်... ဘာဖြစ်တာ”

ကျွန်မ ပြောရမည့် စကားကို မောင်က အလျင် ဦးအောင် ပြောနှင့်သည်။ ကျွန်မပြောမှာ ကြိုသိနေ၍ လားဟု သံသယ ၀င်လိုက် မိပေမယ့် မောင့်ပုံစံကြည့်ရ တာ သူ့ခံစားချက်ကို ရိုးရိုး သားသား ထုတ်ဖော်ပြောနေ တာ သေချာပါသည်။ မောင့် ဘက်ကလည်း ကျွန်မကို ထိုသို့မြင်သတဲ့လား။

“ဒါပေမယ့် ဖြစ်ပြီးသမျှ တွေကို ဘယ်အချိန် ပြန်တွေး တွေး ကျွန်မဘက်က လုံးဝ မမှားဘူးနော်။ လုံးဝသေချာ တယ်”

မောင်က ကျွန်မကို အေးစက်စက်ကြည့်ရင်း “အဲဒါကြောင့် သစ်သစ်ကို အတ္တကြီးတယ်လို့ ကျွန်တော် ပြောတာပေါ့”ဟု သူ့စကား သူ ထပ်မံအတည်ပြုလိုက် သေးသည်။ သြော်... ကျွန်မ ဘက်မှ ခံစားချက်ကို မောင် က အတ္တတဲ့လား။ တစ်ဆက် တည်းမှာပဲ ကျွန်မနှင့်မောင့် ကြား၌ ညှိယူမရနိုင်သော ကွာဟချက်တွေ များလှ ကြောင်း လုံးဝဥဿုံ ရိပ်စား နားလည်လိုက်မိပါသည်။

နိဂုံး

ကျွန်မတို့နှစ်ယောက် လမ်းခွဲကြသည့် သတင်းကို ကြားသည့် သူငယ်ချင်း အပေါင်းအသင်းတိုင်းက တအံ့တသြနှင့် “ဘာဖြစ်လို့ လဲ၊ ကိုအုပ်စိုး ဒီလောက် အေးတာ”ဟု ပြောကြသည်။ ကျွန်မကလည်း “ဒီလိုပါပဲ” ဟု ပြန်ဖြေမိမြဲ။ မောင်လည်း ထိုသို့ဖြေကြောင်း ပြန်ကြား သိရတော့ ကျွန်မ နွမ်းလျစွာ ပြုံးမိသည်။ “ဒီလိုပါပဲ” နောက်မှ အဓိပ္ပာယ်များစွာကို တော့ ကျွန်မတို့နှစ်ယောက် ရင်ထဲ ကိုယ်စီမျိုချသိမ်း ဆည်းထားရမှန်း တပ်အပ်ရိပ် မိနေ၍ ဖြစ်သည်။ မောင်က လည်း သူ့အယူအဆနှင့် သူ မှန်သည်ဟု ထင်လိမ့်မည်။ ကျွန်မကလည်း ကိုယ့်အယူ အဆနှင့် ကိုယ်မမှားဘူးဟု ယုံကြည်သည်။ အခြားလူ တွေ နားလည်အောင် ရှင်းပြ ဖို့ အဆင်မပြေသော တစ်စုံ တစ်ရာသည် ကျွန်မတို့နှစ် ယောက် လမ်းခွဲဖို့ရာ လုံ လောက်သော အကြောင်းပြ ချက်ပဲ ဖြစ်သည်။

တစ်ခါတစ်ရံ၌ လောကကြီးမှာ ဘေးလူသိ ရန် မလိုအပ်ဘဲ ကာယကံရှင် များသာ နားလည်လက်ခံ ဆုံးဖြတ်နိုင်သည့် ကိစ္စရပ် တွေရှိကြောင်း ကျွန်မ ကိုယ် တွေ့ကြုံလိုက်ရပါသည်။ ကျွန်မထံ၌ မောင်နှင့်ပတ် သက်၍ နောက်ဆုံး ကြွင်း ကျန်ရစ်ခဲ့သည်က သတိရ လွမ်းဆွတ်ခြင်းနှင့် ထိုသတိရ လွမ်းဆွတ်ခြင်းကို ဖြေသိမ့် ဖျောင်းဖျပေးနေသော မှတ် ချက်ကလေးတစ်ခုပဲ ဖြစ် သည်။

စိတ်နေသဘောထားအေးခြင်း # စိတ်နေသဘောထားမြုံခြင်း

အဲဒီသဘောတရား နှစ်ခု၏ အဓိပ္ပာယ်ကွာခြား ချက်ကို ကျွန်မ အခြားတစ် ယောက်ယောက် သိအောင် ရှင်းမပြတတ်ပါ။ သေချာ တာ တစ်ခုကတော့ ဒိုင်ယာရီ ထဲမှ ထိုမှတ်ချက်ကလေးကို မင်နီတားထားလိုက်သလိုပင် မောင်နှင့် ပတ်သက်ခဲ့သမျှ ကျွန်မ၏ နှလုံးသားစာမျက် နှာတွေကိုလည်း...။

X X X

ငွေဇင်ယော်ဦး၊မိုးကုတ်၊