ဓာတ်လှေကား

ဒီရက်ပိုင်း အတွင်း“ရေပြာအိုင်” ရွာလေးမှာ လူပြော များနေတာက ဒေါ်သုန့် သတင်းပါ။ ဒေါ်သုန် ဆိုတာက တစ်ရွာလုံး မသိသူ မရှိတဲ့ ပဲပြုတ်သည် ကြီးပေါ့။

“ရေပြာအိုင်”က ရွာဆိုပေမယ့် တောခပ်ကျကျ ရွာတော့ မဟုတ်ပါဘူး။ အိမ်ခြေနှစ်ရာ နီးပါးလောက်တော့ ရှိမယ်။ တောင်ပေါ်မြို့လေးနဲ့ နီးပေမယ့် သူ့ကျတော့ မြေပြန့် ဖြစ်သွားပြီမို့ နည်းနည်းပူတယ်။ လယ်ယာ လုပ်ငန်းကို အဓိက လုပ်တယ်။ ဒေါ်သုန်ကတော့ တစ်ကိုယ်တည်းသမားမို့ ပင်ပန်းမယ့် အလုပ်တွေ ထွေလီကာလီ လိုက်လုပ် မနေပါဘူး။

ပဲပြုတ်တောင်း ခေါင်းရွက်ပြီး တစ်မနက်ခင်း လည်ရောင်းလိုက်တာနဲ့ တစ်ဝမ်းတစ်ခါး မပူရတော့ဘူးလေ။ ရွှေမ၀တ် နိုင်ပေမယ့် ထိုက်သင့် သလောက်လေး လှူနိုင် တန်းနိုင်တယ်။ စားချင်တာလေး ဖောဖောသီသီ စားနိုင်တယ်။ နေမကောင်း ထိုင်မသာ ဖြစ်ရင်လည်း အိမ်မှာ အေးအေးသက်သာ နားနေလို့ ရတယ်။ ဒါပေမဲ့ ဒေါ်သုန် ကျန်းမာပါတယ်။ တော်ရုံနဲ့ ဖျားခဲ နာခဲတယ်။ရိုးရိုး နှာစေးချောင်း ဆိုးရုံ လောက်နဲ့တော့ အလုပ်ပျက် မခံဘူး။

တစ်ရွာလုံးမှာ တစ်သည်တည်း ရှိတဲ့ ပဲပြုတ် သည်ကြီးကို တစ်မနက် တစ်မနက် စောင့်မျှော်ထွက်ဝယ် နေကျ ပုံမှန် ဖောက်သည်တွေ ကလည်း မနည်းလှဘူး။ နိစ္စဓူဝ ရွာရိုးကိုးပေါက် လျှောက်နေရတော့ ဒေါ်သုန်ကို မသိတဲ့သူ မရှိသလို ဒေါ်သုန်က မသိတဲ့ လူရယ် လို့လည်း မရှိဘူး။ အတင်း သတင်း မှန်သမျှလည်း ဒေါ်သုန့်လောက် သိသူ မရှိဘူး။

ဒါပေမဲ့ ဒေါ်သုန်ကတော့ အတင်းအဖျင်း ပြောဖို့ ရာ ၀ါသနာ ပါသူ မဟုတ်တဲ့ အတွက် သိသမျှကို လျှောက်ပြီး ဖောက်သည် မချပါဘူး။ အခု အဲဒီ ဒေါ်သုန်တစ်ယောက် ရန်ကုန် သွားတော့မယ်။ လော လောဆယ် ရွာထဲမှာ အလတ် ဆတ်ဆုံး သတင်းပေါ့။

“မိလဲ့တို့ လင်မယား လာခေါ်တာလေ”

ဒေါ်သုန်ပြောတဲ့ “မိလဲ့” က လဲ့လဲ့အောင်ကို ဆိုလိုတာပါ။ ဇာတ်ရည်လည် အောင်ပြောရမယ် ဆိုရင်တော့ ဟိုး...လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်ကို အစ ပြန်ကောက်မှ ရမယ်။

အဲဒီတုန်းက ဒေါ်သုန်တို့ လင်မယားနဲ့ လဲ့လဲ့အောင်တို့ မိသားစုက ရွာမှာ အိမ်နီးချင်း တွေ။ ဒေါ်သုန်တို့မှာ သားသမီး မရှိတော့ လဲ့လဲ့အောင် ကိုပဲ ပေးစရာ ရှိတာပေး၊ ကျွေးစရာ ရှိတာကျွေးနဲ့ သမီး ရင်းချာလေးလို ချစ်ခဲ့ကြတာ။ လဲ့လဲ့အောင် ခုနစ်တန်း နှစ်မှာ သူ့အဖေ ပိုးထိပြီး ဆုံးတော့ သားအမိ နှစ်ယောက် မလုပ်တတ် မကိုင်တတ်နဲ့ ရွာက ခြံနဲ့ဝိုင်းကို ရောင်းပြီး လဲ့လဲ့ အောင်အမေဘက်က ဆွေး မျိုးနီးစပ်တွေ ရှိတဲ့ မန္တလေးကို ပြောင်းသွားရော။

အဲဒီတုန်းက ဒေါ်သုန်ဆို ငိုလိုက်တာ။ လဲ့လဲ့အောင်လည်း ငိုတာပဲ။ ငယ်ငယ် လေးကတည်းက အတူနေ လာကြတဲ့ သံယောဇဉ်ကလည်း မသေးလှဘူးကို။ လဲ့လဲ့အောင်ကလည်း ခေါ်တာတောင် အဖေကြီးနဲ့ အမေ သုန်တဲ့။ ကျောင်းပိတ်လို့ ရွာကို အလည်အပတ် ပြန်လာတဲ့ အခါ လဲ့လဲ့အောင်တို့ မိသားစု နှစ်ယောက် ဒေါ်သုန့် အိမ်မှာပဲ တည်းတယ်။

နောက်တော့ ကိုယ့် ဘ၀နဲ့ကိုယ် ရုန်းနေကြရင်း တဖြည်းဖြည်းနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဒီ ကြားထဲမှာ ဒေါ်သုန့် ယောက်ျားဆုံးတယ်။ အဲဒီကတည်းက ဒေါ်သုန်တစ်ယောက် ပဲပြုတ်တောင်း ခေါင်းရွက်ခဲ့ရတာ ခုထိပါပဲ။ ဆယ်နှစ်ကျော်လောက် ပျောက်သွားတဲ့ လဲ့လဲ့အောင် က ခုမှ ရွာကို မထင်မှတ်ဘဲ ဘွားခနဲ ပြန်ပေါ်လာတာလေ။ အဖိုးတန် ၀တ်ကောင်းစားလှတွေနဲ့ မြို့ကြီးသူဂိုက်ပေါက် နေတဲ့ “လဲ့လဲ့အောင်”ကို ဒေါ်သုန်တောင် ရုတ်တရက် မမှတ်မိဘူး။ ပဲပြုတ် ရောင်းရာက ပြန်လာလို့ အိမ်ရှေ့ကွပ်ပျစ်ပေါ် အကျအန ၀င်ထိုင်နေတဲ့ မျက်နှာစိမ်းတွေကို မြင်မြင်ချင်း “ဘယ်ကဧည့်သည် တွေပါလိမ့်”ပေါ့။

နှစ်ယောက်လုံး ချော ချောလှလှ၊ သန့်သန့်ပြန့်ပြန့်နဲ့ အသက်သုံးဆယ်ဝန်းကျင် အရွယ်စုံတွဲကို သေချာကြည့် နေတုန်းမှာ အမျိုးသမီးက “အမေသုန်”လို့ ၀မ်းသာအား ရခေါ်ပြီး ပြေးလာဖက်တော့ ဒေါ်သုန် ရင်မှာ ဒိန်းခနဲခုန် ရော။

“ဟဲ့ ဘယ်သူလဲ”

ဟိုက ၀မ်းနည်းဝမ်း သာမျက်နှာနဲ့ “မိလဲ့လေ အမေသုန်ရဲ့။ လဲ့လဲ့အောင်” လို့လည်း ဖြေလိုက်ရော ဒေါ်သုန့်မှာ မှင်တက်သွားရာက မျက်ရည်တွေ ကျလာပါရော။ ဒေါ်သုန်ငိုတော့ လဲ့လဲ့အောင်လည်း လိုက်ငိုတယ်။ သူတို့ ဖက်ငိုနေတာ ကြည့်ပြီး ဒေါ်သုန် မလာခင် ကိုယ်စားဧည့် ခံ ပေးနေကြတဲ့ အိမ်နီးချင်း တွေပါ လိုက်ငို ကုန်ကြရော။ နှစ်ယောက်သား သိချင်တာ လေးတွေ မေးလိုက်၊ ဖြေ လိုက်၊ ငိုလိုက်ကြနဲ့။ လဲ့လဲ့ အောင်ရဲ့အမေလည်း ဆုံးသွား ရှာပါပြီ။ လဲ့လဲ့အောင် ကျောင်းမပြီးခင် ဆုံးသွားတာ။

နောက်တော့ ရန်ကုန်သားနဲ့ ဖူးစာဆုံပြီး ရန်ကုန်ရောက် သွားတာ၊ အခုဘေးမှာ ပါလာ တဲ့ အသားဖြူဖြူ၊ အရပ်မြင့် မြင့်၊ ရုပ်ချောချောနဲ့ အမျိုး သားလေးပါ။ နာမည်က “ကိုစိုးသက်”တဲ့။ ကြည့်ရုံနဲ့ သဘော မနောကောင်းမယ့်ပုံ ပေါ်နေတယ်။ လဲ့လဲ့အောင် ကိုလည်း တော်တော်ချစ်ရှာ ပုံရတယ်။ စီးပွားလည်း အဆင်ပြေပုံပါပဲ။ အခုလည်း သူ့စီးပွားရေး ကိစ္စ တစ်ခုနဲ့ မြို့ကလေးကို လာရင်း အမေသုန် တစ်ယောက်များ ရှိနေသေး လားဆိုပြီး ရွာဘက်အထိ ရောက်လာဖြစ်ကြတာတဲ့။ သူတို့ ဇနီးမောင်နှံ ဒေါ်သုန့် အိမ်လေးမှာ တစ်ည အိပ်သွား ပြီး အလုပ်ကိစ္စ မပြတ်သေးတဲ့ အတွက် မြို့ကလေးဘက် ပြန်တက် သွားကြတယ်။ ဒေါ်သုန့်ကိုတော့ “ရန်ကုန် လိုက်ခဲ့ဖို့ အထုပ်အပိုးပြင် ထားနော် အမေသုန်”လို့ သေသေချာချာ မှာသွားတယ်လေ။

၂။
“ဒါဆို ဒေါ်သုန် ရန်ကုန် လိုက်သွားတော့မှာပေါ့”

“မပြောတတ်သေးပါ ဘူးအေ။ အိမ်ကလည်း ဒီ အတိုင်း ထားခဲ့ရမှာလေ”

“အမယ်လေး...ဒီ အတွက်များ ထူးပြီး ပူမနေ စမ်းပါနဲ့။ ကျုပ်တို့ ကြည့်ထား ပေးပါ့မယ်။ လိုက်သာသွား၊ ရန်ကုန်မှာ သူဌေးအိမ် ဇိမ်နဲ့ တက်သွားရမှာကိုများ”

“မဟုတ်ဘူးလေ၊ စဉ်းတော့ စဉ်းစားရမှာပေါ့”
သိတဲ့အတိုင်း လူကြီး ဆိုတော့ လူငယ်တွေလို စိတ် မြန်လက်မြန် ဘယ်ဟုတ်ပါ့ မလဲ။ ဟိုဟာလေး တွေးပူ၊ ဒီဟာလေး တွေးပူနဲ့ ချီတုံ ချတုံ ဖြစ်နေတာပေါ့။

“စဉ်းစားမနေပါနဲ့။ ဝေးဝေးလံလံ နိုင်ငံရပ်ခြား အထိ သွားမှာမှ မဟုတ်တာ။ မပျော်ရင် ပြန်ခဲ့ပေါ့။ ဒီမှာလည်း နောက်ဆံ တင်းစရာ သားသမီး မြေးမြစ် သံယောဇဉ် တွယ်စရာ ရှိတာမှ မဟုတ်တာ။ သွားသာသွား၊ ကျုပ်တို့များဖြင့် သွားချင် လွန်းလို့များ တစ်ပိုင်းကို သေနေတာ။ စရိတ်ကုန်ကျခံ ခေါ်မယ့်သူ မရှိလို့”

တစ်ယောက် တစ်ခွန်းနဲ့ အားလုံး ၀ိုင်းတိုက်တွန်းနေတော့ ဒေါ်သုန် တွေဝေ မနေတော့ပါဘူး။ မှန်တာ ပြောရရင် ဒေါ်သုန့် အနေနဲ့လည်း လိုက်သွားချင်တဲ့ ဆန္ဒ ရှိပါ တယ်။ အသက်ကလည်း ခြောက်ဆယ်သီသီ စွန်းလာပြီလေ။ မသေခင်လေးမှာ ရွှေတိဂုံ ဘုရား ဖူးသွားချင် တယ်။ ရန်ကုန်ဆိုတာ ဘယ့်နှယ်ဟာပါလိမ့်လို့ မျက်ဝါးထင်ထင် ကြုံဖူးရောက်ဖူး သွားချင်သေးတယ်လေ။ လဲ့လဲ့အောင်ရဲ့ ခင်ပွန်းကလည်း လှိုက်လှိုက်လှဲလှဲ ရှိလှတယ်။

“လိုက်ခဲ့ပါ အမေသုန် ရာ။ လဲ့လဲ့ အမေဆိုတာ ကျွန်တော့် အမေပဲပေါ့။ ကျွန်တော် လည်း တစ်ကောင်ကြွက်၊ လဲ့လဲ့လည်း တစ်ကောင် ကြွက် ဆိုတော့ ကျွန်တော်တို့ အိမ်မှာ အားကိုး တိုင်ပင်စရာ လူကြီးသူမ မရှိဘူး ဖြစ်နေတယ်။ လူကြီးရှိတော့ အိမ်နွေးတာပေါ့။ စိတ်ချ၊ အမေ သုန် ဘာမှ မလုပ်ရဘူး။ ကူဖော်လောင်ဖက် ကောင်မလေးလည်း ရှိပြီးသား။ အေးအေးသက်သာ အိမ်ဦး ခန်းမှာ နေရုံ။ ခူးခပ်ပြီးသား အသင့် လက်ဆေးပြီး စားရုံ ပဲ။ ဘာမှ ပူစရာ မရှိဘူး။ လိုက်ခဲ့ပါ...”

ဒီလိုနဲ့ နှစ်ရက်လောက် ကြာလို့ လဲ့လဲ့အောင်တို့ လင်မယား ရွာအထိ ပြန်လာ ခေါ်ရာနောက်ကို အ၀တ်ထုပ်လေး ရင်ခွင်ပိုက်ပြီး ဒေါ်သုန် တစ်ယောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ တော့တယ်။ အိမ်စုတ်လေးနဲ့ ရှိစုမဲ့စု အသုံးအဆောင် ပစ္စည်းတွေကိုတော့ အိမ်နီး ချင်းတွေကိုပဲ ကြည့်ရှုပေးဖို့ အပ်ခဲ့ရတာပေါ့။ ဒေါ်သုန် လိုက်သွားတဲ့ နေ့က တစ်ရွာ လုံးလိုလို ထွက်ကြည့် နှုတ် ဆက်ကြတယ်။
စိတ်မထားတတ်သူ တချို့က လွဲရင် အများစုက “ဒေါ်သုန် တစ်ယောက် အသက်ကြီးမှ အိုကံကောင်း ရှာတယ်”ဆိုပြီး မုဒိတာပွား ပေးကြပါတယ်။

ဒေါ်သုန်ကတော့ တဖြည်းဖြည်း ဝေးကျန်ရစ်ခဲ့တဲ့ သူ့အိမ်ကလေးနဲ့ ရွာလေးကို မျက်စိတဆုံး ငေးကြည့် ရင်း ထော်လာဂျီပေါ် လိုက်ပါသွားတယ်။ နောင် ဘယ်အချိန်ကျမှ ဒီပြန်ရောက် နိုင်မယ် မသိဘူးလေ။ အခန့် မသင့်လို့ ဘယ်တော့မှ ပြန်မရောက် ဖြစ်တော့တာမျိုးလည်း ဖြစ်နိုင်တယ် မဟုတ်လား။

အင်း၊ ဒီလိုဆိုတော့ လည်း ရွာကို ကျောခိုင်းထား ရစ်ခဲ့ရတဲ့ ခရီးက လွမ်းစရာ အကောင်းသား။ ၀ဲရာကနေ ကြွေလုကြွေခင် ဖြစ်လာတဲ့ မျက်ရည်စကို လဲ့လဲ့အောင်တို့ လင်မယား မမြင်ခင် ဒေါ်သုန်က အင်္ကျီ လက်မောင်းစလေးနဲ့ မသိမသာ တို့သုတ်လိုက်ရ တယ်။

၃။
ခရီးက ကားတစ်တန် ကနေ ရထားတစ်တန် ဖြစ်လာတော့ ရွာကို ခွဲခွာ လာရတဲ့ ဒေါ်သုန့်ရင်ထဲက ဝေဒနာတွေ လျော့တန်သလောက် လျော့သွားပြီ ပြောရမယ်။ ထော်လာဂျီပေါ်ကနေ ဆင်းပြီး ကားပေါ် တက်ခဲ့ရက တည်းက ထော်လာဂျီနဲ့ အတူ ကျန်ခဲ့တာလားတော့ မသိဘူး။ ထိတွေ့ ပတ်သက် ရတော့မယ့် နေရာ ဒေသသစ် တစ်ခုကို စိတ်ကူး မျှော် လင့်ရင်း စိတ်လှုပ်ရှားမှုသာ အစားထိုးဝင် ရောက်လာတယ်။ လမ်းမှာ တစ်ထောက် မနားဘဲ တောက်လျှောက် ခရီးဆက်တာမို့ ကား ပြီး တော့ ရထားပေါ့။

ဒေါ်သုန့် ဘ၀မှာ ရထား စီးဖူးတာ ဒါဟာ ပထမဆုံး အကြိမ်ပါ။ ရထားမှ ညရထားလေ။ အထူးတွဲမို့ စီးရတာလည်း သက်သောင့် သက်သာ ရှိလှတယ်။ လဲ့လဲ့အောင်တို့ လင်မယားက လည်း အပြောနဲ့အလုပ်ညီစွာ လမ်းခရီး တစ်လျှောက်လုံး အစစ အရာရာ “အမေသုန်၊ အမေသုန်”နဲ့ ဦးစားပေး ဂရု စိုက်လာကြတဲ့ အတွက် ဒေါ်သုန် ကျေနပ် ကြည်နူးနေ မိတယ်။ သူများတွေ အိပ်ကုန် ကြပေမယ့် ဒေါ်သုန်က မအိပ်ဘူး။ အိပ်မပျော်ဘဲ မျက်စိ ကြောင်နေတယ် ဆိုတာထက် ဒေါ်သုန့် စိတ်ထဲမှာကိုက အိပ် ဖို့စိတ်ကူး မရှိတာပါ။
ရထား ခုတ်မောင်းသံက ဂျိန်းဂျိန်း ဂျုတ်ဂျုတ်။ အရသာက ကားစီး ရတာနဲ့ မတူဘဲ ပိုပြီး ငြိမ့်ငြိမ့်ညောင်းညောင်း ရှိတယ်လို့ ထင်မိတယ်။ ဖွင့်ထားတဲ့ ပြတင်းပေါက် အပြင်ကို ကြည့်လိုက်ရင် ကျယ်ပြော လှတဲ့ နက်ပြာရောင် ကောင်း ကင်ပြင်ပေါ် ကြဲဖြန့်ထားတဲ့ ကြယ်တာရာတွေကို တဖျပ် ဖျပ်လက်နေတဲ့ စိန်ပွင့်လေးတွေနဲ့ မခြား အဆုံးအစ မရှိ မြင်တွေ့ နေရတယ်။ သူတို့ အလယ်မှာက ထိန်ထိန်သာ နေတဲ့ လပြည့်ဝန်းကြီး။ သစ် ပင်တွေ ကြားထဲ ပုန်းကွယ် ငုံ့လျှိုးသွားလိုက်၊ ပြန်ထွက် လာပြီး ပြုံးရယ်ပြလိုက်နဲ့ အထက်ကို တဖြည်းဖြည်း မြင့်တက်လာ နေတဲ့ လမင်း ၀ိုင်းစက်စက်ကြီးက ရွေ့လျား နေတဲ့ ရထားကြီးနဲ့ အပြိုင် ရထားတွဲ ပြတင်းပေါက်ကနေ ထက်ကြပ်မကွာ လိုက်ပါ လာတာကိုကြည့်ပြီး ဒေါ်သုန် ပျော်လာတယ်။ လယ်ကွင်း တွေကို ဖြတ်တိုက်လာတဲ့ ညဥ့်လေအေးကလည်း ပြတင်းပေါက်ဆီ တစ်ချက် တစ်ချက် တိုးဝှေ့ပြေးဝင်လာ ကြသေးတာလေ။

ဒေါ်သုန့်ရင်ထဲမှာ ခံစား ချက်မျိုးစုံရောပြွမ်းညွတ်နူး လာနေတယ်။ ပျော်လည်း ပျော်တယ်။ လွမ်းမြေ့စိတ်ကလေးလည်း ရှိနေတယ်။ ဒီအချိန်ဆို လရောင်အောက်မှာ ဒေါ်သုန်တို့ ရွာကလေး အိပ်မောကျနေ လောက်ရောပေါ့။ ထရံပေါက် အကြိုအကြားတွေကနေ လ ရောင်လေးတွေ တိုးဝင် လင်းဖြာနေမယ့် အိမ်စုတ်က လေးကိုရော။ ပြီးတော့ ဆုံး သွားပြီဖြစ်တဲ့ အိမ်ကလူကြီး ကိုရော။ အတိတ်ကိုလည်း ပြန်ငဲ့ပြီး လွမ်းရခြင်းတွေနဲ့ တစ်ပြိုင်နက်တည်းမှာ လာ မယ့်အနာဂတ်ကို ရှေးရှု ပုံဖော် ကြည့်နေမိတဲ့ ခံစားချက် လည်း ရင်ထဲ လူးလွန့်လျက် ရှိနေပြန်ပါတယ်။ သွေးသား ရင်းချာ တူသားနောင်မယ် ရှိကြသူတွေတောင် အသက် ကြီးလာရင် အရိပ်ခိုရတဲ့ကံ ရှိချင်မှရှိတာ။

ဒီအတွက် ကိုယ့်အဖြစ် ကိုယ် “အိုကံကောင်း ပါလားလို့” တွေးမိတော့ ဒေါ်သုန် ကျေနပ် မဆုံးဘူး။ ရထားပြတင်း အပြင်ဘက် ငေးနေရင်း ဒေါ်သုန့်ပါးစပ်က သီချင်း တစ်ပိုင်းတစ်စ လေးတွေ တစ်ချက်တစ်ချက် ခုန်ထွက် ကျလာသံကို နားထောင်းရင်း လဲ့လဲ့အောင် တို့ လင်မယားနှစ်ယောက် လည်း ၀မ်းသာနေကြတယ်။

ရန်ကုန် ရောက်လာ တော့လည်း သိချင်တာရှိရင် လက်ညှိုး တထိုးထိုးနဲ့ ဒေါ်သုန် မေးသမျှတွေကို လင်မယား နှစ်ယောက် စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးကြတယ်။ ဒေါ်သုန့် အတွက်တော့ မြင်ရသမျှ ၀န်းကျင်က အသစ်အဆန်း ချည်းပဲ။ လူတွေ၊ ယာဉ်တွေ ကလည်း လိုက်ကြည့်ရတဲ့ လူတောင် ခေါင်းမူးလောက် အောင် ရှုပ်ထွေး စည်ကား လွန်းလှပုံများ။ လဲ့လဲ့အောင် တို့ တိုက်တန်းရှေ့မှာ တက္ကစီ ထိုးရပ်တော့လည်း မြင့်လှတဲ့ တိုက်ကြီးကို ဒေါ်သုန် မော့ ကြည့်ယူရတာပါပဲ။

“ကိုးလွှာအထိ ရှိတယ်။ သမီးတို့က လေးလွှာမှာ”လို့ လဲ့လဲ့အောင်က ဒေါ်သုန့်ကို ရှင်းပြတယ်။ အောက်က မော့ကြည့်လိုက်ရင် တစ်ပုံစံတည်း တန်းစီမြင်နေရတဲ့ ၀ရန်တာလေးတွေထဲက တစ်ခုကို လဲ့လဲ့အောင်က လက်ညှိုး ညွှန်ပြတာကို ကြည့် ပြီး ဒေါ်သုန့်စိတ်ထဲ နည်း နည်း တွေးပူသလို ဖြစ်မိ တယ်။ ရွာမှာ အမြဲ လမ်း လျှောက်နေရတယ် ဆိုပေမယ့် မြေပြန့်လေ။ ဒါကြီးက...

“ဟဲ့၊ အမေက ဒူးမ ကောင်းဘူးနော် မိလဲ့။ ဒီလောက် အမြင့်ကြီး တက်နိုင် ပါ့မလားတောင် မသိဘူး”
ဒေါ်သုန်ရဲ့ ပူပန်စကား အဆုံးမှာ ကိုစိုးသက်က ပြုံးရင်း ၀င်နှစ်သိမ့်တယ်။
“မပူပါနဲ့ အမေရဲ့။ ဓာတ်လှေကား ရှိပါတယ်”

မီးက သူ့အချိန်နဲ့ သူရတာ ဖြစ်ပေမယ့် အဲဒီနေ့က သူတို့ ပြန်ရောက်ချိန်မှာ မီး လာနေတဲ့ အတွက် ဓာတ်လှေကားနဲ့ ရှောရှောရှူရှူ အပေါ် ရောက်သွားတယ်။ ဒီလောက် မြင့်တဲ့ တိုက်ပေါ်ကို ခြေ ညောင်းခံစရာ မလိုဘဲ မိနစ် ပိုင်းလောက်လေးနဲ့ ရောက်သွားအောင် ပို့ပေးနိုင်တဲ့ ဓာတ်လှေကား ဆိုသဟာကြီးရဲ့ အစွမ်းကို ဒေါ်သုန် တော်တော် ဖျားသွားတာ အမှန်ပဲ။

၎။
လဲ့လဲ့အောင်တို့ တိုက်ခန်းက မကျယ်လှပါဘူး။ ရွာက ဒေါ်သုန့် အိမ်လေးနဲ့ မတိမ်းမယိမ်းရယ်။ ဒါကို လဲ့လဲ့အောင်က “အခု သမီးတို့ တိုက်ခန်းကတောင် ကျယ်သေးတာ အမေသုန်ရဲ့။ တကယ်ကျဉ်းတဲ့ တိုက်ခန်းတွေ အမေ မမြင်ဖူးသေးလို့” လို့ပြောတာ ဒေါ်သုန် အံ့သြ နေတယ်။ တချို့တိုက်ခန်း တွေဟာ ဘုရားခန်းနဲ့ ဧည့် ခန်း အတူတူပဲ။ မီးဖိုခန်းမှာ ရေချိုးခန်းနဲ့ အိမ်သာပါ ကျဉ်းကျဉ်းကျပ်ကျပ် တွဲ ထား ရသေးတာ။ ညအိပ် ညနေ ဧည့်သည်လာရင်တောင် သိပ်စရာ အိပ်ခန်း သီးသန့် မရှိဘူးတဲ့။
အဲဒီလို ဆိုရင်တော့ လဲ့လဲ့အောင် ပြောသလို သူတို့ တိုက်ခန်းလေးက ကျယ်တယ် ပြောရမယ်။ အခန်း နှစ်ခန်းပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာလည်း သူ့ဟာလေးနဲ့သူ ကျယ်တယ်။ မီးဖိုခန်းလည်း ကျယ် တယ်။ ဘုရားခန်းက သတ်သတ်၊ ဧည့်ခန်းက သတ်သတ်။ အခန်းကလည်း အပျံ စားပဲ။ ရွာက သွပ်မိုး၊ ထရံကာ ဒေါ်သုန့် တစ်ထပ် အိမ်လေးနဲ့ စာရင်တော့ တကယ့် နတ်ဘုံ နတ်နန်းလို့ တောင် ပြောရမလားဘဲ။

တီဗွီ အပေါ်စက် အောက်စက်၊ စလောင်း၊ အ၀တ်လျှော်စက်၊ လေအေး ပေးစက်၊ ဆိုဖာတွေနဲ့။ အိမ် သုံးပစ္စည်း ဆိုတာတွေကလည်း အဖိုးတန် အကောင်းစားတွေ ချည်းပဲ။ ပိုက်ဆံကလည်း ရှာကြတာကိုး။ ကိုစိုးသက်က ဘယ်နှလမ်းမှာ ဆိုလား။ ကား၊ ဆိုင်ကယ်အပိုပစ္စည်း ဆိုင်ဖွင့်ထားတယ်။ တခြား လုပ်ငန်းတွေလည်း အများကြီးပဲ။ သူတို့ တစ်ဦးတည်း ပိုင်တာရော၊ သူများနဲ့တွဲလုပ် ထားတာတွေရော။ သူ့အလုပ် ကိုယ့်အလုပ် ခွဲပြီး မိုးလင်းတာ နဲ့ လင်မယားနှစ်ယောက် စားသောက်၊ ရေမိုးချိုး ပြင်ဆင်ပြီး ကြော့ကြော့မော့မော့ နဲ့ အပြင် ထွက်သွားကြတာ ပုံမှန် ညနေခြောက်နာရီနဲ့ ခုနစ် နာရီ ပတ်ဝန်းကျင်မှ ပြန် ရောက်လာတယ်။

လူမှုရေး အသင်းအဖွဲ့ တွေမှာလည်း လုပ်နေတဲ့ ကိုစိုးသက်က မိုးချုပ်တာ များတယ်။ တစ်ခါတလေ လည်း သူတို့ဘာသာ ဖုန်းနဲ့ အချိန်းအချက် လုပ်ပြီး နေ့ လယ်စာ အတူပြန်လာစား တတ်ကြတယ်။ အများအား ဖြင့်တော့ သူ့ဟာသူ ပြန်လာစား၊ ကိုယ့်ဟာကိုယ် ပြန်လာစားပဲ။ သားသမီး မရှိသေး တာ တစ်ခုက လွဲလို့ သူတို့ အိမ်ထောင်ရေးက ပြည့်စုံပါတယ်။ လင်ရယ်၊ မယား ရယ်လို့လည်း ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိကြတယ်။ တစ်ယောက်အပေါ် တစ် ယောက် အလေးထားကြ တယ်။ အိမ်မှာ ရှိနေချိန်တွေ များ “လဲ့ရေ... အစ်ကိုရေ”နဲ့ ရယ်ရယ်မောမော နောက် ပြောင်ကျီစယ် နေကြတာကို ကြည့်ပြီး ဘေးက လူတွေပါ ပျော်လာသလိုပဲ။

“သမီး တွေ့ဖူးသမျှထဲ မှာ မမလဲ့တို့ အိမ်ထောင်ရေး က စိတ်ချမ်းသာစရာ အကောင်းဆုံးပဲ”

လဲ့လဲ့အောင်တို့ ခေါ် ထားတဲ့ “ဆွေဆွေ” ဆိုတဲ့ မိန်းကလေးက ပြောတာပါ။ ဒေါ်သုန်နဲ့သူ အတူ အိပ်ရ တယ်။ ဒီကောင်မလေးကို မြင်ရစက ဒေါ်သုန့်မှာ အံ့ကို သြရောပဲ။ ကိုယ့်ရွာက အပျိုချောတွေထက်တောင် ကြော့မော့နေအောင် ဖြီးလိမ်း ပြင်ဆင်ထားလို့လေ။ မိုးလင်း တာနဲ့ ထမင်းအိုး မတည်ခင် သနပ်ခါးက ပါးပေါ် ဖုန်နေ အောင် လူးထားပြီးပြီ။

“ရောက်စကတည်းက မမလဲ့ သင်ထားတာလေ။ မိုးလင်းတာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကိစ္စ အရင်လုပ်။ သနပ်ခါးလိမ်း၊ အ၀တ်အစား သန့်ပြန့်အောင်ဝတ်ပြီးမှ မီးဖို ခန်းထဲဝင် လုပ်စရာ ရှိတာ လုပ်တဲ့။ သနပ်ခါးလည်း အပြည့်အစုံ ၀ယ်ထားပေး တယ်။ မျက်နှာ ပြောင်နဲ့နေ မိတဲ့ရက်ဆို အဆူခံရတယ် ကြီးကြီးသုန်ရဲ့”

တကယ်ပါပဲ။ ဆွေဆွေ့မှာ အလှပြင်ပစ္စည်းတွေလည်း ထိုက်သင့်သလောက် ရှိ တယ်။ အ၀တ်အစားတွေလည်း မနည်းဘူး။ ဒေါ်သုန် တောင် အပျိုဘ၀က သူ့ လောက် မ၀တ်မစားခဲ့ရဘူး သလိုပါဘဲ။ ရတဲ့လခအကုန် အ၀တ်အစား ၀ယ်ပစ်တာ များလားဆိုတော့ ဆွေဆွေက ရယ်တယ်။
“မဟုတ်ပါဘူး ကြီး ကြီးသုန်ရယ်။ လခက အိမ်ကို ပို့ရတာပါ။ အ၀တ်အစားက မမလဲ့ အကျတွေရော၊ ၀ယ်ပေးတာတွေရော ပေါင်းလို့ များနေတာပါ”

ဆင်တဲ့ အ၀တ်အစားဖိုး ကို သူ့တစ်လခ စာလောက် ရှိမလားဘဲ။ လဲ့လဲ့အောင်တို့ လင်မယားကလည်း စေတနာ ကောင်းတယ်ပဲ ပြောရမလား၊ လက်ဖွာတယ် ပြောရ မလားဘဲ။ အ၀တ်အစားနဲ့ အသုံးအဆောင် ပစ္စည်းတွေ ဖောဖောသီသီ ဆင်ပေးတဲ့ အပြင် လခက သတ်သတ်၊ အိမ်မှာ သူတို့ မရှိတုန်း စား ချင်တာတွေ့ရင် ၀ယ်စားနိုင်အောင် မုန့်ဖိုးက သတ်သတ် လက်ထဲ ထည့်ခဲ့ပေးသေးတာ။ ဒီကြားထဲ လေးငါးခြောက်လ တစ်ခါ ဆိုသလို ရွာကိုလွမ်းလို့ ပြန်ချင်တယ် ဆိုရင်လည်း ခရီးစရိတ် ထုတ်ပေးသေးတာ တဲ့။

“မမလဲ့တို့က ကိုယ့် အပေါ် အဲဒီလို ကောင်းလွန်း လို့ကို သမီးကလည်း ပြန်ငဲ့ ပေးနေရတာပေါ့”
ဆွေဆွေ့စကား ကြားရ တဲ့နေ့က ဒေါ်သုန်မှာ အမြင် ကတ်ကတ်နဲ့ မျက်လုံးပြူး ကြည့်လိုက်မိသေးတယ်။ ဘယ့်နှယ် သူကပဲ တစ်ပြန်တစီး ပြန်ငဲ့ ပေးနေရသေးတယ် ဆိုပါလား။
“ဒီမှာ နေရတာ ပျင်းတယ် ကြီးကြီးသုန်ရဲ့။ ရွာမှာပဲ ကောက်စိုက်၊ ပျိုးနုတ်ပြန် လုပ်စားချင်တော့တာ။ မမလဲ့ က ပေးမပြန်ချင်လို့သာ”

“ကြီးကြီးကျယ်ကျယ် အေ”လို့ ပြောလိုက်ချင်တာ၊ မကောင်းတတ်လို့။ ဒါတောင် မနေနိုင်မထိုင်နိုင် တစ်ခွန်းတော့ လွှတ်ခနဲ ထွက်သွား သေးတာ။

“လယ်အလုပ် လုပ်ရ တာ ဒီလောက် ပင်ပန်းတာ။ ဒီမှာ ဘာလုပ်ရတာ မှတ်လို့ အေရယ်”

ဟုတ်တယ်လေ။ ဒေါ်သုန် မြင်ရသလောက်ဆို သင်းလောက် သက်သာတာ သင်းပဲ ရှိတာ။ မနက်ဆို လည်း သိပ်အစောကြီး ထစရာ မလိုဘူး။ လဲ့လဲ့အောင်တို့ လင်မယားက မနက်စာကို ထမင်း မစားကြဘူး။ ကော်ဖီ တစ်ခွက်နဲ့ မုန့်လေး၊ အသီး အနှံလေး စားရင်စား။ မုန့်ဟင်းခါးဖြစ်ဖြစ်၊ မုန့်တီ သုပ်လေးဖြစ်ဖြစ် စားရင်စား။ ထမင်းကို နေ့လယ်ဆယ့်တစ် နာရီ ဆယ့်နှစ်နာရီလောက်မှ ပြန်လာစားကြတယ်။ ဒီတော့ ဆွမ်းတော်တင်ဖို့ စီစဉ်ပြီးရင် ထမင်းဟင်း ကိစ္စ အေးအေး ဆေးဆေး စီမံချိန်ရတယ်။

ချက်ရပြုတ်ရတာကလည်း မပင်ပန်းပေါင်။ ဆန် လေးဆေး၊ ပလတ်ပေါက် ထိုးပြီး ခလုတ်လေးနှိပ်ထား လိုက်ရင် ထမင်းအိုး ကိစ္စပြီး ပြီ။ လှည့်ကြည့်စရာ မလိုဘူး။ အချိန်တန်ရင် သူ့အလို လို “ချောက်”ခနဲ မြည်ပြီး ကျက်သွားရော။

ဟင်းဆိုလည်း လျှပ်စစ် ဒယ်အိုးလေးနဲ့ လိုတဲ့အချိန် ကောက်ကြော်လိုက်ရုံပဲ။ ဟင်းအနှစ် လိုရင် ခရမ်းချဉ်သီး၊ ကြက်သွန်ကအစ လက်အညောင်းခံ၊ အဖိတ်အစဉ် ခံပြီး ဓားနဲ့ စဉ်းနေစရာ မလိုဘူး။ ကြိတ်စက်ထဲ ထည့်ပြီး ဆယ့်လေးငါးချက် လှည့်လိုက်ရင် အဆင်ပြေသွားပြီ။ စားချင်တာလေးရှိလို့ လဲ့လဲ့ အောင်တို့ဘာသာ အပြင်က ဟင်းဝယ်လာတဲ့ နေ့ဆိုရင် ထမင်း တစ်အိုးတည်းနဲ့တင် မနက်ပိုင်း မီးဖိုချောင် ကိစ္စ ပြတ်ကရော။ အ၀တ် လျှော်ရတာလည်း စက်နဲ့ဆိုတော့ လူလည်း မပင်ပန်း၊ အချိန်ပုပ်လည်း သက်သာ။ ကြမ်း ပေါ်တင်နေတဲ့ ဖုန်တွေက အစ စက်နဲ့ စုပ်ပစ်တာ။ အားရင် ရေခဲ သေတ္တာထဲမှာ ၀ယ်ထည့် ထားပေးတဲ့ ဖျော်ရည်ဘူးတွေ ယူသောက်၊ အသီးအနှံတေ ယူစား၊ ပြီး တီဗွီရှေ့ထိုင်နေရုံပဲ။ သီချင်း နားထောင် မလား။ စလောင်းလိုင်းတွေ ကြည့်မလား။

လဲ့လဲ့အောင်တို့ သင်ထားပေးလို့ ဆွေဆွေ အားလုံး ဖွင့်တတ်တယ်။ ဒေါ်သုန်က တော့ ဘာမှ မလုပ်တတ် ပေါင်။ ထမင်းအိုးတောင် ဖြောင့်ဖြောင့် မတည်တတ် ဘူး။ တစ်သက်နဲ့တစ်ကိုယ် အကျွမ်းတ၀င် မရှိခဲ့တော့ လျှပ်စစ် ပစ္စည်းတွေနဲ့ ပတ်သက်လာရင် ဒေါ်သုန်က အစွဲရှိတယ်။ လက်နဲ့ မထိ မကိုင်ရဲဘူး။ မတော်လို့ဓာတ် လိုက်ရင် ဘယ့်နှယ့် လုပ်ကြမတုံး။ ဒေါ်သုန်က အဲဒီလို ပြောတော့ ဆွေဆွေက ရယ်လိုက်တာ။

အဲဒီ ဆွေဆွေက အရယ်လည်း သန်တယ်။ ဒေါ်သုန့်ဆို နောက်ဖို့ပြောင်ဖို့နဲ့ ရယ်ဖို့ လောက် စိတ်ကူးနေတာ။ လဲ့လဲ့အောင်က ဒါကို “အမေသုန် ရောက်လာမှ အခုလို ပျော်ပျော်ရွှင်ရွှင် ဖြစ်လာတာ။ စောစောကဆို မှုန်ကုပ်ကုပ်နဲ့။ ပြန်ချင်တယ် ခဏခဏပူဆာ နေလို့ သမီးတို့မှာ သူ့ကို မနည်း ချော့ထားရတာ”လို့ ပြောပြတယ်။ ဒေါ်သုန်က မေးရတယ်။
“အမေ မြင်တာတော့ သူ့ မှာ ပင်ပန်းတာ မတွေ့ပါ လား။ ဘာလို့ ရွာပဲ တကဲကဲ ပြန်ချင် နေတာတဲ့တုံး”

“ပျင်းလို့တဲ့”

သြော် ကောင်မလေးနှယ် ခက်ပုံများ။ ဒီလို နေရာမျိုးမှ မပျော်ရင် ဘယ်နေရာ ပျော်ဦးမှာတုံး။ ဒေါ်သုန် ပြောတာတွေ နားထောင်ပြီး လဲ့လဲ့အောင်က ပြုံးတယ်။

“သူပြန်ရင် တခြား တစ်ယောက် ရှာမရဘူးလို့ တော့ ဘယ်ဟုတ်ပါ့မလဲ အမေသုန်ရယ်။ ရှာလို့ ရတာပေါ့။ ကိုယ့်အိမ်မို့ ပြောတာ မဟုတ်ပါဘူး။ သမီးတို့လို အိမ်မျိုးက ပိုတောင် ရှာလို့ လွယ်သေးတယ်။ အလုပ် သမားရယ်၊ အိမ်ရှင်ရယ်လို့ ခွဲခြား ဆက်ဆံတာမျိုးလည်း မလုပ်ဘူး။ လခလည်း ထိုက်ထိုက်တန်တန် ပေးတယ်။ အိမ်သားနည်းတော့ အလုပ်လည်း မပင်ပန်းဘူး။ လိုအပ် တာတွေလည်း သူတို့ ပြောစရာမလိုအောင် အလိုက်တသိ ဖြည့်ပေး ဆည်းပေးတယ်။ သူတို့ဘက်က ရပိုင်ခွင့်တွေကိုကြည့်ကျက် နားလည်ပေးတယ်။ ပေးတာနဲ့ ခိုင်းတာ မမျှတတဲ့ အိမ်ရှင်တွေလည်း အများကြီး ရှိတယ် အမေသုန်ရဲ့”

“အမေလည်း ကြားဖူး နားဝရှိပါတယ်၊ မိလဲ့တို့က သဘော ကောင်းတာပါ”

“သဘောကောင်းတယ် ဆိုတာထက် ကိုယ်ချင်း စာတာပါ။ သမီးကိုယ်တိုင် လည်း ရွှေဘုံစံ ဘ၀က လာခဲ့ရတာ မဟုတ်ဘူး ဆိုတော့လေ။ ကိုစိုးသက် ဆိုတာလည်း စိတ်ရင်းဖြူပြီးသား။ ဒါကြောင့် ဒီအိမ်ကနေ အဆင် မပြေဖြစ်ပြီး ထွက်သွားရတဲ့ အိမ်ဖော်ရယ်လို့ ရှိဖူးဘူး။ သူတို့ဘက်က အခက်အခဲ တစ်ခုခုရှိလို့ ထွက်သွားရတာ မျိုးပဲကြုံဖူးတယ်။ ဒါမျိုးကျတော့ ကိုယ့်ဘက်ကလည်း ဘာမှ လုပ်ပေးလို့ မရဘူး လေနော် အမေသုန်ရယ်”

“ဆွေဆွေရှေ့မှာ အရင် ကောင်မလေးတွေ ရှိဖူးတယ်ပေါ့”

“နှစ်ယောက် ရှိဖူးတယ်။ တစ်နှစ် ၀န်းကျင်နေ သွားတဲ့ တစ်ယောက်က အိမ်ထောင်ပြုမယ် ဆိုပြီး ပြန် သွားတာ။ တစ်ယောက်ကတော့ တစ်နှစ်ကျော် အထိ နေသွားတယ်။ ဆွေဆွေ့လိုပဲ နေရတာပျင်းလို့ ဆိုပြီး ပြန်သွားတာ။ ကိုယ့်ဘက်က စေတနာ မှန်လို့ပဲလား မသိဘူး။ ရောက်လာသမျှ ကောင်မလေး တိုင်းက သမီးတို့ အပေါ် ရိုးသားသစ္စာ ရှိကြသူတွေ ချည်း ကြုံရလို့ တော်သေးတယ်။ ကိုယ်တွေက အပြင် ထွက်နေတဲ့ တစ်နေ့လုံး ရှိသ မျှ ပိုင်ဆိုင်မှုတွေ သူတို့လက်ထဲ ထိုးအပ် ပစ်ခဲ့ရတာ မဟုတ်လား။ စိတ်ချရမှ ဖြစ်မှာ။

ကိုယ်မရှိတုန်း ရသမျှ သယ်ချသွားလည်း ဘာမှ မတတ်နိုင်ဘူး။ တချို့များဆို အဖွဲ့နဲ့ကို အကွက်ချစီစဉ်ပြီး ကြံ စည်ကြတာ။ ဒီတော့ ဘာဘာညာညာ မသိဘဲ ရမ်းသန်း မခေါ်ရဲလို့ ကောင်မလေး တစ်ယောက်ခေါ်ဖို့ အရေး စုံစမ်းရတာ၊ စောင့်ကြည့် လေ့လာရတာ တကယ် မလွယ်ဘူး။ ဒါကြောင့် စိတ်ချ ယုံကြည်ရတဲ့သူ ဆိုရင် တော်ရုံနဲ့ လက်လွတ် မခံချင်တာ။ ပျော်အောင် ထားနေရတာ။ တစ်ယောက်ပြန်ရှာ ရတဲ့ ဒုက္ခက မသေးဘူး”
“မခေါ်ရင်ကော။ အမေ မြင်ရသလောက်တော့ မိလဲ့ တို့အိမ်မှာ အထွေအထူး လုပ်စရာ မရှိလှပါဘူး”

“အလုပ်ဆိုတာထက် အိမ်လည်း စောင့်ရတာပေါ့။ ဒီမှာက ရွာမှာလို မဟုတ်ဘူး အမေသုန်ရဲ့။ မြို့ကြီးပြကြီး ပီပီ လူပေါင်းစုံ စရိုက်ပေါင်းစုံ ရှိနေကြတာ။ လူလိမ် လူကောက်တွေလည်း ပေါတယ်။ အလစ်သုတ်သမားရန်လည်း အမြဲ သတိထားနေရတယ်။ ပြီးတော့ မီးရေးထင်းရေးလည်း ပူရတော့ အပြင်ထွက် စီးပွား သွားရှာဖို့ရာ အိမ်မှာ လူစောင့်ရှိတော့ စိတ်ဖြောင့် လက်ဖြောင့် ထားခဲ့ နိုင်တာပေါ့”
ဒါလည်း ဟုတ်တာပါ ပဲ။ ရှင်းပြလိုက်တော့လည်း သူ့အကျိုးအကြောင်းနဲ့သူ မျှတနေတာမို့ ဆွေဆွေ့ကို လည်း ပြောစရာ မရှိတော့ သလို လဲ့လဲ့အောင်ဘက် နားလည်လာတယ်။ ဒီတော့ မြို့ပြ လူနေမှုစနစ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတစ်ခု တိုးလာ တယ်လို့ပဲ ဒေါ်သုန့်ဘာသာ အောက်မေ့ရပါတယ်။

၅။
လဲ့လဲ့အောင်တို့ လက် မလွှတ်ချင်လောက်အောင် ဆွေဆွေကလည်း တကယ် ယုံကြည် စိတ်ချရတဲ့ ကောင်မလေးပါ။ အိမ်ရှင်တွေ သဘော ကောင်းပေမယ့် အခွင့်အရေး သိပ်မယူဘူး။ လက်လွတ်စပယ် မလုပ်ဘူး။ စည်းစနစ် ရှိတယ်။ တံခါးဆိုလည်း လဲ့လဲ့အောင်တို့ အပြင်ထွက် သွားပြီ ဆိုကတည်းက အပြင် သံပန်းတံခါးရော၊ အတွင်း ပျဉ်တံခါးပါ သော့ခတ်ထား လိုက်တော့တာ မလိုအပ်ဘဲ ပြန်မဖွင့်တော့ဘူး။

“ဒီမှာက သတိထားနိုင်မှ တော်ကာကျတာ ကြီးကြီး သုန်ရဲ့။ လူတိုင်းကို ကိုယ့်လို ထင်ပြီး စိတ်ချ ယုံကြည်နေ လို့ မရဘူး။ ရောက်စက မမလဲ့တို့က သူတို့အပြင်ထွက် တိုင်း “သော့ခတ်ထား၊ သော့ ခတ်ထား”နဲ့ တဖွဖွ မှာတာကို သမီးက “အကဲ ပိုလှချည့်” အောက်မေ့နေတာ။ တကယ် က မပိုဘူးရယ်။ ရောက်ပြီး သိပ်မကြာဘူး။ ဂျာနယ်ထဲ ပါလာတဲ့ သတင်းတစ်ပုဒ်ကို အစ်ကိုကြီးက ယူလာ ဖတ်ပြတယ်။ အိမ်ရှင်တွေ မရှိတုန်း အိမ်ဖော် ကောင်မလေးကို အိမ်ရှင့် မိတ်ဆွေတွေပါ လိမ်ညာ တံခါးဖွင့်ခိုင်းပြီး အနုကြမ်း စီးသွားတာလေ။ ကောင်မလေးကို မသတ် သွားတာတောင် ကံကောင်း တဲ့”
“ဟဲ့၊ အခန်းချင်းကပ် လျက်နေကြ သူတွေကကော မသိကြဘူးလား”

“ဒီလောက် အသံ လုံနေတဲ့ ဥစ္စာ။ သမီးတို့တောင် ဘေးခန်းက အသံတွေကြား ရလို့လား ကြီးကြီးသုန်ရဲ့”

ဟုတ်တော့လည်း ဟုတ်သား။ ဒီတိုက်တန်းကြီးမှာ အခန်းပေါင်းများစွာ ရှိတယ်ဆိုတာ မျက်မြင် အရရော၊ လဲ့လဲ့အောင်တို့ အပြော အရပါ သိထားရတာ။ ရောက်လာချိန်ကတည်းက ဘေးခန်းက အသံရယ်လို့လည်း ခုထိမကြားဖူးသေးဘူး။ တိုက်ခန်းထဲမှာပဲ နေနေရင် ကိုယ့်တစ်အိမ်တည်း သီးသန့် နေနေရသလိုပဲ။ မျက်နှာချင်းဆိုင် အခန်းမှာနေတဲ့ လူတွေ ဖြူသလား၊ မည်းသလားဆို တာတောင် ခုထိ ဒေါ်သုန် မသိဘူး။

“တရုတ်တွေလား မသိဘူး”

“မသိဘူး ဆိုတော့ သူတို့က လူသစ်တွေမို့လား ဆွေ ဆွေရဲ့”

“အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူလည်း သူ့အခန်းတံခါး ပိတ်ပြီးနေ။ ကိုယ်လည်း ကိုယ့်အခန်းတံ ခါးပိတ်ပြီးနေ ဆိုတော့ သိပ် မသိကြဘူး။ လူချင်းတော့ မြင်ဖူးပါတယ်။ ဘယ်ဟာက အိမ်ရှင်မှန်း မသိတာကို ပြောတာ”

“အံ့သြစရာပါလား ဟယ်”

ရွာမှာဆို အခုလို အခန်း နီးချင်း၊ အဲလေ အိမ်နီးချင်းပဲ ထားပါတော့။ အိမ်နီးချင်း မပြောနဲ့ တစ်ရွာလုံး လိုလို သိတယ်။ မသိတဲ့ လူလို့ မရှိဘူး လေ။ ဆွေဆွေကတော့ ထုသားပေသား ကျနေပုံမျိုးနဲ့ ပြုံးတယ်။
“သမီးလည်း ရောက်စကတော့ ကြီးကြီးသုန်လို အံ့သြတာပါပဲ။ ခုတော့ ရိုးသွားပါပြီ။ ဟိုတစ်လောက ဆို အပေါ်ထပ် တစ်ခန်းက နာရေး ရှိတာကို ဒီမှာအခန်း မှားပြီး လာမေးမှ သိတယ်လေ။ ရွာမှာဆို အိမ်တစ်အိမ် နာရေး ဖြစ်ပြီဟေ့ ဆိုတာနဲ့ အရပ်က တစ်ယောက်တစ်လက် ၀ိုင်းဝန်း ကူညီကြပြီး သားပဲ။ သေတဲ့ရက်ကနေ ရက်လည်နေ့ အထိ အိမ်ရှင်က ကူပါပြုပါ လိုက်ပြော နေစရာကို မလိုဘူး။ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကိုယ်လာကူ ပေးကြတယ်။ ခုတော့ တစ်တိုက်ထဲ နေပြီး နာရေးရှိတာတောင် မသိရတဲ့ အဖြစ်။ သိဖို့ နေနေသာသာ တချို့ဆို တစ်တိုက်ထဲ နေပြီး မမြင်ဘူးတာတောင် ရှိတယ်။ ရောက်စတုန်းက သမီးဖြင့် နေရတာ တစ်မျိုးကြီးပဲ။ မနေတတ် မထိုင်တတ်နဲ့ ဘယ်မှလဲ မလည်ရ။ အိမ်နီးချင်းရယ်လို့လည်း ခင်ခင်မင်မင် ၀င်ထွက် သွားလာတာမျိုးက မရှိ။ စကား ပြောဖော်မရှိ ဘာမရှိနဲ့ တစ်နေ့တစ်နေ့ အခန်းထဲ တံခါး ပိတ်ပြီး တစ်ယောက်တည်း ငေါင်တောင်တောင်နဲ့”

ဆွေဆွေ ပြောမှပဲ ဒေါ်သုန်တောင် ကိုယ့်အိမ်ကိုယ့် ယာကလေးကို အမှတ်ရလာ သလိုပါပဲ။ ဘာလိုလိုနဲ့ ရွာနဲ့ အိမ်ကလေးကို ခွဲခွာ ခဲ့ရတာ တစ်လ နီးလာပြီပါလား။ အစစ အရာရာ စိတ်မချပူပန် နေရတဲ့ ဟောဒီ မြို့ပြကို ရောက်လာမှပဲ အချိန်မရွေး စိတ်ချလက်ချ ပစ်ထားခဲ့လို့ ရတဲ့ ကိုယ့်ရွာက အိမ်ကလေးကို လွမ်းလိုက်တာ။ တစ်အိမ်နဲ့ တစ်အိမ် တံခါးမရှိ ဓားမရှိ ၀င်ထွက် ကူးသန်းနေကျ အိမ် နီးချင်းတွေကိုလည်း သတိ အရသား။ ဒေါ်သုန်ဖြင့် ဘယ်သွားသွား ဘယ်လာလာ အိမ်လေးအတွက် ဘယ်တော့မှ နောက်ဆံငင် ပူပန် မနေရပေါင်။

ဒီလိုဆိုတော့ ကြားရသူ တွေက “ဒေါ်သုန့်အိမ်ကလည်း ခိုးစရာ အဖိုးတန် ပစ္စည်း ရှိမှ မရှိတာ” လို့ ပြောရင်ပြောမယ်။ မဟုတ်ဘူး တော်ရေ၊ ကျုပ်တို့ရွာမှာ အိမ်တိုင်းဟာ ဒီလိုချည်းပါ။ မယုံရင် တစ် ပတ်လောက် လာနေကြည့် လှည့်လို့ ဒေါ်သုန် ပြောလိုက် ချင်တာ။ သွားစရာ ရှိရင် အိမ် နီးချင်းတွေကိုသာ “အိမ်ခဏ ကြည့်ထား ပေးဦးနော်”လို့ ၀တ္တရား ကျေအော်ပြီး ၀င်းတံ ခါးလေးသာ အသာ စေ့ထား ခဲ့လိုက်။ ဆွေမျိုးမေ့အောင် လည်ပတ်ပြီးမှ ပြန်လာလည်း ဘာမှ မပျောက်စေရဘူး။

အင်း၊ ရွာနဲ့မြို့ကွာတဲ့ အထဲမှာ ဒါမျိုးတွေလည်း ပါတယ်လို့ ဒေါ်သုန် ကောက်ချက်ချမိတယ်။ ဆွေဆွေ ပြောတဲ့ “ပျင်းလို့”ဆိုတဲ့ အဓိပ္ပာယ်ကို ဒေါ်သုန် ရေးရေး သဘောပေါက်မိ စပြုလာပြီဆိုရင်လည်း မမှား ဘူး။ ရွာနဲ့မြို့အကြား ကွာဟ ချက်တွေ ခွဲခြားနှိုင်းယှဉ်တတ် လာတဲ့ ရေလည်မှု အနည်း အပါး ဒေါ်သုန့်မှာ ရှိလာပြီ ဆိုကြပါစို့။

၆။
ဒေါ်သုန် ရန်ကုန်ရောက်တာ တဖြည်းဖြည်းနဲ့ တစ်လ နီးလာပေမယ့် ဘယ်ကိုမှ စုံစုံလင်လင် မရောက်ဖြစ် သေးပါဘူး။ အထင်ကရ ဖစ်တဲ့ ရွှေတိဂုံ ဘုရားကိုတော့ ရောက်ပြီးပါပြီ။ ဒီလောက်ပဲ။ မရောက်ဆို ကိုယ့်ဘာသာလည်း အပြင်ထွက်ဖို့ မလွယ်သလို လဲ့လဲ့အောင်တို့ လင်မယားကလည်း အားလပ်ရက်ရယ်လို့ မရှိကြဘူး လေ။ အလုပ် ကိုယ်စီနဲ့ကို ပျာယာ ခတ်နေကြရှာတာက လား။ ခမျာတွေလည်း ပြောဖော်တော့ ရပါတယ်။
“အမေသုန်လည်း ဘယ်မှ မရောက်ရသေးဘူးနော်။ အားတဲ့ ရက်လေးကျမှ စုံအောင် ပို့ပေးရဦးမယ်”
သူတို့ မအားတာကို သိတဲ့ ဒေါ်သုန်က အလိုက်တသိ ပြန်ပြောရတယ်။

“ရပါတယ်၊ ဖြည်းဖြည်းပေါ့။ မိလဲ့တို့လည်း အားတာမှ မဟုတ်တာ”

တကယ့် မျက်မြင်ကိုယ် တွေ့ပါပဲ။ ရွာမှာ ဒေါ်သုန် အလုပ်ရှုပ်တယ် ဆိုတာ သူတို့ အိပ်နေသလောက်ပဲ ရှိသေးတာ။ ရွာမှာ နေတုန်းက ဒေါ်သုန် အမြဲ ညည်းညူမိတာလေ။ မနက်ဆို မိုးမလင်းခင် ဝေလီဝေလင်းကြီး ပဲပြုတ် ထပြုတ်ရ။ ချက်ပြုပြီး ကပျာကယာ ဆွမ်းတော်တင်။ ရွာ ထဲလှည့်ပြီး ပဲပြတ်ရောင်း။ နေထွက်လို့ အိမ်ပြန်ရောက်ရင် အလုပ်တွေက စောင့်နေပြီ။ သိတဲ့အတိုင်း အိမ်ဗာဟီရ အလုပ် ဆိုတာကလည်း လုပ်ရင်လုပ်သလောက် ရှိနေတာလေ။ လျှော်ရဖွပ်ရတယ်။ ရေခပ်ရတယ်။ တစ်ကိုယ် ရေစာ စိုက်ပျိုးထားတဲ့ သီးပင် စားပင်လေးတွေ ပြုစုရ တယ်။

ကိစ္စ ၀ိစ္စတွေ သွားလာ ရတယ်။ လှူဒါန်းဖို့လေး ရအောင် သူများခြံအလုပ်တွေ ကူစရာရှိရင် သွားကူသေး တာ။ရှာသလောက်၊ အလုပ် များသလောက် သိသိသာသာကြီး တိုးတက်လာသလား ဆိုတော့လည်း လောက်ငရုံ ပါပဲ။ တစ်ယောက်တည်း နေပြီး ဘာတွေမှန်း မသိ ရှုပ် လိုက်တဲ့ အလုပ်။ ငြီးငွေ့လာ တဲ့အခါလည်း စိတ်ရှုပ်ရှုပ်နဲ့ ညည်းမိတယ်။ “နှစ်ကိုယ်ခွဲ လို့ရရင် ကောင်းမှာပဲ”လို့။

ခုတော့ဒေါ်သုန် အလုပ် ရှုပ်တယ်ဆိုတာ လဲ့လဲ့အောင် တို့နဲ့ယှဉ်ရင် ဘာမှကိုမဟုတ် တော့ပါဘူး။ သူတို့များဖြင့် မနက် မိုးလင်းပြီဟေ့ ဆိုတာနဲ့ လုပ်စရာ အလုပ်တွေက အသင့် တန်းစီ စောင့်နေကြ တာ။ မနက် လုပ်ရမယ့် အလုပ်တွေကို ညကတည်းက အခန်းဝက နံရံပေါ်ချိတ် ထားတဲ့ အဖြူရောင် ဘုတ်ပြားပေါ် စာရင်း ဇယားနဲ့ တန်းစီ ချရေးထားတယ်။ ဘုရားတောင် စိတ်အေးလက်အေး အချိန်ယူ မရှိခိုးနိုင်ဘူး။ စားစရာ ရှိတာ သုတ်သုတ်စား၊ လုပ်စရာရှိတာ သုတ်သုတ် လုပ်ပြီး တစ်ယောက်တစ် လမ်း ထွက်ကြတော့တာပဲ။ ပြန်လာရင်လည်း နားရမယ် မထင်နဲ့။ တော်တော်နဲ့မအိပ် နိုင်သေးဘူး။ စာရင်းတွေ လုပ်ရတယ်။ ဒီကြားထဲ ဖုန်းတွေက တတီတီ လာနေ ကြသေးတာ။ ညရောက်လို့ ဘုရားရှိခိုး ပုတီးစိပ်ပြီဆို လဲ့လဲ့အောင်ခမျာ ငိုက်လို့။

သြော်...တစ်နေကုန် စိတ်မောလူမောနဲ့ အပြင်ထွက် စီးပွားရှာကြရတာကိုး လို့ ဒေါ်သုန်မှာ သနားသလိုလို ဖြစ်မိရတယ်။ ကိုးစိုးသက်ဆိုလည်း ဘာထူးတုံး။ အနားယူရင်း ဇာတ်ကားကြည့်တာ။ ဇာတ်ကားတစ်ဝက် မကျိုးခင် ဆိုဖာပေါ်မှာပဲ ခူးခူးခေါခါနဲ့ အိပ်ပျော်လိုပျော်။ ပင်ပန်းသ လောက် ပိုက်ဆံ ရနေကြလို့သာ တော်ပါသေးရဲ့။ ရလာတဲ့ ပိုက်ဆံတွေနဲ့၊ ၀ယ်ယူ စုဆောင်းထားတဲ့ ဇိမ်ခံပစ္စည်း တွေနဲ့ စိတ်အေး လက်အေး ဇိမ်ခံဖို့ရာ အချိန် မရှိတာကိုဘဲ ဒေါ်သုန်က သနား နေမိတာပါ။

ကိုယ်ကမှ ဘယ်လောက် အလုပ်များများ နေ့လယ်နေ့ခင်း တစ်ရေး တစ်မော အိပ်ချိန် ရသေး တယ်။ ညနေစောင်းဆို အိမ်ရှေ့ကွပ်ပျစ် ထွက်ထိုင်ပြီး အိမ်နီးချင်းတွေကို ခေါ်၊ ရေ နွေးကြမ်းလေးဘာလေး တည်ခင်းပြီး ဟိုဟိုဒီဒီ စကား စမြည် ပြောချိန်ရသေးတယ်။ သူတို့များဖြင့် မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အေး အေးလူလူ စကားစမြည် ပြောဖို့ရာ လည်ချိန်ပတ်ချိန် တောင်ရကြရဲ့လား မသိပါဘူး။

ဒေါ်သုန် ရောက်လာတဲ့ အတောအတွင်း ဒီအိမ်ကို ဧည့်သည်လာတာ တစ်ခါလားပဲ ကြုံဖူးသေးတယ်။ လဲ့လဲ့အောင်ရဲ့သူငယ်ချင်း “၀င်းမာ”ဆိုတဲ့ကောင်မလေး ပေါ့။
“သမီး ရောက်ခါစက မ၀င်းမာကို မသိဘူး။ ဒါနဲ့ အလည် လာတာကို တံခါး မဖွင့်ပေးဘဲ အခန်းရှေ့မှာ စောင့်ခိုင်းထားတာ။ မမလဲ့ ပြန်လာတော့ အားတွေနာလို့။ သမီးကလည်း မသိတဲ့ လူဆို တံခါး မဖွင့်ပေးရဘူးလို့ မှာထားတော့ ဘယ်ဖွင့် ပေးရဲမှာ လဲ ကြီးကြီးသုန်ရဲ့”
ဝင်းမာက ရယ်နေတယ်။ ရွာက ဒေါ်သုန့် သူငယ်ချင်းတွေသာဆို သူတို့ လာတာကို ဒေါ်သုန့်အိမ်မှာ ရှိနေသူက မယုံသင်္ကာနဲ့ တံခါး မဖွင့်ပေးရင် စိတ်ဆိုးပြီး ဆိုးဆိုးဆတ်ဆတ်နဲ့ လာရာလမ်း ချက်ချင်း လှည့် ပြန်ကုန်ကြမှာ သေချာတယ်။ မြို့မှာတော့ သူ့အရပ်နဲ့ သူ့ဇာတ် အထာ ကျနေပြီမို့ ဒီအဖြစ်မျိုးလောက်က ထူးပြီး ခံစားနေစရာ မဟုတ်တော့တာ ထင်ပါရဲ့။ ၀င်းမာ က သူ အပြင် သွားနေတုန်း လဲ့လဲ့အောင် လာသွားတာ မတွေ့လိုက် ရလို့ လာလည် တာတဲ့။ သူ လာတော့လည်း လဲ့လဲ့အောင်က ခုလေးတင် ထမင်းစားပြီး ပြန်ထွက်သွားလို့ လွဲနေတယ်။

တစ်မြို့ထဲ နေပြီး မတွေ့ဖြစ်တာ တစ်လ လောက်ရှိပြီ ဆိုတဲ့ စကားကို ဒေါ်သုန်တစ်ယောက် အံ့သြ မနေတော့ပါဘူး။ အံ့သြရတာ တွေများလို့ နောက်ထပ် အံ့သြစရာ မကျန်တော့တာ လားတော့ မပြောတတ်ဘူး။ ဆွေဆွေကတောင် ပြောတယ်။
“ကြီးကြီးသုန်က စာ တတ်သွားပြီ”တဲ့။

ဒေါ်သုန်က ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေ လိုက်တယ်။

၇။
အတွေ့အကြုံသစ်တွေကို လေ့လာ သင်ယူရင်းနဲ့ပဲ ဒေါ်သုန်ရဲ့ တစ်လနီးပါး အချိန်တွေက တိုက်ခန်းလေး ထဲမှာတင် ကုန်ဆုံးသွားတယ်။ ရွာမှာတုန်းက ကလေးတွေနဲ့ အပြိုင် ရွာလူ ကြီးအိမ်အထိ ညညသွားတိုး ကြည့်ခဲ့ရတဲ့ တီဗွီလည်း ခုတော့ အားတိုင်း ထိုင်ကြည့် နေရလွန်းလို့ ပျင်းသွားပြီ။ ဒါတောင် ရွာမှာတုန်းကလို တီဗွီ အစီအစဉ် တစ်ခုတည်း မဟုတ်ပါဘူး။ ဆွေဆွေက လည်ဝယ်တော့ စလောင်း လိုင်းလေးတွေ ကောင်းနိုးရာရာ လှည့်ပတ်ဖမ်းကြည့် ကြတာ။ တရားခွေဖွင့်ပြီး နာမလား။ သီချင်း နားထောင်မလား။ ဇာတ်လမ်းတွဲ အခွေတွေ ဖွင့်မလား။ သူက ဒေါ်သုန့်ကိုပါ ဖွင့်တတ် ပိတ်တတ်အောင် သင်ပေးထားတာ။ ဒေါ်သုန်က မမှတ်မိလွန်းလို့ သာ။

သင်ချင်စိတ်လည်း မရှိတော့ပါဘူး။ အသက် ကြီးပြီလေ။ အပျော်အပါး လည်း ၀ါသနာသိပ်မပါတော့ ပါဘူး။ အသစ်အဆန်းမို့ ခဏ သာယာသလို ဖြစ်ပြီး ပြီးတော့လည်း ပျင်းလာတာပါပဲ။ ဒါလေးပြောမိတော့ အရယ်သန်တဲ့ ဆွေဆွေက ရယ်ပြန်ရော။
“ခြောက်ဆယ်ကျော် လေးများ ကြီးကြီးသုန်ရာ။ နောက်ရက်မှ မမလဲ့နဲ့ ဈေးလိုက်သွားစမ်းပါ။ ကြီးကြီး သုန်တို့ အရွယ်တွေ ဆံပင်တို တိုညှပ်၊ အရောင်ဆိုးပြီး ဂါဝန်တွေ၊ ဘောင်းဘီတွေနဲ့။ ကြီးသုန် ပုံစံ ပြောင်းချင်ရင် ရသေး”
နောက်တာလားတော့ မသိပါဘူး။ ခံရဖူးတဲ့ ဒေါ်သုန်က အလန့်တကြား ငြင်းရတယ်။
“နေပါစေတော်၊ ဒီ အရွယ်ကြီး ရောက်ခါမှ ပုံစံ မပြောင်းပါရစေနဲ့တော့ မယ်မင်းကြီးမရယ်။ ကိုယ့်ဟာ ကိုယ် အေးအေး နေပါရစေ”

ဒီကောင်မလေးက ယုံရတာ မဟုတ်ဘူး။ ခပ်ရွှတ်ရွှတ် ရယ်။ တစ်လောတုန်းကလည်း တီဗွီထဲမှာ ကိုယ့် လောက်အရွယ် အမျိုးသမီးကြီး ဂါဝန် ၀တ်ထားတာကို ကြည့်ပြီး “သူတို့ဝတ်တော့လည်း လှသားဟဲ့”လို့ စိတ်ထဲ ရှိတာလေး ဘာရယ်မဟုတ် ထုတ်ပြော လိုက်မိပါတယ်။ သူက လဲ့လဲ့အောင်ကို သွား ပြောတယ်လေ။ “ကြီးသုန်က အဲဒီလို ဂါဝန်မျိုး ရချင်လို့တဲ့ မမ”ဆိုတော့ ဟိုကလည်း ထွေထွေထူးထူး မေးမနေဘူး။ “ဒီမှာ နေရတာ ပူလို့ နေမှာ”ဆိုပြီး ကြုံတဲ့နေ့မှာ ဂါဝန်တစ်ထည် ကောက်ဝယ် လာခဲ့ပေးရော။

တစ်သက်နဲ့ တစ်ကိုယ် ရင်စေ့ရင်ဖုံးနဲ့ ထဘီကို မချွတ်စတမ်း ၀တ်လာရာက လက်ထဲ ရောက်လာတဲ့ စပန့် သား ဂါဝန် ပွပွကြီးကို ကြည့် ပြီး ဒေါ်သုန့်မှာ ငိုရမလို ရယ်ရမလိုနဲ့၊ အကွက် စောင့်နေတဲ့ ဆွေဆွေက လှိမ့်ရယ်တော့ တာပဲ။ လဲ့လဲ့အောင်ကလည်း အဲဒီတော့မှ တကယ်မဟုတ် မှန်းသိပြီး ဆွေဆွေ့ကို ဆူရော။ “ဆွေဆွေတစ်ယောက် ဟာလေ၊ လူကြီးကို နောက်စရာလား”ပေါ့။

ဒေါ်သုန့်မှာတော့ မဆီမဆိုင် ဂါဝန်ကြီး တစ်ထည် အဖတ် တင်နေရော။ ဆွေဆွေနဲ့ နေရတာ တစ်ခါ တလေတော့လည်း အဖော်ရပါ တယ်။ စကားကတော့ အတော်များတယ်။ ဘယ်တုံး ကတည်းက ပြောချင်တဲ့ စကားတွေ စုထားမှန်း မသိဘူး။ ဒေါ်သုန် ရောက်ကတည်းက ပြောလိုက်တဲ့ စကားတွေ။ စကားမှ မပြော ရရင်လည်း ပျင်းစရာကြီးကိုး။ တီဗွီလည်း ပျင်းသွားပြီ။ တစ်အုပ်ကို တစ်ပိဿာလောက် လေးတဲ့ ရုပ်ပုံများများ စာအုပ် တွေလည်း ဧည့်ခန်းစားပွဲ အောက်စီ ထားသမျှ အကုန် ကြည့်ပြီးသွားပြီ။ ဒေါ်သုန်က စာတစ်လုံးမှ မတတ်တဲ့ အတွက် စာတွေကျော်ပြီး ရုပ်ပုံပဲ ကြည့်ရတော့ မြန်တယ်။ တစ်အုပ်ဆို ခဏ လေးပဲ။ အစကတော့ ကြာလာရင် နေသားကျသွားမယ် ထင်နေတာ။ တကယ်တော့ ကြာလေ နေသားမကျလေ ဖြစ်လာနေတာပါ။

တစ်ရက်တော့ ထိုင်နေရင်း ပျင်းလာတာနဲ့ အိမ်ရှေ့ တံခါးဖွင့်ပြီး ၀ရန်တာထွက် ရပ်ကြည့်မိတယ်။ စိတ် အပြောင်းအလဲလေးလည်း ဖြစ်၊ မျက်စိထဲ အပျင်းပြေ ကြည့်စရာ ရှုစရာလေးလည်း ရှာရင်းပေါ့လေ။ လူစည် ကားတဲ့ လမ်းမကြီး ဆိုတော့ လမ်းတစ်လျှောက် စုန်ချည် ဆန်ချည် သွားလာနေတဲ့ ကား ကြီးကားငယ် အသွယ်သွယ်နဲ့ လူတွေကိုက မနည်းလှဘူး။ မြေပြင်ပေါ် သွားလာ နေကြ တာတွေကို ဘာရယ်မဟုတ် ငေးမော ကြည့်နေရင်းက ဒီကို ရောက်ကတည်းက မြေပေါ် နင်းမိတာ နှစ်ခါလောက်ပဲ ရှိပါသေးလားလို့ ကိုယ့်အဖြစ် ကိုယ် ဒေါ်သုန် အမှတ် ရမိတယ်။ တွေးလိုက်မိတာနဲ့ ရင်ထဲ ဘယ်လိုကြီးဖြစ်သွား မှန်းမသိဘူး။ ဒီပုံစံ အတိုင်းဆို ရှေ့လျှောက်လည်း မြေကြီးပေါ် နင်းရကိန်း ပိုနည်းမယ် ထင်ပါရဲ့လို့လည်း တွေးနေမိတယ်။ ရွာရိုးကိုးပေါက် လျှောက်ပြီး ပဲပြုတ် ရောင်းခဲ့ရတဲ့ ရွာနံနက် စောစော အချိန်တွေကို စိတ်ရောက်သွားတယ်။ ရွာမနက်ခင်းရဲ့ အအေးဓာတ်နဲ့ အငွေ့အသက်ကို လွမ်းနေမိတယ်။
ပဲပြုတ်တောင်း နူးနပ်လို့ ဒေါ်သုန် အိမ်က စထွက် ချိန်ဆိုရင် မိုးတောင်ကောင်းကောင်း မလင်းသေးပါဘူး။ မှောင်မှောင်ရီရီ ရွာလမ်းမ အတိုင်း ရှေးရှုပြီး “ပဲပြုတ်” လို့ အော်သွားရတယ်။ လူနေ အိမ်မရှိတဲ့ လယ်ကန်သင်းတွေနား လျှောက်ရရင်တော့ “ပဲပြုတ်”အစား “သမ္ဗုဒ္ဓေ” ဖြစ်သွားရော။ ဒေါ်သုန်က သရဲ ကြောက်တတ်တယ်လေ။ ၀မ်းရေးမို့သာ ဇောနဲ့ မှောင်ရီ မှောင်ရိုး ဈေးရောင်း ထွက်ရတာ။ ရွာတောင်ပိုင်းသွားဖို့ လမ်းဆုံညောင်ပင်ကြီးအောက် ဖြတ်ရတိုင်း ဒေါ်သုန်ကတော့ ပဲပြုတ်တောင်း ကျစ်ကျစ်ပါ အောင်ဆုပ်ပြီး ကျီးကြည့် ကြောင်ကြည့်နဲ့ ခြေကုန်သုတ် တာပဲ။ လေတိုက်လို့ သစ်ရွက်သံ တရှဲရှဲကြားရင် မလုံလို့ လှည့်ကြည့်ရသေးတာ။ နေ့တိုင်း သွားနေကျကို ကြောက်သလားမေးရင်လည်း မတတ်နိုင်ဘူး။

ဘယ်သူမှ မသိတဲ့ ဒေါ်သုန်ရဲ့ ဒီလျှို့ဝှက်ချက်ကို လူသိစရာ အကြောင်းကိစ္စ ပေါ်လာတယ်။ အဲဒီ မနက်မှာ ခါတိုင်းလိုပဲ ကိုယ့်အကြောင်း နဲ့ကိုယ် ဘုရားစာရွတ်ပြီး သုတ်သုတ် နှင်နေတုန်း ညောင် ပင်အကွယ်ကနေ ဆံပင်ရှည်ရှည် အရိပ်မည်းမည်းကြီး တစ်ခု “ဟေး”ခနဲအော်ပြီး ခုန်ထွက်လာတယ်လေ။ ဘာ ပြောကောင်းမလဲ ဒေါ်သုန် ငယ်သံပါအောင်အော်ပြီး တန်းပြေးတော့တာပဲ။ ဖိနပ် တစ်ဖက်တောင် ကျွတ်ကျ ကျန်ရစ်တယ်။ သရဲက ဒေါ် သုန် တကယ်လန့်သွားမှန်း သိတော့ အူယားဖားယား ပြေးလိုက်လာပြီး “ကြီးဒေါ်၊ ကျုပ်ပါဗျ၊ သရဲ မဟုတ်ပါ ဘူး”လို့ပြောမှ အအော်ရပ်ပြီး သေချာကြည့်တော့ ရွာလယ်က ဒေါ်မြရဲ့သား လူပြောင် လူနောက် ငဖိုးထူး ဖြစ်နေရော။

လယ်ထဲ ဆင်းမလို့ ထွက်လာရင်း အပေါ့သွား ချင်လာလို့ သစ်ပင်ကြီး အနောက်က မြက်ပင်တွေ ကြား ၀င်ထိုင်နေတာတဲ့။ ဒေါ်သုန် ဘုရားစာ ရွတ်ပြီး လာနေတာမြင်လို့ နောက်လိုက်ဦးမယ် စိတ်ကူးပြီး ပုဆိုးခေါင်းမြီးခြုံ “ဟေး”လို့ အော်ပြီး ခုန်ထွက်လိုက်တာ တဲ့။ အကြောင်းစုံလည်းသိ ရော ဒေါ်သုန်တစ်ယောက် စိတ်လည်းတို၊ ရှက်ကလည်း ရှက်ဆိုတော့ ပဲပြုတ်တောင်း အောက်ချပြီး ငဖိုးထူး ကျော ပြင်ကို အားပါးတရ ဗြော တင်ပေးလိုက်တာ ဘယ်နှ ချက်မှန်းကို မသိဘူး။

မနက်ရောက်တော့ ဒီသတင်းက ရွာထဲချက်ချင်း ပျံ့နှံ့သွားတယ်။ ငဖိုးထူး ကတော့ ခုထိ အခွင့်ကြုံတိုင်း ဒေါ်သုန့်ကို အတည်ပေါက်နဲ့ နောက်တုန်းပဲ။ “ကြီးဒေါ်ဒေါ်သုန် သရဲကြောက်လို့ ပြေးပုံ က စံနမူနာ ယူသင့်တာ အမှန် ပဲ။ ကြောက်အားလန့်အားနဲ့ ပြေးတာတောင် ဖိနပ်ပဲ ကျွတ်တယ်။ သူ့ပဲပြုတ်တောင်းတော့ အမှောက် မခံဘူးဗျ”တဲ့။

ဒါလေး ပြန်တွေးမိ တော့ ဒေါ်သုန် လွှတ်ခနဲရယ် လိုက်မိတယ်။ တွေးရင်းနဲ့ ကိုယ့်ရွာကို တစိမ့်စိမ့် ပိုလွမ်း လာသလိုပါပဲ။ ဖြစ်သလို စားခဲ့တဲ့ ထမင်းကြမ်းနဲ့ ကော်ဖီမစ် တစ်ခွက်ကိုရော။ ခုအချိန်မှာ တစ်နေ့စာ စားပြီးရင် နောက်တစ်နေ့စာ အတွက် တွေးတော ပြင်ဆင် ရတဲ့ စိတ်မောစရာ အပူတွေ လည်း ဒေါ်သုန့်မှာ မရှိတော့ပါဘူး။ ဒီလို မပူပင် မကြောင့်ကြရတဲ့ ဘ၀မျိုးကို လိုချင်ခဲ့လို့ အခါ အားလျော်စွာ ဆုတောင်းခဲ့ရတာလည်း အမော။ တကယ် ရလာပြန်တော့လည်း စိတ်ထဲမှာ မပြည့်စုံပြန်ဘူး။ လူ့စိတ်ဆိုတာ ဒီလိုပါပဲလား။

ဒါနဲ့ပဲ ရွာကို အောက် မေ့စိတ်လေး ပြေလိုပြေငြား နေ့တိုင်း ၀ရန်တာဘက် ထွက် ထွက်ရပ်မိတယ်။ တစ်ခါ တစ်ခါ ကျတော့လည်း ကောင်းကင်ပြင် အနှံ့ တောင်ပံလေးတွေ တဖျပ်ဖျပ်ခတ်ပြီး လွတ်လပ်စွာ ပျံဝဲနေကြတဲ့ ငှက်ကလေးတွေကို မျက်စိ တစ်ဆုံး လိုက်ငေးမောနေမိ ပြန်တယ်။ စိတ်တွေကတော့ ဟိုရောက် ဒီရောက်ပေါ့။ သော့ပိတ် ထားခဲ့ရတဲ့ အိမ်လေးထဲမှာ လူမရှိတော့ ကြွက်တွေများ သောင်းကျန်း နေမလား။ အဘိုးကြီးရဲ့ စာအုပ်တွေကိုလည်း ဒီမလာခင် ဘုန်းကြီးကျောင်း သွားလှူ ပစ်ခဲ့ရရင် ကောင်းသား။ ဒေါ်သုန် ကိုယ်၌က စာမတတ်ပေမယ့် ကွယ်လွန်သူ ခင်ပွန်းသည်ရဲ့ အမှတ်တရ ဆိုလို့ သူ ဖတ်နေကျ တရား စာအုပ်တွေပဲ ကျန်ခဲ့တာမို့ တရိုတသေ သိမ်းထား ခဲ့တာလေ။ အဖုံးပြုတ်မှာ၊ ပျက်စီး ပျောက်ရှမှာ စိုးလို့ ဘယ်သူ့ကိုမှတောင် ငှားရက် ခဲ့တာ မဟုတ်ဘူး။ အရိပ် တကြည့်ကြည့်နဲ့ အမြဲရှင်းလင်း ဖုန်ခါနေတော့ ပိုးဟပ် မကိုက်ဘူး၊ ခြမစားဘူး၊ ပိုးပေါက် မရှိဘူး။ သဘာဝ တရားအရ ဟောင်းလာတာက လွဲလို့ သူကိုင်ခဲ့တုန်းက အတိုင်း ခုအထိ အရာမယွင်း သေးဘူးလေ။

တရားစာအုပ်တွေ ဖတ်သလောက် လူကတော့ ဘုကလန့်ကြီးရယ်။ ဥပမာ-သူများတွေက တန်ခိုးကြီး ဘုရားပေါ်လို့ အုန်းအုန်း ကျွက်ကျွက် သွားဖူးကြပြီဆို ဘယ်တော့မှ သူ့ခေါ်မရဘူး။ “အိမ်က ဘုရားကကော တန်ခိုး မကြီးလို့လား”တဲ့။ ဆွမ်းတော် တင်ရင်းလည်း ဒေါ်သုန်က ဟင်းကောင်းတာ လေး ရွေးတင်ချင်တယ်။ သူ က ဒါမျိုး မကြိုက်ဘူး။ ကောင်းကောင်း၊ မကောင်း ကောင်း လူက သုံးမျိုးချက်ရင် သုံးမျိုးလုံး တင်ချင်တာ။ ငရုတ်သီး ထောင်းပါ မချန်ဘူး။ သူလည်း သူ့သဒ္ဓါစိတ် နဲ့ သူပေါ့လေ။ ကိုယ်စားသလို ဘုရားကို လှူမယ် ဆိုတဲ့ သဘော။ ဒီအခါ လင်မယား နှစ်ယောက် ငြင်းရရော။

“ဘုရားကို ငရုတ်သီး တော့ မကပ်ပါနဲ့တော်”

သူက ဘာပြန်ပြော တယ် မှတ်သလဲ။
“ဘုရားက ငရုတ်သီး မကြိုက်ဘူးလို့ မင်းကို မိန့်တော်မူထားလို့လား။ ဘုရား က ကြေးမများဘူး။ မင်းက ကြေးများနေတာ”တဲ့။ ခွကျ တာက အဲဒီလိုလေ။

သူ့ရောဂါ မသက်သာ လို့ မြို့မှာ ဆေးဆက်ကုမယ် ပြောတော့ ဘယ်လိုမှ ပြော မရဘူး။
“ငါ့ရောဂါက ကျွမ်းနေပါပြီ။ ကင်ဆာ ဆိုမှတော့ ထပ်ပြီး ငွေကုန်ခံ မနေနဲ့တော့။ ငါသေရင် မင်းတစ်ယောက်တည်း လုပ်စား ကိုင်စားရစ် ရဦးမှာ။ သေမယ့် အတူတူ ငါ့ရွာနဲ့ ငါ့အိမ်ကလေးမှာပဲ ခေါင်းချပါရစေ မယ်သုန် ရယ်”တဲ့။
မြို့ကလေး တက်ပြီး ရောဂါ စစ်ဆေးပြီးလို့ အဖြေ သိကတည်းက ဒီစကားပဲ တဖွဖွပြောသွားတာ။ ဘာလို လိုနဲ့ အဘိုးကြီး ဆုံးသွားတာ ဆယ်နှစ်ပြည့်တော့ မှာပါလား။ ဒေါ်သုန်က လက်တွေ ချိုးပြီး တွက်ကြည့်တော့ ဆယ်နှစ် မဟုတ်ဘူး ဆယ့် တစ်နှစ်။ လာမယ့် လဆန်းဆို ဆယ့်တစ်နှစ်တင်းတင်း ပြည့်တော့မှာ ဆိုတာ သေချာ သွားတယ်။ အင်း၊ ရွာမှာရှိ နေရင်တော့ အကောင်းသား။ ဘုန်းကြီးငါးပါး ပင့်ပြီး ဆွမ်း လေးဘာလေး ကပ်ပေး လို့ရတာပေါ့။

အဲဒီတစ်ခဏမှာ ဒေါ် သုန့်နားထဲ လမ်းမဆီက ဟွန်း သံတွေရော ဆူညံသံတွေပါ တိတ်ဆိတ်သွားတယ်။ ဒီကို ရောက်လာပြီး ပထမဆုံး အကြိမ်အဖြစ် ဘာမှန်းမသိတဲ့ ဝေဒနာတစ်ခု ငြိတွယ်စွဲကပ်စ ပြုလာတာတော့ အမှန်ပါပဲ။

၈။
တစ်ရက်တော့ မနက် စာစားရင်း လဲ့လဲ့အောင်က မေးတယ်။
“အမေသုန် ခုတစ်လော အစားနည်းနေတယ်။ စားချင် တာလေးရှိရင် ဆွေဆွေ့ကို ပြောပြီး ချက်ခိုင်းနော်”
ဒေါ်သုန် ဘာမှ မပြော ခင် ဆွေဆွေက ၀င်ပြောတယ်။
“ကြီးကြီးသုန် ရွာကို လွမ်းနေတာ မမရဲ့။ နေ့တိုင်း ၀ရန်တာပဲ ထွက်ငေးနေတာ”

“ဟင် ဟုတ်လား။ ရွာကို လွမ်းနေပြီလား”

ဒေါ်သုန်က မဖြေဘဲ မပွင်တပွင့်သာ ပြုံးနေလိုက် တယ်။ လဲ့လဲ့အောင်ကတော့ အစာစားရင်းနဲ့ ဒေါ်သုန် မျက်နှာကို အကဲခတ်သလို ကွက် ကြည့်ကွက်ကြည့် လုပ်နေ တယ်။ ဒေါ်သုန် မပျော်ဘူး ဆိုရင် လဲ့လဲ့အောင် စိတ်မကောင်း ဖြစ်မှာစိုးလို့ ဒေါ်သုန်က မျက်နှာကြည်ကြည်လင် လင်ဖြစ်အောင် နေပြလိုက် ရတယ်။ အတွင်းစိတ် အထိတော့ လဲ့လဲ့အောင် လိုက်မမြင်လောက်ဘူး ထင်ပါရဲ့။ နောက်တစ်မနက် ရောက် တော့ လဲ့လဲ့အောင်က ပြော တယ်။
“သမီးအသိ တက္ကစီ ခေါ်ထားတယ်။ အမေသုန်နဲ့ ဆွေဆွေသွားချင်တဲ့ နေရာတွေ ပြောပြလိုက်။ သူလိုက်ပို့ပြီး အပြန်ပါ စောင့်ခေါ်ပေးလိမ့် မယ်။ ဘုရားတို့၊ ဈေးတို့ သွားကြပေါ့။ စားချင်တာလေးတွေ စားခဲ့ကြ။ လိုချင် တာလေး တွေ့ရင် ၀ယ်ခဲ့ကြ ပေါ့”

ပြောရင်းနဲ့ လဲ့လဲ့အောင်က ငွေစက္ကူတစ်ထပ်ကို ဒေါ် သုန့်လက်ထဲ လာထည့်ပေး တယ်။ သွားလာတဲ့ နေရာမှာ ဒေါ်သုန့်ကို ဂရုစိုက်ဖို့ ဆွေဆွေ့ကို မှာတယ်။ အပြင် မထွက်ရတာကြာပြီဖြစ်တဲ့ ဆွေဆွေကတော့ သီချင်းတ အေးအေးနဲ့ အလှပြင်တော့ တာပဲ။ အကုန်အပြင် ထွက်ရင် သော့ခတ် သွားရမှာမို့ သော့ နှစ်ချောင်းကို လဲ့လဲ့အောင်နဲ့ ဆွေဆွေ တစ်ယောက် တစ်ချောင်းစီ ယူထားလိုက်ကြ တယ်။ လဲ့လဲ့အောင်က သေချာ မှာပေးထားတာမို့ ကားဆရာကလည်း စိတ် ရှည်လက်ရှည် စောင့်ပေးရှာ ပါတယ်။

အစုံတော့ မရောက်ဖြစ် ပါဘူး။ ရွှေတိဂုံဘုရား ရောက်တယ်။ ဆွေဆွေ သွားချင်တဲ့ ဗိုလ်ချုပ်ဈေး ခဏ ၀င်တယ်။ ဘာမှတော့ မ၀ယ်ပါဘူး။ မော့တော့မော့တော့နဲ့ ဟိုငေး ဒီငေးလုပ်ပြီး ခြေ ထောက်ညောင်း၊ မျက်စိ ညောင်း၊ လည်ပင်းလည်း ညောင်းလာတော့ အိမ်ပြန် လာကြတယ်။ ကားနဲ့သွားရ တာဆိုပေမယ့် ကိုယ်နဲ့ စိမ်းသက်တဲ့ နေရာဒေသ ဖြစ်တာ ကတစ်ကြောင်း၊ ရာသီဥတုက ပူပြင်းတာက တစ်ကြောင်းကြောင့် တိုက်ရှေ့လည်း ကား ရပ်ရော ဒေါ်သုန်တစ်ယောက် ခြေကုန်လက်ပန်း ကျနေပြီ လေ။

စိတ်လျှော့မယ်မှ မကြံ သေးဘူး ဆွေဆွေက နာရီ ကြည့်ပြီး “ဟယ် မီးပျက်တော့မှာ ကြီးကြီးသုန်ရဲ့၊ မြန်မြန်လာ”ဆိုပြီး ဓာတ်လှေ ကားထဲ ဆွဲပြေးလို့ အမြန် လိုက်ရသေးတယ်။ မြို့သူ တစ်ယောက်လို လည်ဝယ်နေပြီ ဖြစ်တဲ့ ဆွေဆွေ့ကို ဒေါ်သုန် သဘော ကျနေမိတယ်။ ဒီမှာတင် တံခါးပြန်ပိတ်ခါနီးဆဲ ဆဲ “သြော် ခုမှ သတိရတယ်” ဆိုပြီး ဆွေဆွေတစ်ယောက် ပိတ်လုပိတ်ခင် တံခါးကြား က ကိုယ်စောင်းပြီး လှစ်ခနဲ ထွက်သွားရော။ မြန်ဆန်လွန်းလို့ ဒေါ်သုန့်မှာ ဘာမှ ပြောချိန်၊ ဆွဲချိန်တောင်မရ လိုက်ဘူး။

တံခါး ဖျတ်ခနဲ ပိတ် သွားပြီးနောက်မှာ ဒေါ်သုန် တစ်ယောက်တည်းပါတဲ့ ဓာတ်လှေကားကြီးက ငြိမ့်ခနဲ ထိုးတက်သွားလိုက်တာ ခဏကြာတော့ ရပ်သွားတယ်။ တံခါးပွင့်တာနဲ့ ဒေါ်သုန်လည်း အပြင်ထွက်ရတယ်။ ခါတိုင်းလို ဓာတ်လှေကား ပေါက်ရဲ့ဘယ်ဘက်အခန်း တံခါးရှေ့လည်း ရပ်လိုက်ရော ဒေါ်သုန် မျက်လုံးပြူးရ တော့တာပဲ။ မြင်လိုက်ရတာ က ဒေါ်သုန် မှတ်မိနေတဲ့ လဲ့လဲ့အောင်တို့ရဲ့ နီညိုရောင် သုတ်ထားတဲ့ သံပန်းတံခါး မဟုတ်တဲ့ အပြင်၊ အတွင်း ဘက်ပျဉ် တံခါးမှာလည်း စာတန်း အနီတွေ ကပ်ထား သေးတယ်။

ရုတ်တရက် ဒေါ်သုန် ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ တစ်ခုခု မှားနေပြီ ဆိုတာတော့ သိလိုက်တယ်။ ဓာတ်လှေ ကားဘက်ကို ယောင်တောင် ပေါင်တောင်နဲ့ ပြန်လှည့် ကြည့်တယ်။ အထဲကိုဝင် တတ်ပေမယ့် အထဲရောက်ရင် ဒေါ်သုန်က မနှိပ်တတ်ဘူး။ ဆွေဆွေပြောတာ မီးပျက် တော့မှာတဲ့။ ဒေါ်သုန်ဝင်ပြီးမှ မီးပျက်ရင် ဘယ့်နှယ် လုပ်ရပါ့မလဲ။ ဒီတော့ ဓာတ်လှေ ကားထဲကို ပြန်မ၀င်ချင်တော့ ပါဘူး။ ချီတုံချတုံ ရပ်နေပြီးမှ ရိုးရိုး လှေကားထစ်တွေ ရှိရာ အားငယ်စွာ လှမ်းကြည့်မိ ပြန်တယ်။ အခု ရောက်နေတာ ဟာ ဘယ်နှထပ်မြောက်မှန်း ဒေါ်သုန် မသိဘူး။ လဲ့လဲ့အောင်တို့ အခန်းကို ရောက်ဖို့ အပေါ်ကို တက်သွားရမှာလား။ ဒါမှမဟုတ် အောက်ကို ဆင်းသွားရမှာလား ဆိုတာလည်း ဒေါ်သုန် မသိဘူး။

ဒေါ်သုန် သိနေတာ တစ်ခုက နဖူးမှာ ချွေးတွေ ချက်ချင်းစို့တက်လာတာပါ။ ဒီအတိုင်း ရပ်နေလို့က လည်း မဖြစ်တော့ သတ္တိမွေး ပြီး အပေါ် အရင်တက်သွား ကြည့်တယ်။ တစ်ထပ်ရောက် ဖို့လှေကားနှစ်ဆစ်ချိုးတက် ယူရတာမို့ ဒေါ်သုန့်မှာ ဖြည်း ဖြည်းပဲ တက်နိုင်တယ်။

ဆွေဆွေ ဘာလုပ်သွားမှန်း သိလိုက်ပြီမို့လည်း ဒေါသဖြစ်မိတယ်။ ဒေါ်သုန် ဓာတ်လှေကား မစီးတတ် သေးတာ သိလို့ သက်သက် နောက်လိုက်တာ။ အပေါ် တစ်ထပ် ရောက်လို့ ကြည့်ပြန် တော့လည်း လဲ့လဲ့အောင်တို့ တံခါး မဟုတ်သေးဘူး။ မထူးလက်စနဲ့ ဆက်တက် သွားတယ်။ ဒါလည်းမဟုတ် သေးဘူး။ မေးရစမ်းရအောင် ကလည်း လှေကားထစ်တစ် လျှောက်လုံး ဒေါ်သုန်တစ် ယောက်ပဲရှိတာ။ ဆက်တက် လေလေ ကိုယ်သွားချင်တဲ့ အခန်းနဲ့ ဝေးလေလေဖြစ်မ လားလို့ တွေးမိတော့ ဆက် မတက်ရဲတော့ဘူး။ အပေါ် တက်တာနဲ့စာရင် အောက် ဆင်းကြည့်တာက ပိုနီးစပ် လေမလားဘဲ။ ဆင်းရင်းနဲ့ရှာ ကြည့်သွားမယ်။ မတွေ့လို့ အောက်ဆုံးထပ်ရောက်ခါမှ ရောက်ရော။ တိုက်ရှေ့အုတ်ခုံ လေးပေါ်ထိုင်ပြီး တစ် ယောက်ယောက်နဲ့ တွေ့မယ့် အချိန်အထိ စောင့်နေလိုက် တော့မယ်။
ဒေါ်သုန့် ဘ၀မှာ ခုလောက် တစ်ခါမှ အားမ ငယ်ဖူးဘူး ထင်တာပဲ။ ယောက်ျားဆုံးလို့ လောက အလယ်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရမယ် ဆိုတုန်းက လည်း ဒီလောက်ဝမ်းနည်း ပက်လက်မဖြစ်ခဲ့မိဘူး။ လှေ ကားတွေပေါ်ကနေ ဒူး အသာထိန်းပြီး ဆင်းလာရင်း မျက်ရည်လည်လာမိတယ်။ ဘယ်လောက်တောင် ကြာ သွားလဲ မသိဘူး။ အောက်တစ်ထပ်ကို ဆင်းအလာမှာ မီးပျက်သွားလို့ ခြေကျင် လျှောက်တက်လာတဲ့ လဲ့လဲ့အောင်နဲ့ မျက်နှာချင်းဆိုင် ဘွားခနဲ သွားဆုံရော။

“ဟင် အမေသုန်”

မထင်မှတ်ဘဲ ဒေါ်သုန့် မြင်လိုက်ရလို့ လဲ့လဲ့အောင်က ခေါ်လိုက်မိရုံရှိသေး ဒေါ်သုန် တစ်ယောက်သူ ဆင်းလာတဲ့ လှေကားရဲ့ အောက်ဆုံးထစ် မှာ အားပါးတရ ထိုင်ချပြီး မျက်နှာကို လက်ဝါးနဲ့ အုပ်လို့ “ဟီး”ခနဲငိုချပါလေရော။ ငို တာမှ ကလေးတစ်ယောက်လို ၀မ်းနည်းပက်လက်နဲ့ ရှိုက်ကြီးတငင်ကို ငိုတာ။

လဲ့လဲ့အောင်ကလည်း ရုတ်တရက်ဆို ဘာများ ဖြစ်လို့ပါလိမ့် ဆိုပြီး လန့်ဖျပ် သွားတာပေါ့။ သူတို့ရောက် နေတာ လဲ့လဲ့အောင်တို့ အခန်းရှေ့ဆိုတာ တံခါး ၀ုန်းခနဲ ပွင့်လာပြီး ဆွေဆွေ့ မျက်နှာပေါ်လာမှ ဒေါ်သုန် သိတယ်။

သူနောက်တာ လွန်သွား မှန်း သိလိုက်တဲ့ ဆွေဆွေ လည်း မျက်နှာပျက်နေတော့ တယ်။ ဆွေဆွေက ဒေါ်သုန့်ကို နောက်ချင်တာနဲ့ လေးလွှာ အစား ခြောက်လွှာကိုပို့။ သူက ဓာတ်လှေကားနဲ့ ပြန် တက်လာပြီး အခန်းထဲဝင်။ ဒေါ်သုန်တစ်ယောက် ဘယ်လိုမျက်နှာမျိုးနဲ့ ဒီအခန်းရှေ့ ပြန်ရောက်လာမလဲ ဆိုပြီး ချောင်းကြည့်ပေါက်ကနေ ချောင်းရင်း စောင့်နေတာ။ ရယ်မလို့ပေါ့။

ခုတော့ မရယ်ရဘဲ ဒေါ်သုန်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေရတယ်။ အကြောင်းစုံ သိသွားတဲ့ လဲ့လဲ့ အောင်ကလည်း ဆွေဆွေ့ကို ဆူတယ်။ တော်တော်လေး ကို စိတ်ဆိုးပြီး ဆူတာပါ။
ဒေါ်သုန်ကတော့ အဲဒီ ညနေက စပြီး သိသိသာသာ စကား နည်းသွားပြီး ငူငူငိုင် ငိုင် ဖြစ်နေတော့တယ်။ နောက်တစ်နေ့မှာလည်း ဒီအတိုင်းပဲ။ သုံးရက်လောက် ကြာတော့ လဲ့လဲ့အောင်တို့ လင်မယား မျက်နှာစုံညီ ရှိနေတဲ့အချိန် “အမေသုန် ရွာပြန်တော့မယ်”လို့ ခွင့်တောင်း တယ်။ ဆိုင်းမဆင့် ဗုံမဆင့် ဆိုတော့ လင်မယား နှစ်ယောက် အံ့အားသင့်သွား တာပေါ့။
“ဘာဖြစ်လို့လဲ အမေ သုန်၊ ဒီမှာ နေရတာ ဘာ အဆင်မပြေလို့လဲ”

“ဟုတ်သားပဲ အမေ သုန်ရယ်၊ အမေသုန် အိမ်မှာ ရှိနေတာ လူကြီးသူမအရိပ် အောက်နေခွင့် ရနေတယ်ဆို ပြီး စိတ်ချမ်းသာ နေကြတာ”

သူတို့ဘာပြောပြော ဆုံး ဖြတ်ချက်ကို မပြင်တော့ဘူး ဆိုတဲ့ မျက်နှာထားနဲ့ပါ။ ဘာမှ လည်း ထွေထွေထူးထူး ပြောမနေဘူး။ ရွာပြန်ချင်တဲ့ အကြောင်းပဲ ထပ်ပြောတယ်။
“အလည် ပြန်ချင်တာလား။ ဒါဆို ဆွေဆွေ့ကိုပါ ထည့်ပေးလိုက်မယ်။ အလွမ်း ပြေရင် ပြန်လာခဲ့ပေါ့”ဆိုတော့ လည်း မဟုတ်ဘူး။ တစ်ခါတည်း အပြီးပြန်တော့မှာတဲ့။ ဘယ်လိုလှည့်ပတ် တားတား မရဘူး။ မနေချင်ဘူးဆိုမှ အတင်း ဆွဲထားလို့လည်း မကောင်းဘူးလေ။

လဲ့လဲ့အောင်တို့ လင်မယားခမျာ စိတ်မကောင်းစွာနဲ့ဘဲ ဒေါ်သုန့်ကို ပြန်ခွင့်ပြုရ တော့တယ်။ ကိုစိုးသက်က သူကိုယ်တိုင် လိုက်ပို့ပါ့မယ်။ ငါးရက်တစ်ပတ်တော့ စောင့်ပါဆိုတာတောင် ဒေါ်သုန့်မှာ မစောင့်နိုင်တော့ဘူး။ ရတယ် ရထားလက်မှတ်သ ၀ယ်ပေး။ သူ့ဘာသာပြန်မယ်။ ပြန်တတ်တယ်။ ပြန်ရဲပါတယ်တဲ့။ ဒါနဲ့ ရထား လက်မှတ်ဖြတ် ပေးပြီး ထိုက်သင့်သလောက် ငွေကြေးတွေ ကန်တော့လိုက် ကြတယ်။ သူတို့ဘက်ကတော့ တာဝန်ကျေပါတယ်။ ဒေါ်သုန့်အတွက် မနည်းမ နောဝယ်ခြမ်း ပေးလိုက်ရုံတင်မက ရွာပြန်ရောက်ရင် အိမ်နီးချင်းတွေကို ဝေငှဖို့ လက်ဆောင်တွေပါ စုံစေ့နေအောင် ၀ယ်ထည့်ပေးလိုက်ကြတာ။

“ရွာပြန်ရောက်တဲ့အခါ ပဲပြုတ်မရောင်းပါနဲ့တော့နော် အမေသုန်။ ပင်ပန်းပါတယ်၊ သမီးတို့ ကန်တော့လိုက်တဲ့ ငွေလေးနဲ့ အိမ်ဆိုင်လေး ဘာလေး ဖွင့်လို့ရမှာပါ။ သမီးတို့လည်း မကြာ မကြာ ထောက်ပံ့မှာပေါ့။ အရေးကိစ္စ ရှိရင် သမီးတို့ကို အချိန်မရွေး လှမ်းဆက်သွယ်လိုက်။ ဖုန်း နံပါတ်လည်း မှတ်သွားဦး။ အကယ်၍ သမီးတို့က အမေသုန် ဒီကို ပြန်လာချင်တယ် ဆိုရင်လည်း အမေသုန် အတွက် သမီးတို့ အိမ်က တံခါး အမြဲ ဖွင့်ထားတယ် နော်”

ပြန်ခါနီးမှာ လဲ့လဲ့အောင်က မျက်နှာ မသာမယာနဲ့ အထပ်ထပ် မှာရှာတယ်။ ကိုယ့်အပေါ် ချစ်ခင်တွယ်တာ သူတွေနဲ့ ခွဲရမှာ စိတ် မကောင်းပေမယ့် မတတ်နိုင် တော့ပါဘူး။ လောလော ဆယ်မှာ ဒေါ်သုန့်အတွက် အရေးကြီးဆုံးက ရွာပြန် ရောက်ဖို့ပါ။ ဒေါ်သုန် ပြန် မယ်လို့သိတဲ့နေ့က ဆွေဆွေ လည်းငိုတယ်။

“သမီးကို စိတ်ဆိုးသွားလို့လား။ ကြီးကြီးသုန် မကြိုက်ရင် နောက်ဆို မစ တော့ပါဘူး။ တောင်းပန်ပါ တယ်။ မပြန်ပါနဲ့နော်။ ကြီး ကြီးရောက်လာလို့ အဖော်ရပြီ ဆိုပြီး သမီးကပျော်နေတာ။ ကြီးကြီး ပြန်သွားရင် သမီး တစ်ယောက်တည်း အရင် ကလိုပဲ ပျင်းခြောက်ခြောက် နဲ့ကျန်ခဲ့တော့မှာ”

“ညည်းကို စိတ်ဆိုးလို့ မဟုတ်ပါဘူး ဆွေဆွေရယ်။ ကြီးကြီးဘာသာ ကိုယ့် အကြောင်းနဲ့ကိုယ် ရွာပြန်ချင် လာလို့ပါအေ”

သူ ပြန်သွားတဲ့အခါ တစ်ယောက်တည်း ပျင်းပြီး ကျန်ရစ်ခဲ့ ရှာပေဦးမယ့် ကောင် မလေးကို ကြည့်ပြီး ဒေါ်သုန် သနားမိပေမယ့် မတတ်နိုင် ဘူးလေ။ တစ်သက်လုံး နေသွား မယ်ဆိုပြီး ထွက်သွားတာမှ တစ်လကျော်ရုံရှိသေး ပြန်ရောက်လာတဲ့ ဒေါ်သုန့်ကို ရွာကလူတွေ တအံ့တသြ မေး ကြမြန်းကြတယ်။

ဒေါ်သုန်ကလည်း လူတိုင်းကို မကွယ်မ၀ှက် ဖြစ် ကြောင်းကုန်စင် ပြောပြလိုက် တာပဲ။ ကြားရတဲ့သူတွေမှာ တချို့က ရယ်ကြတယ်။ တချို့က စကားတင်း ဆိုချင် တယ်။ “ဒေါ်သုန့်နေရာမှာ ကျုပ်သာဆိုလည်း ငိုမိမှာ ပဲ”လို့ ကိုယ်စား ၀င်တွေးပေး သူလည်းရှိတယ်။ ဒေါ်သုန် ကတော့ ဘယ်သူ့မျက်နှာ ကိုမှ လိုက်ကြည့်မနေပါဘူး။ သူပြောဖို့ ကျန်နေတဲ့စကား ကိုပဲ ထပ်ဆက်တယ်။

“တော်တို့ပဲ စဉ်းစား ကြည့်၊ ဒီတိုက်ကြီးထဲမှာပဲ တစ်နေရာရာမှာ ကိုယ့်အခန်း ရှိနေတာကို သိသိကြီးနဲ့ ဘယ်လိုမှ ရှာမတွေ့ဘဲ တ၀ဲဝဲလည် လည်နဲ့ မျက်စိလည် လမ်း ပျောက်နေတာလောက် ကြောက်စရာကောင်းတဲ့ အဖြစ် ရှိသေးလို့လား”တဲ့။

ပြောပြီးတာနဲ့ တစ်လခွဲ နီးပါး ချောင်ထိုးထားခဲ့တဲ့ သူ့ပဲပြုတ်တောင်းလေးကို ဆွဲထုတ်ပြီး ဗုန်းဗုန်းဗန်းဗန်းနဲ့ ဆေးကြောဖုန်ခါ။ နောက် တစ်မနက်ခင်းမှာတော့ “ရေ ပြာအိုင်”ရွာသူရွာသားတွေနဲ့ ခဏတာ ဝေးနေခဲ့ရတဲ့ ဒေါ်သုန့်ရဲ့ “ဟော့ဒီက ပဲ ပြုတ်”ဆိုတဲ့ အသံကို ပီပီ သသကြီး ပြန်ကြားနေရ ပြီလေ။


ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

0 comments:

Post a Comment