အားနာခြင်း သည်းခံပါ


စောစောထွက်မယ် စိတ်ကူးပေမဲ့ ဆိုင်ဖွင့်ဘာညာနဲ့ အိမ်အလုပ်တွေပြီးလို့ ရေမိုးချိုးပြီး ထွက်လာတော့ ဆယ်နာရီ ထိုးနေပါပြီ။ နောက်တော့ မကျပါဘူး။ စက်ချုပ်ဆိုင် သွားမှာဆိုတော့ သိပ်လည်း စောစရာမလိုဘူးလေနော်။ ဆိုင်က ကျွန်မတို့ ရပ်ကွက်နဲ့ နည်းနည်းတော့လှမ်းတယ်။ ဒါပေမဲ့ ဆက်ဆံရေး ကောင်းတာရယ်၊ သူများဆိုင်ထက် ဈေးချိုတာရယ် အပြင် အဲဒီလို ခရီးဆောင်အိတ်ဘာညာချုပ်တဲ့ ဆိုင်ကရှားတာရယ်ကြောင့် လိုအပ်တိုင်း သူတို့ဆိုင်ကိုပဲ ကျွန်မသွားဖြစ်တာများပါတယ်။ ဆိုင်နာမည်က 'ဂျော့ ' တဲ့။ ဆိုင်ရှင် ကုလားကြီးရဲ့နာမည်ကို ယူထားတာပဲလား။ တစ်ခြားအဓိပ္ပာယ်ပဲလားဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ အားလုံးကတော့ အဲဒီဦးလေးကြီးကို ' ဦးဂျော့ ' လို့ ခေါ်ကြတယ်။ အခုသွားမှာက ဒီရက်ပိုင်းအတွင်း တရားစခန်းဝင်မဲ့ အမေ့ခရီးဆောင်အိတ် ဇစ်ပျက်နေတာ သွားလဲပေးမလို့ပါ။
တကယ်တမ်း ရောက်သွားတော့ ဦးဂျော့ဆိုင်က မဖွင့်ပါဘူး။
ဦးဂျော့ဆိုင်တင် မကဘူး။ သူနဲ့တွဲလျက် ဆိုင်တစ်တန်းလုံး မဖွင့်တာတဲ့။ ပိုင်ရှင်က လာမဲ့မိုးတွင်းကျရင် ခါတိုင်းနှစ်တွေလို ရေမဝင်ရအောင်ပြင်ပေးနေတဲ့အတွက် အားလုံး ခဏရွှေ့ပေးထားကြရတာလို့ ကွမ်းယာဆိုင်က အမျိုးသမီးက ပြောတယ်။ ဒါဖြင့် ဘယ်ဆိုင်မှာ သွားပြင်ရပါ့လို့ ကျွန်မတော်တော် ဦးနှောက်ခြောက်သွားတယ်။ ဒါမျိုးဆိုင်ဆိုတာကလည်း သိတဲ့အတိုင်း အမျိုးသမီးဝတ်အင်္ကျီချုပ်ဆိုင်တွေလို မှိုလိုပေါက်နေကြတာ မဟုတ်ဘူးလေ။ ကျွန်မကို ကြည့်ပြီး ကွမ်းယာဆိုင်က အမျိုးသမီးက
' တကယ်လို့ အရေးကြီးရင်လည်း ဦးဂျော့အိမ်အထိ လိုက်သွားလိုက်ပါလား ငါ့ညီမ။ ဆိုင်ပြင်တုံး သူ့အပ်ချုပ်စက်ကို အိမ်အထိသယ်သွားပြီး ချုပ်နေတာ '
' သြော်..'
တစ်ချက်စဉ်းစားလိုက်ရင်းက မေးဖြစ်တယ်။
' အိမ်က ဝေးလားမသိဘူး '
အဲဒီအစ်မက လိပ်စာတစ်ခု ရွတ်ပြတယ်။ အင်း...ဒီနားအထိ ရောက်လာပြီးမှတော့ သိပ်မဝေးလှတော့ပါဘူး။ နည်းနည်းတော့ လှမ်းတာပေါ့လေ။ တခြားဆိုင်လည်း နီးနီးနားနား မရှိတာနဲ့ မထူးဘူးဆိုပြီး ဆိုင်ကယ်ကို စက်နှိုးလိုက်တယ်။ အဲဒီမှာ 'အိအိထိုက်' နဲ့ တွေ့တာပဲ။ အိထိုက်ဆိုတာက ကျွန်မနဲ့ ကျောင်းနေဘက် သူငယ်ချင်းလေ။ လာရှာသူကို မတွေ့ပဲ၊ လာမရှာသူနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့နေတာလည်း လောကကြီးရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတစ်ခုပဲ ဆိုရမယ် ထင်ပါရဲ့။
' မတွေ့တာကြာပြီ...ဘာတွေလုပ်နေလဲ '
' ခရီးသွားနေတာ.....ပြန်ရောက်တာ မကြာသေးဘူး။ နင်ရော '
' ထုံးစံအတိုင်း ငါ့ခွေငှားဆိုင်နဲ့ငါ လုံးလည်ချာလည်ပေါ့..'
မမျှော်လင့်ပဲ တွေ့ကြတာမို့ နှစ်ယောက်သား ဝမ်းသာအားနဲ့ ဖက်လှဲတကင်း ပြောဆိုနေမိကြတာ ပတ်ဝန်းကျင်ကိုတောင် ခဏမေ့သွားသလိုပါပဲ။
' ဒီမှာလေ..' လို့ ဆိုပြီး အိထိုက်က သူ့လက်ထဲက အထုပ်တွေကို မြှောက်ပြတယ်။ ဆပ်ပြာတောင့်ရှည်တွေကော၊ ဆပ်ပြာမှုန့်ထုပ်တွေကော၊ ကြက်ဥတွေကော၊ နို့ဆဲီဘူးကော...။
' ဒါတွေ ဝယ်ပြီး ထွက်လာတော့ နင့်ကိုလှမ်းတွေ့လိုက်လို့ ဒီဘက်ကူးလာတာ '
' ဘယ် 'မီးနေသည်' ကို သွားကြည့်မလို့လဲ '
' ငါတို့ ရွှေစင်ထွန်း လေ '
ကျွန်မ မျက်ခုံးပင့်သွားမိရတယ်။
' ဟယ်..မွေးပြီလား။ သိပ်မကြာသေးဘူး....သူနဲ့ငါတွေ့တော့ ခုမှ ခြောက်လဆိုလား '
' ခုနစ်လနဲ့မွေးတာတဲ့။ အံမယ်..ယောကျာ်းလေးတဲ့။ နှစ်ဖက်မြေးဦးက 'သား' ဆိုတော့ ဒီမိန်းမကံကောင်းတာပေါ့ဟယ်'
' မိရွှေစင် ဆိုရင်တော့ ငါလည်း သွားရဦးမှာပေါ့ '
ကျွန်မ အစ်ကိုမင်္ဂလာဆောင်တုံးက နေမကောင်းဖြစ်နေတဲ့ကြားက သူ့ခမျာ လာဖြစ်အောင် လာခဲ့သေးတာပါ။ကျွန်မက
 'ရပါတယ်..နင်ကလည်း နေဖြင့်မကောင်းပဲနဲ့'
 လို့ ဆိုတော့ 
'လာရမှာပေါ့...မလာလို့ ဘယ်ဖြစ်မလဲ....သူငယ်ချင်းတွေ ဆိုလို့ ဒီလူတွေပဲ ရှိတဲ့ဥစ္စာ' 
လို့ ပြန်ပြောတယ်။ 
ဒီလို သူငယ်ချင်းမျိုးဆိုတော့ သူ့ကိစ္စမှာ ကျွန်မမသွားပဲနေလို့ ဘယ်ဖြစ်ပါ့မလဲ။
' သွားမယ်ဆိုရင်လည်း အခုတစ်ခါတည်းလိုက်ခဲ့လိုက်လေ...ငါလည်း တစ်ယောက်တည်း ဖြစ်နေတာနဲ့အတော်ပဲပေါ့ '
အိထိုက်က အားတက်သရော ခေါ်တယ်။
နောက်ရက်မှ ဆိုရင် ပြန်ထွက်လာဖို့ အချိန်ပြန်ယူရမှာ မလွယ်ဘူး။ အမေ တရားစခန်းဝင်သွားရင် ဆိုင်ကို ကျွန်မယောက်မတို့က သိပ်မလုပ်တတ်တာနဲ့ဆိုရင် ပိုတောင်မလွယ်ဦးမယ်။ ဒါနဲ့ မထူးဘူးဆိုပြီး မီးနေသည်ကို သတင်းသွားမေးဖို့ရာ လိုအပ်တာလေးတွေ ကောက်ဝယ်ခြမ်းပြီး နှစ်ယောက်သား 'ရွှေစင်ထွန်း' အိမ်ရှိရာ တက်ညီလက်ညီ ချီတက်ခဲ့ကြရော။ လာမိတာမှန်သွားတယ် ပြောရမယ်။ ရွှေစင်ထွန်းက မနက်ဖြန်ဆိုရင် ခုနစ်ရက်ပြည့်လို့ မီးထွက်ပြီတဲ့လေ။
ပျက်ကွက်မိမဲ့ ဝတ္တရားတစ်ခု မပျက်ကွက်ဖြစ်လိုက်တော့ဘူးပေါ့လေ။ တူလေးရလို့ ဝမ်းသာနေကြတဲ့ ရွှေစင်ထွန်း ယောက်မတွေက ကျွန်မတို့ကို ကော်ဖီတွေ၊ မုန့်တွေနဲ့ ဧည့်ခံတယ်။ မီးနေကပ်ပေါ် နနွင်းရောင် ဝါထိန်ထိန်နဲ့ လဲလျောင်းနေတဲ့ မီးနေသည်ကလည်း သူငယ်ချင်းတွေ ရောက်လာတဲ့အတွက် တပြုံးပြုံးနဲ့။ မတွေ့ဖြစ်ကြတာ ကြာပြီမို့ ရောက်တတ်ရာရာတွေ ပြောရင်း စကားစက တော်တော်နဲ့ ဖြတ်မရဘူး။ ပြောရရင် ကျောင်းသူဘဝတုံးကလို တွေ့ချင်တိုင်း အေးအေးဆေးဆေး ပြေးလာတွေ့ဖို့ရာဆိုတာကလည်း ခုလို ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြချိန်မှာ ထင်သလောက်မလွယ်တော့ဘူးကိုး။ ဒီလိုကိစ္စဝိစ္စ ရှိတုံးလေးသာ တွေ့ကြရတာဆိုတော့ ပြောစရာတွေက ပြောနေရင်းနဲ့ကို မကုန်နိုင်ကြတော့တာ။
ကျွန်မမှာကတော့ နာရီတကြည့်ကြည့်ပေါ့။ ဆိုင်မှာက အမေ တစ်ယောက်တည်းလေ။
သူတို့ စကားအမျှင်မပြတ်တာကို ကြားဖြတ်ဝင်ပြီ ' ပြန်ဦးမှ ' လို့ တစ်ယောက်တည်း ခွဲထွက်ထပြန်ဖို့ကလည်း မကောင်းတတ်တာမို့ အသာငြိမ်နေရတယ်။ အိထိုက်တစ်ယောက်ကလည်း လေကောင်းလိုက်တာ။ တော်တော်နဲ့ ထပြန်မဲ့ပုံမပေါ်ဘူး။ ကျွန်မမှာဖြင့် ဒီကပြန်ရင် 'ဦးဂျော့' အိမ် သွားရှာရဦးမှာ။ သူ့ကိုပါ အဖော်ခေါ်သွားရရင်ကောင်းမလားပဲ။ တစ်ယောက်တည်းကျတော့ အဲ့ဒီရပ်ကွက်ထဲသွားရမှာ နည်းနည်းကြောင်သလားလို့။
ဒီလောက်နေလာတာ ကြာပြီ။ ဦးဂျော့တို့ နေပါတယ်ဆိုတဲ့ အဲဒီရပ်ကွက်လမ်းထဲကို ကျွန်မ တစ်ခါမှ မရောက်ဖူးသေးဘူးလေ။ ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး။ အဲဒီရပ်ကွက်ဆိုတာကလည်း ဦးဂျော့တို့လို လူမျိုးစုတွေပဲ အနေများတော့ ကျွန်မတို့နဲ့ တော်ရုံလမ်းကြုံစရာကိစ္စ မရှိလှဘူးလေ။ မနက် ဆယ့်တစ်နာရီခွဲကတည်းက လာထိုင်လိုက်တာ နေ့လည် နှစ်နာရီသာသာမှ ရွှေစင်ထွန်းအိမ်က ပြန်ထွက်လာနိုင်ရော။
ဒါတောင် မီးနေသည်က
 ' နင်တို့က တက်သုတ်ရိုက်နိုင်လိုက်တာဟယ်...စကားတောင် အေးအေးဆေးဆေး မပြောလိုက်ရဘူး။...နောက်ရက် သပ်သပ်ထပ်လာခဲ့ကြဦး ' တဲ့။
စကားအေးအေးဆေးဆေးပြောရအောင် သူ့ကလေး တစ်လပြည့်ရင် နာမည်ပေးကင်ပွန်းတပ်ပွဲလုပ်ပြီး သူငယ်ချင်းတွေ လူစုံတက်စုံ ဖိတ်ဦးမယ်တဲ့။ ဒါတွေပြောနေတာကို မီးနေခန်းပေါက်ဝရပ်ရင်း လည်ပြန်နားထောင်နေရတာကိုက ဆယ့်ငါးမိနစ်လောက် ရှိမလား မပြောတတ်ပါဘူး။ ရွှေစင်ထွန်းအိမ်က ပြန်ထွက်လာကြတော့ ကျွန်မက သူ့ကို မေးလိုက်တယ်။
' နင် အားလား အိထိုက်...သွားစရာ ရှိသေးလား '
' ဘာလုပ်မလို့လဲ '
ကျွန်မက ခရီးဆောင်အိတ်ချုပ်ဖို့ ဦးဂျော့အိမ် သွားရှာရမဲ့ ကိစ္စပြောတော့ သူက..
' စောစောက မပြောဘူး။ မိရွှေစင် အိမ်မလာခင် အရင်သွားလိုက်ရင် ရသားနဲ့ '
' ဟိုမှာ ထိုင်စောင့်ရမယ်ဆိုရင် ဒီဘက် ပြန်ဝင်ဖို့ နောက်ကျမှာစိုးလို့ပေါ့။ ပြီးတော့ လမ်းကလည်း မိရွှေစင် အိမ်က ပိုသင့်နေလို့လေဟာ ....ဘယ်လိုလဲ လိုက်ပေးမယ်မလား '
' လိုက်ပေးမယ်လေ...မသွားခင် ငါ့အဒေါ်အိမ် ခဏဝင်ဦးမယ် '
' ဝေးလား '
' ဒီနားလေးတင်ပါ။ မကြာဘူး....ကိစ္စလေးတစ်ခုရှိလို့ စကားတစ်ခွန်းနှစ်ခွန်း ဝင်ပြောရုံပဲ။ ပြီးမှ နင့် ' ဦးဂျော့ ' ကို သွားရှာတာပေါ့ '
နေရင်းထိုင်ရင်း မုတ်ဆိတ်ဖွားဖွား စက်ချုပ်ကုလားကြီးက ကိုယ့်ဦးဂျော့ ဖြစ်ရတာတောင် သူ့ကို မျက်စောင်းမထိုးအားဘူး။ တစ်ယောက်တည်း သွားရမှာနဲ့စာရင် နှစ်ယောက်ဆို အဖော်ရတာပေါ့ဆိုပြီ မိန်းကလေးပီပီ အဖော်က မက်သေးတာလေ။ ခဏထပ်စောင့်လိုက်ရုံနဲ့ ဒီထက်လည်း အချိန်ပိုမလင့်တော့ပါဘူး။
အမေ မျှော်နေတော့မှာဖြင့် လုံးဝသေချာတယ်။ ထွက်လာခါနီးတုံးကတောင် အိမ်ကို မြန်မြန်ပြန်ခဲ့ဖို့ မှာလိုက်သေးတာလေ။ မတတ်နိုင်ဘူး။ ထွက်လာလက်စနဲ့ တစ်ရက်တစ်လေတော့...။ ဟိုရောက်တော့ သူ့အဒေါ်က ဝမ်းသာအားရနဲ့...
' လာလာ..အိထိုက်ရေ ။ အတော်ပဲဟဲ့..'
ဘာများလဲဆိုတော့ သားတော်မောင်က ဆိုင်ကယ်ယူပြီး အပြင်ထွက်သွားတာမို့ သူ့မှာ ဘဏ်သွားစရာကိစ္စ ပေါ်လာလို့ ဆိုင်ကယ်မျှော်နေတာတဲ့။
' ဆိုင်ကယ်ဆီတော့ ရှိတယ်မလား '
' မနက်ကမှ နှစ်ပုလင်းထည့်ထားတာပဲ။ ဘာဖြစ်လဲ ဒေါ်လေးရာ...ဆီပြတ်သွားရင်လည်း တစ်ဂါလံလောက် ဝယ်ဖြည့်ရင် ဝယ်ဖြည့်ခဲ့ပေးလိုက်ပေါ့ ။ သမီးစိတ်မဆိုးပါဘူး '
' ဟွန်း....နစ်နာနေပါဦးမယ်တော် '
တကယ်ဆို သူ့အဒေါ်ကို သူ့ဆိုင်ကယ်ပေးလိုက်ပြီး အိမ်သော့ပါခတ်သွားခိုင်းလို့ ရတာပဲ။ ကျွန်မတို့ နှစ်ယောက်က ကျွန်မဆိုင်ကယ်နဲ့ ကိုယ်သွားရမဲ့ နေရာသွား။ ဒါကို အိထိုက်ပြောလာမလား စောင့်နေပေမဲ့ မရွှေချောက တစ်ခွန်းမှ ဟလာတော်မမူဘူး။ အကြောင်းရင်းကို သူ့အဒေါ် ထွက်သွားမှ သိရတယ်။
' ဟဲ ဟဲ...ကံနဲ့လူ မပူနဲ့တဲ့...အြေ<ွကးရစရာရှိလို့ ငါ မျက်နှာလာပြတဲ့အချိန်နဲ့ ငါ့အဒေါ် သူ့သားကြီး နိုင်ငံခြားက ငွေပို့လို့ ပိုက်ဆံသွားထုတ်ရမယ့်အချိန် ကွက်တိပဲ...ဘယ်လောက်အခန့်သင့်လဲ '
' ဒါများ သူ့အိမ်ကို သော့ခတ်သွားခိုင်းပြီး ဆိုင်ကယ်ကို နင့်အိမ်အထိ ပြန်လာပို့ခိုင်းလိုက်ရင် ပြီးတဲ့ဟာကို...ဒါမှမဟုတ် နင် ဒီကို ပြန်လာချင်လည်း ငါပြန်ပို့ပေးလို့ရတာပဲ...အိမ်ပြန်ချင်လည်း ပြန်ပို့ပေးမှာပေါ့...ခုတော့ အိမ်ရှင်လည်းမရှိဘဲနဲ့ နေနေရတာ...'
အမှန်တကယ်က သူများအိမ်မှာ နေနေရတာထက် ကျွန်မရဲ့ဦးဂျော့အိမ်သွားဖို့အရေး ကြန့်ကြာမှာစိုးတာပါ။
' ဘာမှမဖြစ်ဘူး...ပူမနေနဲ့...ငါ့အဒေါ်အိမ်မှာ ပျောက်စရာဆိုလို့ အသုံးမကျတဲ့ သူ့သားငယ် ကိုယစ်ထုပ်ပဲ ရှိတယ်...သူ့သားကို ခိုးမယ့်သူရှိရင် ဒေါ်လေးက ကျေးဇူးတင်လွန်းလို့ ထိုင်ကိုရှိခိုးဦးမှာ...ဟားဟား '
ပေါက်တတ်ကရ ပြောတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ အိထိုက်က သူ့စကားသူ သဘောကျပြီး ရယ်နေတယ်။
' သိပ်မကြွားနဲ့...တော်ကြာ နင့်အဒေါ်အိမ် ဒီလောက်ချမ်းသာရလားဆိုပြီး ဓားပြလာတိုက်နေမှ...'
' မထူးပါဘူး. ကြွားလက်စနဲ့ ထပ်ကြွားလိုက်ပါဦးမယ်...ငါ့အဒေါ်ကို ဆိုင်ကယ်ငှားပေးလိုက်ပြီး ပြန်အလာ ထိုင်စောင့်နေတာက သူ့လက်ထဲ ငွေရှိတုန်း ငါတို့အကြွေး တစ်ပါတည်းပြန်ယူ သွားနိုင်အောင်လို့ဟေ့... သိလား။ သိတယ်မလား... သူက နှစ်လုံး သုံးလုံးသမားလေ...ကြွေးတွေက လစဉ် စာရင်းချုပ်လိုက်တိုင်း သူ ရစရာရှိတဲ့ငွေထက်ကို အမြဲပိုနေတာ...ကိုယ့်အဒေါ် အကြောင်း ကိုယ်အသိဆုံးပဲ...မနက်ဖြန်မှဆိုရင် သေချာတော့တာ မဟုတ်ဘူး '
ဒီလိုကိုး...။ ဒါဖြင့်လည်း ကျွန်မဘာသာ သွားရမလားဆိုတော့
' မသွားနဲ့ဦးလေး... ငါလိုက်ပေးပါမယ်ဆိုမှ...ငါတစ်ယောက်တည်းပျင်းတယ် ' တဲ့။
' ငါ့အဒေါ် ပြန်လာရင် သွားရုံပဲဟာကို...စိတ်ချ နင့်အိတ် ချုပ်ပြီးတဲ့အထိ စောင့်ကူပေးမှာ '
ဆက်ငြင်းဖို့ မကောင်းတတ်တော့တာနဲ့ ကျွန်မ ငြိမ်နေလိုက်ရတယ်။ အင်းလေ...ဘဏ်မှာ ငွေသွား ထုတ်တာလောက်များ ကြာလှ နာရီဝက်ပေါ့။ ဒါဖြင့် သုံးနာရီလောက်တော့ ဦးဂျော့အိမ် ရောက်မှာပါ။ ဦးဂျော့က သဘောကောင်းတာပဲ။ အရေးကြီးတယ် ဘာညာပြောပြပြီး တစ်ခါတည်း ချုပ်ခိုင်းလို့ရမှာပါ။ ဇစ်ဟောင်းဖြုတ်ပြီး ဇစ်အသစ်လဲတပ်တာလောက်များ ဘယ်လောက်ကြာမှာ မှတ်လို့။ အိမ်ကို လေးနာရီပြန်ရောက်ရင် ပြီးပြီပေါ့။ အမေ ထမင်းချက်ချိန်အမီလေ။ ကျွန်မ မရှိတဲ့အတွက် ဈေးတော့ အမေလိုက်ဖြစ်မှာ မဟုတ်တော့ဘူး။ စက်ချုပ်ဆိုင်က ပြန်မှ ဈေးကလေးဝင်ပြီး ဈေးပေါင်ကျိုးလေးဘာလေး ဝင်ဝယ်လိုက်တာပေါ့။ ဒါမှမဟုတ် ဆိုင်ဟင်းလေးဘာလေး ဝယ်စားလိုက်လည်း ဖြစ်တာပဲ။ သားအမိနှစ်ယောက်ထဲပဲဟာကို ဘာစားစား။ သူငယ်ချင်းက ကျွန်မပျင်းမှာ စိုးလို့တဲ့၊ သူ့အဒေါ်ခြံထဲက သရက်သီးစိမ်း ဆင်းခူးပြီး ငါးပိ၊ ငရုတ်သီးစိမ်းတွေနဲ့ သုပ်ကျွေးတယ်။ နှစ်ယောက်သား သရက်သီးသုပ် စားပြီး ရှူးရှူးရှဲရှဲနဲ့။
ဒီလိုကျပြန်တော့လည်း ငယ်တုန်းက ကျောင်းသူဘဝလေးကိုတောင် နင့်နင့်နဲနဲ လွမ်းမိသား။
ကျောင်းတုန်းကများဆို ကျွန်မတို့အုပ်စု အချဉ်စားသန်လွန်းလို့ ဆရာမတွေကတောင် ' အချဉ်သီးအဖွဲ့ ' လို့ ကင်ပွန်းတပ်ပေး ထားကြတာ။ စားလိုက်သမျှ အချဉ်သီးတွေဆိုတာလည်း သူ့ရာသီနဲ့သူ ပေါ်သမျှ မလွတ်စေရဘူး။ မက်ခေါက်သီးလို မချဉ်တချဉ်မျိုး စားမလား။ ချဉ်စော်ခါးသီးလို အရည်တရွမ်းရွမ်းနဲ့ ချဉ်စူးနေတာမျိုး စားရမလား။ မှန်ကူသီးလို ချဉ်ဖြုံးဖြုံးကို စားရမလား။ ကြိုက်ရာသာ လာခဲ့။ ကျွန်မတို့အုပ်စုထဲရောက်ရင် ဘယ်လောက်များများ လောက်တယ်မရှိဘူး။ ' ဒီနေ့ ဝယ်တာ နည်းသွားတယ်' ချည်းပဲ။ ဒါမျိုးကလည်း လူများလေလေ စားကောင်းလေလေဆိုတော့ ဘာပြောကောင်းမလဲ။ ခုတော့ အဲဒီလို မစားနိုင်တော့ပါဘူး။ ငယ်ငယ်ကလို သွားတွေ မကောင်းတော့ဘူးလေ။ အချဉ်လေး နည်းနည်းစားလိုက်ရင်ပဲ သွားတွေက ကျိန်းကုန်လို့ ဘာစားစား ရှုံ့မဲ့နေရတော့တာ။ ခုလည်း တစ်လုံးပဲ သုပ်တာတောင် မကုန်နိုင်တဲ့အချဉ်သုပ်ပန်းကန်ကို အလယ်မှာချပြီး နှစ်ယောက်သား လေသာ ထိုင်ပေါနေလိုက်ကြတယ်။
စောင့်ရင်းနဲ့ သုံးနာရီ ကပ်လာတော့ ကျွန်မ မရိုးမရွဖြစ်လာတယ်။ ဘဏ်မှာ ငွေသွားထုတ်တာများ ဒီလောက်ကြာစရာ အကြောင်းမရှိပါဘူး။ ဒါမှမဟုတ် ဟိုက လွှဲငွေက ဘဏ်စာရင်းထဲများ ရောက်မလာသေးတာလား။ တစ်ခါတလေ ဟိုဘက်က လွှဲငွေက ဘဏ်စာရင်းထဲများ ရောက်မလာသေးတာလား။ တစ်ခါတလေ ဟိုဘက်က လွှဲလိုက်ပြီလို့ ဖုန်းဆက်တဲ့အတွက်သွားထုတ် တာကို မရောက်သေးဘူးဆိုလို့ စောင့်ရတာမျိုး ကြုံဖူးတယ်လေ။ အိထိုက်ကိုယ်တိုင်လည်း လမ်းဘက် တကြည့်ကြည့် ဖြစလာတယ်။
'ဒေါ်လေးကလည်း ဘယ်ဝင်နေတယ်မသိဘူး...ကြာလိုက်တာ '
သုံးနာရီ ကျော်စပြုလာတော့ ကျွန်မ နေမထိထိုင်မသာ...ဖြစ်လာပါပြီ။ ဘယ့်နှယ်...ကျွန်မကိုက အဖော်မက်တာပါ။ ကိုယ့်ဘာသာသွားလိုက်ရင် ဦးဂျော့ဆီ ရောက်ရုံမကလို့ အိတ်တောင် ချုပ်ပြီး အိမ်ပြန်ရောက်နေလောက်ပြီလေ။
' ဒေါ်လေးမလာရင်နေ...၊ ငါ့အစ်ကိုဝမ်းကွဲ ပြန်လာရင် သွားကြမယ်လေဟာ...အြေ<ွကး နောက်မှလာယူတော့မယ် '
' နင်မအားရင်လည်း ငါ့ဟာငါပဲ သွားလိုက်တော့မယ်လေ...အိထိုက် '
ပြောနေတုန်း ဆိုင်ကယ်တစ်စီးက ခြံရှေ့မှာ ဝူးခနဲ လာရပ်ရော။ အိထိုက်အဒေါ်တော့ မဟုတ်ဘူး။ ကောင်လေးနှစ်ယောက်ပါ။
' ဒါ...ဒေါ်ဝင်းကြည်တို့ အိမ်လားခင်ဗျ '
' ဟုတ်ပါတယ်...'
' သြော်...ဒေါ်ဝင်းကြည် ဆိုင်ကယ်တိုက်လို့ သူပြောတဲ့လိပ်စာအတိုင်း ကျွန်တော်တို့ လာအကြောင်းကြားပေးတာပါ '
' ဟောတော်...'
' ဘာ...ဘာဖြစ်သွားသေးလဲဟင် ...'
လန့်သွားတာချင်းအတူတူ သွေးရင်းပီပီ ချက်ချင်း ဖြူဖျော့ထိတ်ပျာသွားတဲ့ အိထိုက်ကို ကျွန်မ လှမ်းဆွဲထားရသည်။
' ဘာမှတော့ ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူး...။ ဟိုဘက်ကကောင်တွေက လမ်းကြော မှားတာပါ...ပွန်းပဲ့ကုန်လို့ လောလောဆယ်တော့ ( ...... ) ဆေးခန်းကို ခေါ်သွားကြတယ်...၊ အဲဒါ...လိပ်စာပြောလိုက်တာနဲ့ လာပြောပေးတာပါ...'
ကောင်လေးတွေကို ကျေးဇူးတင်စကားပြောပြီးတာနဲ့ နှစ်ယောက်သား နဂိုအစီအစဉ်ကနေ ကောက်ခါငင်ခါ အစီအစဉ်ပြန် ပြောင်းရရော။ အိမ်ကို သော့ခတ်ပြီး အိထိုက်အိမ်မှာ အိထိုက်အမေကို အကျိုးအကြောင်းဝင်ပြောကြတယ်။ သုံးယောက်ဆိုတော့ ဆိုင်ကယ်က မလောက်ဘူး။ အရေးအကြောင်းဆို တလည်တည်းလည်နေတဲ့ သူ့ဝမ်းကွဲအစ်ကိုကို အိထိုက်က တဖျစ်တောက်တောက် ပြောမဆုံးဘူး။ ဆိုင်ကယ်တက္ကစီငှားမယ်ဆိုတော့ ကျွန်မကကျွန်မဆိုင်ကယ်ယူသွားဖို့ရာ ပြောရတယ်။ ကျွန်မက အရေးမကြီးဘူးလေ။ သူ့အဒေါ်ဆိုတာကလည်း ခုမှ ကျွန်မ ကောင်းကောင်းတွေ့ဖူးတာ။ အရေးကြီးတဲ့သူတွေ ရောက်ဖို့လိုတယ်။ ပြီးတော့...ခုလို ကိစ္စဝိစ္စ ကြုံနေချိန်မှာ ပြေးပြေးလွှားလွှား သွားစရာရှိတာ သွားနိုင်အောင် ဆိုင်ကယ်လေးတစ်စီးရှိမှ အဆင်ပြေမှာပေါ့။ အိထိုက်ဆိုင်ကယ်က လည်း တိုက်ထားတဲ့အတွက် အခြေအနေ ဘယ်လိုမှန်းမသိသေးဘူး။
အိထိုက်က ဆိုင်ကယ်ယူထားဖို့ အားနာနေသေးတယ်။ ကျွန်မက သော့ အတင်းထိုးပေးမှ ' နင်ကကော ' တဲ့။ သူတို့ ကိစ္စနဲ့ယှဉ်လိုက်တော့ ကျွန်မကိစ္စက အဲဒီလောက်လည်း အရေးမကြီးတော့ဘူးလေ။ လေးနာရီထိုးခါနီးပြီမို့ ဦးဂျော့အိမ်လည်း မသွားချင်တော့ဘူး။ တက္ကစီငှားစီးပြီး သွားရလောက်အောင်လည်း အလျင်မလိုသေးတာနဲ့ အိမ်ကိုပဲ ပြန်လာခဲ့လိုက်တော့တယ်။ ခရီးဆောင်အိတ်ကို ခေါက်ထည့်ထားတဲ့ ကျန်ကျောင်းအိတ်ဆွဲပြီး ငိုက်စိုက် ငိုက်စိုက်နဲ့ လမ်းလျှောက်ပြန်လာတဲ့ ကျွန်မကို အမေက ဆိုင်ပေါက်ဝကနေ ဆီးမေးတယ်။
' ဆိုင်ကယ်က ဘယ်ထားခဲ့တာလဲ...။ အိတ်ကော...တစ်ခါတည်း ချုပ်ခိုင်းခဲ့တာလား...'
' စက်ချုပ်တဲ့နေရာကို မရောက်ခဲ့သေးတာ အမေရေ...'
ထွက်သွားတာ တစ်နေကုန်ကြာပြီး ခုထိ စက်ချုပ်ဆိုင် မရောက်ခဲ့သေးဘူးဆိုတဲ့ ကျွန်မကို အမေက နားမလည်သလို ကြည့်နေတယ်။ အမေနားလည်အောင် လောလောဆယ် မရှင်းပြအားသေးတဲ့ ကျွန်မကတော့ ရေတစ်ခွက် ငှဲ့သောက်ရင်းက
ဘာရယ်မဟုတ် ဖျတ်ခနဲ တွေးမိလိုက်ပါရဲ့။
သြော်...လူမှုရေးအရတို့၊ အားနာလို့တို့ ၊ ဝတ္တရားအရတို့၊ မကောင်းတတ်လို့တို့ကြောင့် ဒီလိုပဲ အချိန်ကုန်သွားပြီး ကိုယ်သွားရမယ့်နေရာ၊ ကိုယ်သွားသင့်တဲ့နေရာ မရောက်ဖြစ်လိုက်တဲ့နေ့ရက်တွေ ကျွန်မတို့ဘဝမှာ ဘယ်လောက်တောင် များခဲ့ပြီပါ လိမ့် ဆိုတာလေ...။

ငွေဇင်ယော်ဦး ၊ မိုးကုတ် ၊
( ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန် စာအုပ်မှ )

0 comments:

Post a Comment