ကိုယ့်နေရာ သူ့နေရာ

၁။
“ဟေ့ နင်တို့ သူငယ်ချင်း သူဌေးမ ပြန်လာတော့မယ်တဲ့နော်။ ကြားပြီးပြီလား”


အိမ်ပေါက်ဝ၌ လာရပ်ပြောသံကြောင့် စက်ချုပ်နေရာမှ ကျွန်မ ဖျတ်ခနဲ မော့ကြည့်တော့ လွင်လွင်ခိုင်ကို တွေ့လိုက်ရပါသည်။ အိပန်တို့ ဘေးခြံမှ လွင်လွင်ခိုင်။

“လာလေ လွင်ခိုင်။ ထူးထူးခြားခြား ဘယ်က လှည့်ဝင်လာတာလဲ”

သူ့အိမ်က ကျွန်မတို့နှင့် တစ်လမ်းကျော်ဖြစ်ပြီး ခါတိုင်း လာလေ့လာထ မရှိ၍ မေးမိရခြင်း ဖြစ်သည်။
“ဟိုနားခဏ လာရင်း လမ်းကြုံလို့ ၀င်လာတာ”

“ဒါနဲ့ ခုနက နင်ပြောတဲ့ တစ်ယောက်က ဘယ်သူ”


“သူဌေးမလေ။ အိပန်ဦးကို ပြောတာ”
ကျွန်မ အံ့သြ သွားရ သည်မှာ အမှန်။  တစ်ဆက်တည်းမှာပင် ၀မ်းလည်းသာသွားရပါ သည်။

“ဟုတ်လား ဘာလာ လုပ်မှာတဲ့လဲ”

“အလှူလို့ပြောတာပဲ။ သူ့အဒေါ်ပြောတာလေ။ သူတို့ သားအမိ မနက်ဖြန်ရောက် မှာတဲ့။ နင်တို့ဆီ ဖုန်းမဆက် ဘူးလား”

“ဟင့်အင်း”
“ဒီလောက်ခင်တဲ့ သူငယ်ချင်းတွေကိုတောင် သူ လာမယ့်အကြောင်း ဖုန်းဆက်ဖော် မရဘူးလား။ အံ့သြ ပါ့။ အင်းလေ သူဌေး ဖြစ်သွားပြီဆိုတော့ စိတ်ပြောင်းသွားပြီ နေမှာပေါ့”

သူ့စကားကြောင့် ကျွန်မမှာ စိတ်ကသိက အောက် ဖြစ်သွားရပါ၏။
“သြော် သူ မအားလို့နေ မှာပေါ့ လွင်ခိုင်ရယ်”

“အံမယ်လေး တချို့တွေ ရှိတယ်နော်။ ဘ၀မြင့် လာတော့ ဘ၀င်မြင့်ကုန်တာ”

လူမှမမြင်ရသေး၊ ကြိုတင် လိုရာ ဆွဲတွေးနေသည့် လွင်လွင်ခိုင့်ကို ကျွန်မ စိတ် ပျက်လာသည်။ အိပန် ဆိုသည်က ကျွန်မတို့နှင့် တစ်သက်လုံး ခင်လာတွဲလာသည့် သူငယ်ချင်းလေး။ သူ ပြောသည့် လူစားမျိုး မဟုတ်။ သို့ ပေမဲ့ မတွေ့ရသည့် နှစ်များ အတွင်း အိပန်တစ်ယောက် ပြောင်းလဲသွားလျှင်တော့ မသိဘူးပေါ့လေ။

“လာလေ လွင်ခိုင်။ အိမ် ပေါ်ထိုင်ဦး။ မတ်တတ်ကြီး”

“နေနေ ရတယ်။ အိမ်မှာ ချုပ်လက်စ အထည်တွေ ဒီအတိုင်း ပုံချခဲ့တာ။ ပြန်ဦးမှ”

ပြောပြောဆိုဆို ပြန်ပြေး သွားသည့် လွင်လွင်ခိုင်ကို ကျွန်မ အူကြောင်ကြောင်နှင့် ငေးကြည့်ကျန်ရစ်ခဲ့သည်။
အင်း အိပန်တို့က မနက် ဖြန်ညနေ ရောက်မည်ဆိုသော်လည်း ကျွန်မက သန်ဘက်ခါ မှ သွားတွေ့နိုင်ပါမည်။ သွားသည့်အခါ နွယ်နီကိုပါ တစ်ခါတည်း သူ့အိမ်၌ ၀င်ခေါ် သွားလိုက်မည်။ အိပန်လာ မည်ဟုသိလျှင် နွယ်နီလည်း တော်တော် ပျော်သွားမှာ သေချာပါသည်။


၂။
တကယ်တမ်းကျတော့ ကျွန်မပင် မသွားလိုက်ရဘဲ ရောက်သည့် ညနေစောင်းမှာ အိပန်တစ်ယောက် နွယ်နီကို ခေါ်၍ ကျွန်မအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချ လာပါသည်။
“ဟယ် အိပန်ရယ်။ ငါ က မနက်ဖြန်မှ လာမလို့ကို”

“လာမလို့ဆိုတော့ နင် ကငါလာမှာ ကြိုသိလို့လား”

“သိတယ်လေ။ မနေ့ကတင် လွင်လွင်ခိုင် လာပြောသွားတာ”

အနည်းငယ်အံ့သြ သော အမူအရာဖြင့် အိပန်က “သြော်” ဟု ရေရွတ်သည်။
“အိပန် နင်ဝလာတယ် သိလား”

“လှရော မလှလာဘူးလား”

“လှပါ့။ တကယ်ပြောတာ။ ငါ့သူငယ်ချင်းကို ငါတောင် ရုတ်တရက် မမှတ်မိချင်ဘူး”

သည်နေရာ အရောက်မှာ ကျွန်မတို့ နှစ်ယောက် ပြောသမျှကိုပြုံးပြုံးလေးနားထောင် နေသောနွယ်နီက ၀င်ပြောသည်။
“ဟုတ်တယ် ဟုတ်တယ်။ ငါတို့ဆိုင် ပေါက်ဝမှာ ရုတ်တရက်ပေါ်လာပြီး “နွယ် နီရေ” လို့ ခေါ်လိုက်တဲ့ အသံလည်း ကြားရော ငါ့မှာ ကိုယ်များ မျက်စိမှားသလားလို့”
“နင်တို့ နှစ်ယောက်ကတော့ ငါ့မျက်စိထဲမှာဘာမှကို မပြောင်းလဲဘူး။ အရင်လို ပါပဲ”

ပြောရင်းနှင့်မှ အိပန်က ကျွန်မစက်ချုပ်ခုံအနီး လာရပ် ကြည့်သည်။
“မြလေး အလုပ်တွေ များနေတာလား။ အထည်တွေကို ပုံနေတာပဲ”

“များဆို လာမယ့် အပတ်ထဲမှာ အလှူ ရှိတယ်လေ။ အဲ့ဒီ အလှူလှည့်ကို လိုက်မယ့်သူတွေ လာအပ်ထား တာတွေ ချုပ်ပေးနေရတာ”

“အလုပ်တွေတော့ အဆင်ပြေကြတယ် မဟုတ်လား”

“ဒီလိုပါပဲ” ဟု ကျွန်မ ဖြေဖြစ်သည်။ ရယ်ဒီမိတ်တွေ သူ့အတိုင်းအတာနှင့်သူ အလွယ်တကူ ပေါပေါပဲပဲ ၀ယ်၍ ရနိုင်သည့်ခေတ်မို့ အရင်ကလို များများ မချုပ်ရ တော့သည်ကို ကျွန်မတို့သာ အသိဆုံးမဟုတ်လား။
“နွယ်နီရော”

“ငါလည်းဒီလိုပဲလေ” ဟု နွယ်နီက ပြုံးရင်းဖြေသည်။

“မနက် မိုးလင်းတာနဲ့ ငါ့ အဒေါ်အိမ်သွား။ စားသောက် ဆိုင်ဆိုတော့ ဈေးဝယ်ရ တယ်။ ကြော်လှော်ရတယ်။ သိမ်းရဆည်းရတယ်။ ဖုန်းဆိုင်ပါ တွဲထားလို့ ဖုန်းလိုက် ပို့ရတယ်”
“လခတော့ ပေးတယ် မလား”

“ပေးပါတယ်။ စားပြီး သောက်ပြီး တစ်လငါးသောင်း”

“မဆိုးပါဘူး”

“ဆိုးတယ်ဟဲ့။ ငါ့မိဘ တွေက မပြေလည်တော့ ရသမျှ တစ်ပြားမကျန်အပ်ရ တယ်လေဟာ”

“ဦးတို့ အန်တီတို့ကော အခု ဘာလုပ် နေကြနေလဲ”

“အရင်လိုပဲပေါ့။ ငါ့ အမေက တစ်ခါတလေလည်း ငါးပိငါးခြောက်လေး တွေ သူများနားကယူရောင်း တဲ့အခါ ရောင်း၊ အဖေက လည်း အလုပ်ရှိရင်လုပ် မရှိရင်မလုပ်။ ခါတိုင်းလိုပဲလေ”

အိပန်က ခေါင်းညိတ်သည်။
“နင်ကော အခုဘာတွေ လုပ်နေလဲ အိပန်”
“ငါလား အင်း ဘာ တွေလုပ်နေလဲဆိုတော့ စုံစီ နဖာလို့ ပြောရမှာပဲ။ အထည် ချုပ်ရုံကတော့ အဓိကပေါ့ လေ။ ပြီးတော့ အင်တာနက်ဆိုင် ထောင်ထားတယ်။ ပြီးတော့ သူများ လုပ်ငန်းတွေထဲ ဟိုနည်းနည်းဒီနည်းနည်း ရှယ်ယာ ပါထားတာတွေ ရှိတယ်”

“နင်က အဆင်ပြေတယ် ကြားရလို့ ငါတ ၀မ်းသာပါ တယ်ဟယ်။ ခုလည်း အလှူ လာလုပ်တာဆို”

“အဲ့ဒီလိုကြီးလည်း မဟုတ်ပါဘူး။ အမေက လည်း မရောက်တာကြာလို့ လာချင်တယ် ဆိုတာနဲ့။ ပြီး တော့ တို့ရှိတုန်းက ကိုးကွယ် ခဲ့တဲ့ ဆရာတော့် ကျောင်းကိုလည်း လှူစရာလေးတွေ နည်းနည်းပါးပါး ရှိတာနဲ့။ ငါကလည်း နင်တို့ကို တွေ့ ချင်တာနဲ့ မထူးဘူး ဆိုပြီး လာခဲ့လိုက်တာ”

“ဦးလေးကိုတော့ ခေါ် မလာဘူး”

“အလုပ်တွေ ရှိသေး တယ်လေ။ သြော် ရော့ ဒီ အထုပ်တွေက နင်တို့အတွက် ငါယူလာခဲ့တဲ့ လက်ဆောင် တွေ”

“ဘာတွေလဲ အားနာ စရာ”

“ဘာအားနာစရာလဲ။ ဒီ လူဒီလူချင်းများ ဒီစကားပြော စရာလား။ ငါ့အထည်ချုပ်ရုံ က ယူလာခဲ့တဲ့ အထည်တွေ။ ငါဒီကို လာမယ်ဆိုတော့ မေမေက ပြောတယ်။ ညည်း သူငယ်ချင်း မြလေးတို့ နွယ်နီ တို့ကို ကြိုဖုန်းဆက်ပါလား တဲ့။ ငါက မဆက်ဘူး။ ရုတ်တရက်မြင်မှ အံ့သြ၀မ်းသာ သွားကြစေချင်လို့လေ။ ငါ့ အဒေါ်ကိုတောင် ငါတို့လာမယ့် အကြောင်း နင်တို့ကို ကြို မပြောနဲ့လို့ ပိတ်လိုက်သေး တယ်”

ဒါကိုမှ လွင်လွင်ခိုင် တစ်ယောက် တကူးတကကို လာပြောသေးတာပါလားဟု ကျွန်မဘာသာခုမှ ဆက်စပ် သဘောပေါက်မိရပါ၏။ ဒါ ကြောင့်လည်း အိပန်မျက်နှာ တစ်မျိုး ဖြစ်သွားခဲ့သည်ကိုး။
“ကဲပါ ချုပ်စရာ ရှိတာ ချုပ်နော် မြလေး။ ငါက ရောက်ရောက်ချင်း နင်တို့ကို တွေ့ချင်လို့ထလာတာ။ အိမ် ပြန်ရဦးမယ်။ ဒေါ်လေးက ထမင်းစား စောင့်နေတော့မှာ။ နက်ဖြန်မှ လာမယ်ဟာ။ နွယ်နီလည်း အားတာမဟုတ် ဘူး။ သူတို့ဆိုင်က ဒီအချိန် လူကျနေပြီ”
“ဒီမှာ စားသွားလေ”

“နောက်ရက်လာစား မယ်လေ။ ဒီနေ့တော့ ဒေါ်လေး ချက်ထားပြီးပြီ။ ကဲ သွားပြီနော် သူငယ်ချင်း”

“သွားပြီ မြလေး”

“အေးအေး”

နှုတ်ဆက်ထွက်ခွာ သွားသည့် သူငယ်ချင်းနှစ် ယောက်ကို ငေးကြည့်ရင်း ကျွန်မကျန်ရစ်ခဲ့ပါသည်။ သုံးယောက်သား ချစ်ခင် ကြင်နာစွာ သွားလာပေါင်း သင်းခဲ့ကြသည့် ငယ်ဘ၀ကို လည်း အထူးပင်အောက်မေ့ သတိရမိပါ၏။


၃။
အိပန်၊ နွယ်နီနှင့် ကျွန်မက မူကြိုကတည်းက အတူ တူ။ ကျောင်းနေတော့လည်း တစ်တန်းတည်း တစ်ကျောင်း တည်း။ သုံးယောက်သား ဘယ်မျှအတွဲညီသလဲဆိုလျှင် အိပန်ဆိုသည်နှင့် ကျွန်မတို့နှစ် ယောက်ကိုပါ တစ်ခါတည်း တန်းသိလိုက်ကြပြီး ကျွန်မ တို့နှစ်ယောက်ဆိုလျှင်လည်း အိပန်ကိုပါသိလိုက်ကြသည် သာ။ ဘ၀အခြေအနေချင်းက လည်း သိပ်ပြီးကွာဟမနေ တော့ တစ်ယောက်နှင့်တစ် ယောက်ကြား နားလည်မှုရှိ ကြသည်။ တစ်ခါတစ်ရံတော့ အိပန်နှင့် ခြံချင်းကပ်လျက်နေ သည့် လွင်လွင်ခိုင်လည်း ကျွန်မတို့ကြားထဲပါလာတတ် သည်။ သူနှင့်လည်း တွဲသင့် သလောက်တွဲသော်လည်း ကျွန်မတို့ သုံးယောက်ပေါင်း သလိုမျိုးတော့ သူ့အပေါ်ထဲ ထဲဝင်ဝင် မပေါင်းမိကြပါ။ အကြောင်းမှာ ပုံမှန်အားဖြင့် ဆိုလျှင် ခင်မင်ရသည်မှာ မဆိုးသော်လည်း  တစ်ခါ တစ်ခါပေါ်လာတတ်သည့် သူ့စိတ်ဓာတ်ကို သိပ်မကြိုက် ကြ၍ဖြစ်သည်။ ဥပမာတစ်ခု ပြရလျှင် သူက နေရာတကာ မှာ ကျွန်မတို့ သုံးယောက် ထက်သာချင်သူဖြစ်သည်။ တစ်ခုခုမှာ ကျွန်မတို့က သူ့ ထက်ပိုသိနေ ၊ ပိုတတ်နေ လျှင် သူသိပ်မကြိုက်တော့ ပေ။ လပတ်စာမေးပွဲတိုင်း သူ့ထက်အမြဲ အဆင့်ကောင်း လေ့ရှိသော၊ ရုပ်ရည်အားဖြင့် လည်း ပို၍ ချောသော၊ ထက် မြက်ကာ အပေါင်းအသင်း လည်းသူ့ ထက်ပိုဝင်ဆံ့သော အိပန်ကတော့ သူ၏အဓိက ပြိုင်ဘက် ဆိုမမှား။ တကယ် ဆို ကျွန်မတို့ သုံးယောက် ကပင် ကျူရှင် မယူကြ။ မယူ နိုင်၍ မဟုတ်ပါ။ စာလိုက် နိုင်ကြ၍ မယူခြင်းပင်။ ဒါကို မှ သူက ကျွန်မတို့ကို တစ်ခါ တစ်ခါ စကားနှင့် နှိမ်ချင် သေးသည်။|
ထို့ကြောင့် ကိုယ့်အချင်းချင်း လက်တို့ပြီးသူ့ကို အပြင်စည်း၌သာ ထားပြီး ပေါင်းခဲ့ ကြသည်။ သို့ပေမဲ့ သူကတော့ ကျွန်မတို့ကြား အတင်းဝင် ရောပေါင်းသည်ပင်။ ဘာမ ဆိုကျွန်မတို့ လုပ်သမျှလိုက် လုပ်ချင်သည်။ ဆယ်တန်းဖြေ ပြီးနောက် ကျွန်မနှင့် အိပန်တို့ စက်ချုပ်သင်တန်းတက်တော့ လည်း သူပါသည်။ နွယ်နီက တော့ သူ့အဒေါ်၏ စား သောက်ဆိုင်တွင် အလုပ်ဝင် ကူနေပြီမို့ မတက်နိုင်။ လွင် လွင်ခိုင်က တက်သည်ကိုပင် ရိုးရိုး မတက်။

“လုပ်စားဖို့တော့ မဟုတ်ပါဘူး။ အားနေလို့ တက်ထားတာ။ ကိုယ့် ဘာသာကိုယ်တတ်ထားတော့ ချုပ်ဝတ်လို့ရတာပေါ့”

အောင်စာရင်းထွက် တော့ ကျွန်မတို့ လေး ယောက်မှာ နွယ်နီတစ် ယောက်ပဲကျသည်။ စီးပွားရေးမပြေလည်ဆုံးသူက ကျ ရှာသည်မို့ သူ့ကံဟုသာ အောက်မေ့ရတော့သည်။ ပြန်တက်ဖို့ရာ အားပေးသော် လည်းပြန်မတက်နိုင်တော့ပါ။ ကျွန်မနှင့်အိပန်က အဝေးသင် သာ လျှောက်လိုက်ကြပြီး လွင်လွင်ခိုင်ကတော့ ဒေးယူ သည်။ ကောင်းပါသည်။ ထိုပထမနှစ်မှာပင် အိပန်က ငွေရှာတတ်နေပြီဖြစ်သည်။ တစ်အိမ်တည်းနေသူ အဒေါ် ဆိုင်မှ အထည်တွေကို ကျောင်းတက်ရင်းသယ်သွား သည်။ ကျောင်းလာတက် သည့် အဆောင်သူတွေက လက်ထဲငွေရှိနေကြသူတွေ ချည်းဆိုတော့ သူယူသွား သည့် အင်္ကျီတွေ၊ ဖန်စီပစ္စည်း တွေ၊ ဖိနပ်တွေ၊ ဦးထုပ်တွေ က ရောင်းရသည်။ ဒုတိယ နှစ်ဖြေပြီး ကျွန်မပြန်လာ တော့ သူပြန်လိုက်မလာတော့ ပါ။ ကျွန်မတို့မြို့ရှိ စက်ချုပ် သင်တန်းကလည်း ပြီး သွားပြီဖြစ်သည်။ ကျွန်မက နှစ်ယောက်ပေါင်းပြီး ဆိုင် ဖွင့်ရန်ပြောတော့ သူက မဖွင့်လိုသေး။

“လောလောဆယ် ငါ မဖွင့်ချင်သေးဘူး။ သင်တန်း ထပ်တက်ဦးမယ် မြလေး ရယ်။ တို့ဆီမှာက လက် မနည်းနဲ့ပဲ သင်ထားရတာဆို တော့ ပညာစုံအောင် စင်တီ မီတာနည်းနဲ့လည်း တက် ထားဦးမယ်။ တကယ်တမ်း မြို့ကြီးပြကြီးမှာ ၀င်တိုးကြ ရစတမ်းဆိုရင် အစုံတက် ထားမှဟ။ ချုပ်ခချင်းကအစ ဘာမှကို မဆိုင်ဘူး”

သူ သင်တန်းတက် စရိတ်ကို သူ့အိမ်က ပေးစရာ မလိုပါ။ သူအထည်တွေ ရောင်းပြီး စုထားသည့်ငွေ များနှင့် တက်ခြင်းဖြစ်သည်။ ကျွန်မတို့ နောက်ဆုံးနှစ်ဖြေ ပြီးချိန်မှာတော့ သူက သူ့သင် တန်းတွင် အလုပ်ပြန်ဝင်ကာ လခရနေလေပြီ။

“အထည်စားဆိုတော့ နင်ကိုက်မှာပေါ့။ တို့ဆီမှာ သင်တန်းတက်တုန်းက နင် က ညှပ်တဲ့နေရာ၊ ချုပ်တဲ့နေ ရာမှာ အတော်ဆုံးလို့ ချီး ကျူးခံရလို့ လွင်လွင်ခိုင် တောင် နေရင်းထိုင်ရင်း ငါ တို့ကို သုံးရက်လောက် ခပ် တန်းတန်း ဖြစ်သွားသေးတာ လေ။ မှတ်မိလား”

သူက ထုံးစံအတိုင်း ပြုံး ရင်း-
“ကိုက်လားဆိုတော့ တကယ်ကြိုးစားပမ်းစား ချုပ်ရင်တော့ ကိုက်မှာပေါ့”

“ကြိုးစားပမ်းစားဆို တော့ နင်ကကြိုးစားပမ်းစား မချုပ်လို့လား”

“ချုပ်တဲ့အခါလည်း ချုပ်ပါတယ်။ ဒါပေမဲ့ ငါ့မှာ က တခြားအလုပ်တွေရှိသေး တယ်လေ။ ငါတို့အလုပ်ရုံက ကြီးကြပ်အစ်မတွေနဲ့လိုက်ပြီး သူတို့လုပ်တာကိုင်တာတွေကို ကြည့်၊ အထည်တွေပို့တာ သွင်းတာ၊ စာရင်းဇယားတွေ ကိုင်တွယ်ဖြေရှင်းတာတွေ လိုက်လေ့လာရသေးတာ မြလေးရဲ့”

“သူဌေးက တာဝန်ပေး ထားလို့လား”

“သြော် ငါ့ဘာသာသိ ချင်လို့ပေါ့ဟဲ့”

“ဘာလဲ ကိုယ်တိုင် အထည်ချုပ် အလုပ်ရုံထောင် တော့မလို့လား”

ကျွန်မ၏ ပြုံးတုံ့ကျီစယ် စကားကို အိပန်က “ထောင် သင့်ရင်ထောင်ရမှာပေါ့” ဟု ပြုံးလျက်ဆိုသည်။ ထိုအချိန် မှာ ကျွန်မ၏ စက်ချုပ်ဆိုင် လေးက အရှိန်ရနေပြီဖြစ် သည်။ နွယ်နီကလည်း သူ့ အဒေါ်ဆိုင်တွင် လခရနေပြီ။ စသင်ခါစက “စက်ချုပ်မစား ပါ” ဟု ဆိုခဲ့သော လွင်လွင် ခိုင်သည်လည်း ကျောင်းပြီး သွားတော့ ဟိုအလုပ်လုပ် မလိုလို ဒီအလုပ် လုပ်မလိုလို နှင့် နောက်ဆုံးကျတော့ သူ့ အိမ်အောက်တွင် စက်ချုပ်ဆိုင် လေးဖွင့်လာသည်။ အိပန်ကတော့ ရန်ကုန် အလုပ်ရုံသို့ ရွှေ့ သွားသည်။

“မန္တလေးမှာ ကြီးကြပ် ရာထူးပေးတာကို မလုပ်ဘဲ ရန်ကုန်ကို ရွှေ့သွားသတဲ့။ သူတော်လို့ ပေးတာကို ငြင်း သတဲ့ မြလေးတို့ရယ်။ ညည်းတို့သူငယ်ချင်းကို ညည်းတို့ပဲ မေးစမ်းကြည့်ကြ ပါဦး”

အိပန်မေမေက ကျွန်မ တို့ကို တိုင်သည်။
အိပန်နှင့် ဖုန်းပြောဖြစ်တော့ အိပန်က ရယ်နေ သည်။
“ငြင်းမှာပေါ့ဟ။ ငါ လုပ်ချင်တာက ကြီးကြပ်မှ မဟုတ်တာ”

“ဘုရားရေ”

“ဘုရား တမနေနဲ့။ တကယ်ပြောတာ။ နေရာ တစ်ခုမှာ ရာထူးကြီးလေလေ ချုပ် ကိုင်ခံရတာ များလေလေဟ။ ပြန်ရုန်းရမှာ အားနာဖို့ ကောင်းတယ်။ လိုအပ်တဲ့ သူတွေ အတွက်တော့ ကောင်းပါ တယ်။ ငါကျတော့ လော လောဆယ်ရည်မှန်းချက်နဲ့ မကိုက်လို့ပါ။ ငါ့အတွက်က ဒီအလုပ်ရဲ့ အောက်ခြေသိမ်း အလုပ်တွေကို နှံ့နှံ့စပ်စပ်သိဖို့ က ပိုအရေးကြီးနေတာ”

လွင်လွင်ခိုင် ပြန်သိ တော့ “ကျောင်းတုန်းက လည်း သူ့အကျင့်က ဒီလိုပဲ ဟာကို။ သူများတွေလိုချင် တာကို သူက မလိုချင်သ လိုလိုနဲ့ သူများတွေစိတ်ထဲ ထူးထူးဆန်းဆန်း ဆိုပြီး အာရုံ စိုက်အောင်လုပ်တာ။ ပြီးတော့ ဘာမှဟုတ်တာလည်း မဟုတ်ဘူး” ဟု ဆိုသည်။

သူပြောသည့်အတိုင်း မဟုတ်ကြောင်းကို သိပ်မကြာ ခင်မှာပင် လွင်လွင်ခိုင်အပါ အ၀င် ကျွန်မတို့တစ်တွေသိခွင့် ရလိုက်ကြပါသည်။ အိပန်က သူ့မိဘတွေကို ရန်ကုန်လိုက် လာဖို့ရာ လှမ်းခေါ်ပါသည်။ ဒီအတိုင်းလိုက်သွားရမှာ မဟုတ်ပါ။ သူ့မိခင်၏ ညီမ၊ အိပန်တို့နှင့် အတူနေအဒေါ်က နှစ်ဦးပိုင်အိမ်ကို အိပန်တို့အား တစ်ဝက်အမ်းလိုက်မည်ဖြစ် သည်။ သည်လိုဆိုတော့ ရပ် ကွက်ထဲမှ လူတွေသာမက ကျွန်မတို့တစ်တွေပါ မျက်လုံး ပြူးမိကြရပါ၏။ အိမ်ကို ရောင်းပြီး လုပ်ငန်းလုပ်ခြင်း သည် ဘုရင့်နောင်ဖောင်ဖျက် သည်နှင့် အတူတူပင်မဟုတ် လား။ အိပန်ကတော့ အေး အေးဆေးဆေးပင်။

“မေမေနဲ့ ဖေဖေကို ငါ သေချာပြောပြတော့ သူတို့ သဘောပေါက်ပါတယ်။ ဒါကြောင့် ငါလုပ်ချင်တာကို ခွင့်ပြုပေးကြတာပေါ့။ အလုပ်လေးတွေ လုပ်ကြည့်မလို့ လေ။ လောလောဆယ်တော့ ရတဲ့နေရာမှာ ရှိတဲ့ငွေလေးနဲ့ ကျဲကျဲဝိုင်းရမှာပေါ့။ နောက်မှပဲ ကြည့်ကျက်လုပ်သွားရမှာ။ နင်တို့ကိုလည်း သတိရရင် ဖုန်း ဆက်ပါ့မယ်။ နင်တို့လည်း ကြုံရင် ရန်ကုန်လာခဲ့ကြနော်”
ကျွန်မတို့ထက် အိပန် တော်သည်၊ ထက်မြက်သည် ကိုနဂိုကတည်းကသိပါသည်။ သို့ပေမဲ့ ဒီတစ်ခေါက်တော့ သူ့ကို အားပေးရမည်လား။ ဖြစ်ပါ့မလားဟု တားမြစ်ရ မည်လား မသိတော့ပါ။ အိပန်ကတော့သူ့ထုံးစံအတိုင်း ရင့်ကျက်တည်ကြည်သော အပြုံးလဲ့လဲ့ဖြင့် “တချို့ကိစ္စ တွေမှာ စွန့်မှစားရတယ်လို့ ငါ ထင်သလားလို့” ဟု ဆိုသည်။ လွင်လွင်ခိုင်က ပြုံးထေ့ထေ့ ဖြင့် ကြည့်သည်။ ခုတော့ဖြင့် ကျွန်မတို့ စိတ်ပူခဲ့ရသော ချစ်သူငယ်ချင်း အိပန်တစ်ယောက် မွှေး ပျံ့လှသော ဂုဏ်သတင်းများ နှင့်အတူ ကျွန်မတို့ထံ ပြန် ရောက်လာခဲ့လေပြီ။


၎။
“ကဲ ဘယ်အိမ်အရင် သွားချင်လဲဆိုတာပြော”

“ကြုံသလိုပေါ့။ တို့ရပ် ကွက်က ဘာကျယ်တာမှတ် လို့။ ဒီကနေစပြီး တစ်ပတ် ပတ်လိုက်ရင် တစ်နာရီတောင် မကြာဘူး။ အားလုံး နှံ့ရော”

ပထမဆုံး အနေနှင့် အငြိမ်းစား ယူပြီးပြီဖြစ်သော ကျွန်မတို့ဆရာမကြီးအိမ်ကို ၀င်ကန်တော့ကြသည်။ ကျွန်မတို့ တစ်တွေကို အင်္ဂလိပ်စာ သင်ပေးခဲ့သော ဆရာမကြီးဖြစ်သည်။ ပုံမှန် ၀င်ငွေက မရှိ။ သားသမီး မြေးမြစ်တွေ တစ်လှေကြီးနှင့် ဆရာမကြီးတို့အိမ်က မချောင် လည်ရှာပါ။

“ဆရာမကြီးရဲ့ မြေး တွေထဲမှာ ဆယ်တန်းအောင် ထားတဲ့ ကလေးရှိရင် သမီး ဆီလွှတ်လိုက်လို့ ရပါတယ်။ ရန်ကုန်မှာတော့ သမီးဆီဝင် လုပ်ချင်လည်းလုပ်။ တခြား အလုပ်လုပ်ချင်ရင်လည်း သမီးအနေနဲ့ ကူညီပေးလို့ရ တယ်။ အပန်းမကြီးပါဘူး”

“ကောင်းတာပေါ့ ကွယ်။ ဒီမှာကတော့ သမီး မြင်တဲ့ အတိုင်းပဲ၊ သူတို့အရွယ် လေးတွေအတွက် အလုပ်မှ မရှိတာ”

အိပန်က ဆရာမကြီးကို ငွေတစ်သောင်းကန်တော့ခဲ့ သည်။ ဆရာမကြီးခမျာ တပည့်မလေး၏ သိတတ် လိမ္မာမှုအတွက် ၀မ်းနည်းဝမ်း သာ မျက်ရည်တလည်လည် နှင့် ဆုတွေ တသီကြီး ပေးကျန် ရစ်ခဲ့ရှာသည်။ ထိုအိမ်မှထွက် လာပြီးနောက် အိပန်က ခင်ရာမင်ရာ ဆွေမျိုးများ အိမ ကို ၀င်နှုတ်ဆက်သည်။ သက်ကြီးရွယ်အိုများကိုလည်း သူတတ်နိုင်သလောက် ကန် တော့သည်။ ကလေးတွေကို လည်း မုန့်ဖိုးတွေပေးသည်။ မပြေလည်သူများလက်ထဲ ဟင်းဖိုးလေးတွေပေးသည်။ ရှိသူတွေအဖို့ ဘာမျှမဟုတ် သော ငွေစကြေးစဖြစ် သော်လည်း  တကယ်မရှိသူ တွေ အတွက်တော့ အဖိုးတန် လှသဖြင့် လက်ခံရရှိသူတွေ ခမျာ ကျေးဇူးတင်မဆုံးဖြစ် ကြရှာပါသည်။ ကျွန်မသည် လည်း ဘ၀မြင့်သွားသော် လည်း ဘ၀င်မမြင့်ဘဲ ငဲ့ညှာသနားထိုက်သူများကို ငဲ့ညှာသနားစာနာတတ်သူ ချစ်သူငယ်ချင်းအပေါ် ဆတက်ထမ်းပိုးတိုး၍ ချစ်ခင် လေးစားမိရပါသည်။ နောက် ဆုံးဝင်ဖြစ်သည်က အဘွား ညိုတို့အိမ်ဖြစ်သည်။ အဘွား ညို၏သားက ဦးနိုင်တဲ့။

“ဦးနိုင်က အခုဘာတွေ လုပ်နေလဲ”

“ကင်းတဲစောင့်ပဲလေ အိပန်ရ”

“ဟင် အိပန်တို့ ရှိတုန်း ကတည်းက ဦးနိုင်ပဲ ကင်းတဲ စောင့်လာတာ။ ခုထိ စောင့် နေတုန်းပဲလား”

“အေးပေါ့ ဒါပဲလုပ် တတ်တဲ့ဟာကို”

ထိုအိမ်မှ ထပြန်လ တော့ အိပန်က “စိတ်ညစ် စရာကြီး” ဟုဆိုသည်။ ကျွန်မကလည်း ခေါင်းညိတ် ထောက်ခံမိသည်။

“ဟုတ်ပါ့ ငါတောင် ခဏလေးထိုင်ပြီး သူတို့ဒုက္ခ တွေကို နားထောင်ရတာ စိတ် ကိုညစ်သွားတာပဲ”
အိပန်က ခေါင်းခါသည်။

“ငါပြောတာအဲ့ဒါ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ဆင်းရဲတာသာသိပြီး ဘာ ကြောင့်ဆင်းရဲနေတာလဲ၊ ဒီလို အခြေအနေကလွတ်အောင် ဘယ်လိုလုပ်ရမလဲ မတွေး ကြတာကို စိတ်ညစ်တာ။ ဒီလိုပြောလို့ နင်က ခုချိန်မှာ လုပ်တိုင်းဖြစ်နေတော့ ပြော အားရှိတာပေါ့လို့ ပြောချင် ပြောမယ်။ ဒါပေမဲ့ နင် တကယ်တွေးကြည့်နော် မြလေး။ တို့ဗုဒ်္ဓဘာသာအရ ကံ ကံ၏အကျိုးကို ငါယုံပါ တယ်။ ဒါပေမဲ့ မွေးရာပါ ကံ မကောင်းဘူးဆိုပြီး တစ် သက်လုံးရောင့်ရောင့်ရဲရဲနေ သွားတာကိုတော့ ငါလုံးဝ မထောက်ခံနိုင်ဘူး။ နင်ပဲ ကြည့်ဟာ၊ အခုငါဝင်လည်ခဲ့ တဲ့ အိမ်တွေထဲက တချို့အိမ် တွေဆိုရင် ငါငယ်ငယ်လေး ကတည်းက သူတို့ ဒီအလုပ် တစ်မျိုးတည်းပဲလုပ်ပြီး ဆင်းရဲကျပ်တည်းလာကြ တာ။ ခုထိလည်း ဒီအလုပ်ကို ပဲ ဖက်တွယ်ထားပြီး ဆင်းရဲ နေတုန်းပဲ။ ဘာမှတိုးတက် မလာတဲ့အပြင် သူတို့နေနေတဲ့ အိမ်တွေပါ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေတယ်။ ဒါကိုလည်း ဘာမှပြောင်းလဲ ဖို့ မစဉ်းစားဘဲ ဒီအလုပ်ပဲ လုပ်၊ ဒီအကျပ်အတည်းထဲမှာ ပဲနေပြီး ညည်းပဲညည်းနေကြ တယ်။ ငါကြည့်ရသလောက် တော့ တစ်သက်လုံးအဆင် မပြေနေတဲ့သူတွေဟာ အဲ့ဒီ မပြေပါဘူး ဆိုတဲ့ အလုပ်ကိုပဲ တစ်သက်လုံးဖက်တွယ်ထား ကြတာများတယ်ဟ။ ဒီနေရာ မှာ ငါစဉ်းစားမိတာတစ်ခုရှိ တယ်”

“အင်း ပြောပါဦး”

“နင်တော့ သတိထားမိ လားမသိဘူး။ လူအတော် များများဟာ ကိုယ့်ကိုယ်ကို “တစ်ခုတည်းပဲ ကျွမ်းကျင် တယ်” လို့ ထင်တတ်ကြ တယ်နော်။ ဒါကို ကိုယ့်ကိုယ် ကို သတိမထားမိတတ်ကြ ဘူး။ ကိုယ်ကသာ ကိုယ့် ကိုယ်ကို ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ လုပ်တတ်တာ ကျွမ်းကျင်တာလို့ ထင်နေ တာ။ တကယ်တမ်းကျတော့ ကိုယ်သာလုပ်မယ်ဆိုရင် လုပ် နိုင်သေးတဲ့ လုပ်တတ်သေး တဲ့ အလုပ်တွေ လောကကြီး မှာ အများကြီးရှိတယ်လေ။ ကိုယ်က ကိုယ်နဲ့ကိုက်ညီမယ့်၊ အဆင်ပြေမယ့်အလုပ်မျိုးကို ဦးနှောက်သုံးပြီး ရွေးလုပ် တတ်ဖို့လိုတာ။ ငါလည်း ဒါကို ငါကိုယ်တိုင် အလုပ် တွေတစ်မျိုးပြီး တစ်မျိုး လိုက်လုပ် ကြည့်ရင်းနဲ့မှသတိ ထားမိလာတာပါ။ တကယ် တော့ လူတွေက တစ်မျိုးပဲ လုပ်တတ်တာ မဟုတ်ဘူး။ တစ်မျိုးတည်းလုပ်နေရင်းက ကိုယ့်ကိုယ်ကို ဒီအလုပ်ပဲ လုပ်တတ်တယ်ထင်ပြီး နေ သားကျသွားကြတာနော်။ ဒီ အလုပ်က အဆင်မပြေရင် တောင် ကိုယ့်ကံအကျိုးပေး မကောင်းလို့ ထင်ကြသေး တာ။ အလုပ်တစ်ခုကို သေချာမလုပ်ကြည့်ရသေးဘဲ အဆင်မပြေဘူးဆိုပြီး တစ်မျိုးပြောင်းချင်တဲ့ လက် ကြောမတင်းတဲ့ သူတွေတော့ မပါဘူးပေါ့လေ”

သူ့ စကားတွေက သူ့ ဘ၀အတွေ့အကြုံနှင့် ယှဉ် သောစကားတွေမို့ ကျွန်မ အတွက် စဉ်းစားစရာတွေရ လာသည်မှာ အမှန်။
သူက သူတစ်ခါတုန်း က ပြောခဲ့ဖူးသည့် စကားကို ထပ်ပြီး ပြောပါသည်။
“တစ်ခါတလေမှာ တချို့ကိစ္စတွေက စွန့်စား တတ်မှဟ။ နာမည်ကိုက စွန့် စားတဲ့။ မစွန့်ရင် မစားရဘူး ဆိုတဲ့ အဓိပ်္ပာယ်ပေါ့။ ဘာမှ မသေချာတဲ့ လောင်းကစား ကိစ္စအတွက် ရှိတာပုံအော လောင်းလိုက်တာမျိုးကို ပြော တာမဟုတ်ဘူး။ ဒါမျိုးကျ တော့ မိုက်ရူးရဲတယ်ခေါ် တာ။ ငါတို့ အိမ်ကိုအမ်းခိုင်း ပြီး လုပ်ငန်းထောင်မယ် ဆို တုန်းက ဖြစ်ပါ့မလားဆိုပြီး စိတ်ပူကြသူတွေ၊ သားသမီး လိုချင်တာကို ရှေ့နောက်မ စဉ်းစားဘဲ လုပ်ပေးရသလား ဆိုပြီး ငါ့မိဘတွေကို တစ်မျိုး ပြောချင်တဲ့ သူတွေကို ငါကြုံ ရတယ်။ တကယ်တမ်းကျ တော့ ငါ့မိဘတွေက ငါ ဖြစ်ချင်တာကို ဖြည့်ဆည်း ပေးခဲ့ကြတယ်ဆိုတာ ငါ့မှာ သူတို့ ယုံကြည်နိုင်လောက် စရာ အခြေအနေတွေကို ပြနိုင် လို့ပါ။ ငါကိုယ်တိုင်လည်း ဒီအလုပ်ကို လုပ်ခဲ့တယ်။  အောက်ခြေသိမ်းက အစ ငါ သိတယ်။ တတ်ထားတယ်။ နားလည်ထားတယ်လေ။ စွန့် လိုက်တာက မမြတ်ရင် တောင် ဘယ်လိုမှ မရှုံးနိုင် မှန်းသိလို့ ငါတို့ ဆုံးဖြတ်ခဲ့ ကြတာပါ။ တကယ်လုပ် တော့လည်း ဘယ်နေရာမှာမှ ဟာကွက် မရှိအောင် ငါကိုယ် တိုင်လုပ်တယ်။ ချုပ်တဲ့နေရာ၊ ဖြန့်တဲ့နေရာ၊ ငွေကောက်တဲ့ နေရာ အကုန်လုံး ငါ့ခြေငါ့ လက်နဲ့ လုပ်တယ်။ အဆင် ပြေလာလို့ လူငှားလာရတော့ လည်း ငါ အကုန်သိနေတတ် နေတော့ ဘယ်သူမှငါ့ကို လိမ် လို့မရတော့ဘူး။ အဲဒီကနေ ကိုယ်နဲ့ ဆက်စပ်ရာ အထည် စဆိုင်တို့၊ စက်ချုပ်ပစ္စည်းတို့ ကနေ မျက်စိထဲဝင်လာတဲ့ တခြားအလုပ်လေးတွေပါ မီးခိုးကြွက်လျှောက်လုပ်လာ လိုက်တာ အခုလို အဆင် ပြေလာတာပဲ။ ငါ့ကိုယ်ငါ တော်တယ်တတ်တယ်လို့ ပြောနေတာ မဟုတ်ဘူး။ စွန့် သင့်တာစွန့်ရင် စားထိုက်တာ ကို မလွဲမသွေစားရတဲ့ အကြောင်းပြောပြတာပါ။ နင်တို့ကိုလည်း ပြောပြချင် တယ်။ ဘ၀ကို ဒီအတိုင်း ရပ်မနေကြပါနဲ့။ လောကကြီး မှာ ငွေရှာဖို့ အကောင်းဆုံး၊ ဘ၀တိုးတက်လမ်းရှာဖို့ အကောင်းဆုံး အရွယ်ဆိုတာ တို့လို နှစ်ဆယ်နဲ့ သုံးဆယ် ကြားအရွယ်ပါ။ ခွန်အား လည်း ရှိတယ်။ ဉဏ်လည်း ထက်မြက်သေးတယ်”


၅။
“ဟုတ်တယ် မြလေးရဲ့။ ငါ့ကိုလည်း ပြောတယ်။ နင်အခု လုပ်နေတဲ့ အလုပ်ဟာ နင့်အတွက် အဆင်ပြေတယ် ဆိုရင်တော့ လုပ်ပါ။ လူတိုင်း ဟာ ကိုယ့်ဘ၀ ရပ်တည်မှု အကြောင်း ကိုယ်တိုင်သာ အသိဆုံးပဲလေတဲ့။ တကယ် လို့ အဆင်မပြေဘူးဆိုရင် တော့ လုပ်ချင်တာရှိရင် သူ့ကို ပြောပါ။ ငါတို့နှစ် ယောက်အတွက်ဆိုရင် သူ့ ဘက်က လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့ရာ အမြဲအဆင် သင့်ပါပဲတဲ့”

“ငါ့ကိုလည်း အဲဒီလို ပြောတယ် နွယ်နီရဲ့”

“သေချာ စဉ်းစားတော့ လည်း ဟုတ်ပါတယ်။ ငါ့ဘ၀ဆိုရင် နင်လည်းသိ တာပဲ။ ငါ့အဖေကလည်း တစ်သက်လုံး ကြုံရာကျပန်း အလုပ်နဲ့ အသက် မွေးလာရတာ။ ကြုံရာကျပန်း ဆိုတော့ ပုံမှန် ၀င်ငွေက မရှိ။ ဒီတော့ ငါတို့ ငယ်ငယ်ကတည်းက အမြဲကျပ်တည်းလာတာ။ ငါ့ အမေကလည်း ရိုးရိုးအအ ဆိုတော့ ဘာမှ မလုပ်တတ်။ အခု ငါလုပ်နိုင်လာတော့ လည်း အဖေကမှ မလုပ်နိုင်တော့တာ။ ငါ့အဒေါ်က သူ့ အလုပ်မှာ ခေါ်ထား။ အချက်အပြုတ် ပညာတွေသင်ပေး၊ အစားကျွေး၊ အ၀တ်လည်း ဆင်၊ ဒီကြားထဲ လခက လည်း ပေးသေးတယ်။ သူ စိမ်းဆိုရင် ဒီလိုအခွင့်အရေး မျိုး ဘယ်ရမှာလဲ။ ငါ့အဒေါ် ခမျာလည်း ငါ့အိမ်က မပြေ လည်မှန်းသိလို့ သူတတ်နိုင် သလောက် လုပ်ပေးရှာတာ လေ။ ကျဉ်းထဲကျပ်ထဲရောက် နေရတဲ့ ငါ့ဘ၀ကသာ မပြေ လည်လာတာ။ ဘာမှသာ မဟုတ်တာ။ ဆယ်နှစ်ရှိပြီ မြလေးရဲ့။ မိုးလင်းလို့ မျက်စိ နှစ်လုံးပွင့်တာနဲ့ ငါ့အဒေါ်ရဲ့ စား သောက်ဆိုင်ကလေးကို သွား။ လုပ်စရာရှိတာလုပ်။ အိပ်ချိန်မှ အိမ်ပြန်။ ရက် သုံးဆယ်ပြည့်ရင် ငါ့အမေက လခလာထုတ်ရော။ တစ်နှစ် နေလို့လည်း ရွှေတစ်ပဲမစုနိုင် ဘူး။ နှစ်နှစ်နေလို့လည်း လက်ထဲ ပိုက်ဆံသောင်းငွေ မကပ်ဘူး။ ငါ့အဒေါ်ဘက် ကတော့ ၀တ္တရားအကျေလွန် ပါတယ်။ သူ့ဘက်ကလည်း တတ်နိုင်သမျှ ကြည့်ရှုစောင့် ရှောက်ပေးရှာတာပါပဲ။ ဒီ တော့ ငါလည်းတစ်ခုခု စဉ်း စားရင် ကောင်းမလားလို့”

“ဒီတော့ နင်က ဘယ် လိုလုပ်ချင်လို့လဲ”

ကျွန်မကို လှမ်းကြည့် လိုက်သည့် နွယ်နီ့အကြည့် တွေထဲမှာ အဓိပ္ပာယ်တွေ အများကြီးပါနေသည်။
“နင်ကော မြလေး”
ကျွန်မ ဘာဖြေရမှန်း မသိခင် နွယ်နီကပဲ ဆက် ပြောပါသည်။
“ငါတို့နှစ်ယောက် လိုက်မယ်ဆိုရင် သူ့ဘက်က အလုပ်တွေစီစဉ်ပေးဖို့ အဆင် သင့်ပဲလို့ အိပန်ကပြောတယ်”

နှစ်ယောက်သားတစ် ခဏမျှ အကြည့်ချင်းဆုံလိုက် မိကြပါသည်။

၆။
မေမေက “စဉ်းစားကြ သေးတာပေါ့ကွယ်” ဟု ခပ် ဆဆဖြေသည်။
စဉ်းစားနေရင်းမှပင် ကျွန်မ၏ အလုပ်တွေကို လည်း ပုံမှန်လုပ်နေရပါ သည်။ တစ်ရက်နှစ်ရက်နေ လျှင် အိပန်တို့ပြန်ပေလိမ့် မည်။ အခုထိ ကျွန်မဆုံးဖြတ် ချက်မကျနိုင်သေး။ နွယ်နီ တစ်ယောက်လည်း ဘယ်လို နေမည်မသိ။

၇။
အိပန်နောက်သို့ ကျွန်မ တို့ မလိုက်သွားဖြစ်လိုက်ကြ ပါ။ နွယ်နီနှင့် နှစ်ယောက် သားဆုံလျှင်ဖြင့် ပြောဖြစ်ကြ ပါသည်။

“စဉ်းစားကြည့်တော့ လည်း မချောင်လည်ဘူးဆို ပေမဲ့ လောလောဆယ် ငါ့ အလုပ်က အခြေကျနေပြီဟ။ လက်ထဲမှာ သုံးစရာပေါပေါ များများ မကိုင်ရပေမဲ့ တစ် လတစ်လစားဖို့ မပူရဘူး။ ၀တ်ဖို့မပူရဘူး။ သူစိမ်းတွေ လို အလုပ်ရှင်မျက်နှာကြည့် နေစရာလည်း မလိုဘူး။ ငါ့ မိဘတွေလက်ထဲကိုလည်း ငွေမှန်မှန်ထည့်နိုင်တယ်။ အိပန်ပြောသလို နေရာ ကောင်းကောင်းမှာ လခ ကောင်းကောင်းရတယ်ပဲထား ဦး။ ခဏလုပ်ပြီး အကြောင်း ကြောင်းကြောင့် အဆင် မပြေလို့ ငါမလုပ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ။ ငါမလုပ် ချင်တော့ရင် ငါ့မိသားစု လည်း ဒုက္ခရောက်မယ်။ ငါလည်း စိတ်ညစ်ရမယ်။ ပြီး တော့ သူများလက်အောက် မှာ လုပ်ရမှာက ငါ့အဒေါ်ဆိုင် မှာ လုပ်ရတာလောက် ပျော်ပါ့မလား။ ဒီတော့ ဒီအတိုင်း ပဲ ကောင်းပါတယ်ဆိုပြီး မလိုက်ဖြစ်တော့တာ။ ငါ့ကို တော့မေးပြီး နင်ကျတော့ကော မြလေး”

ကျွန်မကလည်း ပြုံးမိ ရင်းမှ “နင့်လိုပဲပေါ့” ဟု ဖြေ မိရသည်။
ဟုတ်သည်လေ။ ကိုယ့် အလုပ်ကိုပစ်ပြီး အိပန်နောက် လိုက်သွားရာက အဆင်မပြေ လျှင် ကိုယ့်ဘာသာကိုယ်နေ သားကျပြီးသားအလုပ်ကို တစ်ကပြန်စရမှာမလွယ်။ မေမေကလည်း “ကိုယ့်ကံရှိ သလောက်ပဲ စားတာပေါ့ သမီးရယ်။ ကိုယ့်အလုပ်ကို စွန့်ပြီးသွားလုပ်လို့ ဖြစ်ခဲ့ရင် ကောင်းပါရဲ့။ မဖြစ်ခဲ့ရင် ကိုယ်အခြေ ကျနေတဲ့ ဘ၀လည်း ကသီလင်တဖြစ်။ တစ်ကပြန် စဖို့ရာလည်း မလွယ်ဖြစ် တော့မှာ” ဟု ဆိုသည်။

ဒီလိုနှင့်ပဲ။
တကယ်တော့လည်း လူရယ်ဟုဖြစ်လာပြီးနောက် ဘ၀ရပ်တည်မှုအတွက် ရုန်း ကန်ကြရာမှာ အိပန်ပြောသလို ပင် စွန့်သင့်သည်ကိုစွန့်တတ် သူတွေသာ စားထိုက်သည်ကို စားကြရသည် အမှန်ပင်။ သမာအာဇီဝနည်းဖြင့် မဟုတ် ဘဲဖြတ်လမ်းလိုက်သူများ ကိုတော့ မဆိုလိုပါ။ သည် လိုဆိုတော့လည်း လောက ကြီးကိုမမျှတဟု ဘယ်သူ စွပ်စွဲချင်ပါသေးသလဲ။ ဆင်း ရဲရဲ ချမ်းသာသာ နိမ့်နိမ့်မြင့် မြင့် ကိုယ်နှင့်ထိုက်၍သာ ကိုယ့်နေရာဖြစ်လာကြခြင်း ပင်။ ကိုယ်မလုပ်နိုင်သည် ကိုယ်မလုပ်တတ်သည်ကို သူတို့ လုပ်နိုင်ကြ၍ ကိုယ်မရ နိုင်သည့်နေရာမျိုး သူတို့ရ ထားကြခြင်းဖြစ်သည်။ စွန့်စားရဲသူတွေနှင့် ယှဉ်တော့မှ မစွန့်စားရဲသူ ကိုယ်လိုလူတို့ ၏နေရာကိုလည်း ပီပီပြင် ပြင် မြင်လာမိရပါသည်။

နွယ်နီက ရှုံ့မဲ့လျက်ပြော သည်။
“ငါတို့ကတော့ အိပန် ပြောသလိုပါပဲ။ အများကြီး သာစားချင်တာ။ ကိုယ့်နေရာ သေးသေးလေး ပျောက်မှာ ကြောက်ပြီး မစွန့်ရဲမှတော့ ငတ်တာ မဆန်းပါဘူးဟယ်”

“လူ့ဘ၀မှာ ဒါဟာ လည်း တစ်မျိုးရှုံးတာပဲထင် တယ်နော် နွယ်နီ”
“ရှုံးတာတော့ မဟုတ် ပါဘူး။ မမြတ်တာပေါ့။ အဲဒီလို မမြတ်တဲ့ အပြင် ရှုံးတဲ့လူ တွေလည်း ငါတို့ဝန်းကျင်မှာ ရှိတယ်ဟ။ ကိုယ်တိုင်လည်း လုပ်နိုင်တဲ့ အစွမ်းအစ မရှိ။ လုပ်နိုင်လို့ ရထားသူတွေရဲ့ “နေရာ” ကိုလည်း မုဒိတာ မပွားနိုင်။ သူတို့ကမှ မိအေး နှစ်ခါနာ အစစ်”

“နင် ဘယ်သူ့ကို ပြော နေတာလဲ”
“ဟိုမှာလေ”

လျှောက်နေရာမှ ခြေလှမ်းရပ်ကာ နွယ်နီက မေး ငေါ့ပြသည်။
ကျွန်မ လှည့်ကြည့် လိုက်သည်။
ဟုတ်သား။ အိပန်ပြန်သွားသည်မှာ သုံးနှစ်မျှရှိပြီ။ ကျွန်မနှင့် နွယ်နီလည်း သည် အတိုင်း။ လွင်လွင်ခိုင်လည်းသည် အတိုင်း။ စက်ကလေး တဂျုန်းဂျုန်းချုပ်လို့။
ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

တွင်း

အသားချင်း ခပ်ပြင်းပြင်း ထိခတ်သွားတဲ့ “ခွပ်”ခနဲ အသံနဲ့ အတူ ကျွန်တော့် မေးရိုးတစ်လျှောက် မီးစနဲ့ အထိုး ခံလိုက် ရသလို ထူပူသွားတယ်။

အဖေ့ လက်သီးချက် ပြင်းထန်လှပုံက ကျွန်တော်တောင် ဟန်ချက်ပျက် ယိမ်းယိုင် သွားရတဲ့ အထိပါပဲ။

“ရှင်၊ လွန်မယ်နော် ကိုစိုး”

“အဖေ၊ မောင်လေးကို မလုပ်ပါနဲ့ အဖေရယ်”

အမေနဲ့ မမက အလန့်တကြား ၀ိုင်းအော်ပြီး အဖေ့ကို ၀င်ဆွဲ သူကဆွဲ၊ ကျွန်တော့်ကို လာတွဲသူက တွဲပေါ့။ မော့အကြည့်မှာ မြင်ရတဲ့ အဖေ့ မျက်ဝန်းအစုံက မီးဝင်းဝင်း တောက်လို့။ အဖေ ဒီလောက် ဒေါသ ထွက်နေပုံကို မြင်ဖူးတာ ကျွန်တော့် ဘ၀မှာ ဒါ ပထမဆုံး အကြိမ်ပါ။“ပြောလေ ဟေ့ကောင် နောက်တစ်ခေါက် ထပ်ပြောဦးကွာ။

ကျွန်တော် မမှားဘူးလို့ ထပ်ပြောဦး လေကွာ။
“လူက လက်တောင့်လောက်နဲ့ စကားကြီး စကားကျယ် ပြောချင်တဲ့ကောင်။ လောကကြီး အကြောင်း မင်း ဘယ်လောက် နားလည်လို့လဲ”

အံတင်းတင်းကြိတ် လိုက်တော့ ပါးစပ်ထဲမှာ ငန်ကျိကျိ အရသာကို ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော် ခေါင်းမငုံ့ပါဘူး။ ပြီးတော့ မပြောင်းလဲသေးတဲ့ လေသံနဲ့ စောစောကလိုပဲ ယတိပြတ် ပြောလိုက်တယ်။
“ဟုတ်တယ်... ကျွန်တော် ဘာမှ မမှားခဲ့ဘူး အဖေ”

“ဟာကွာ၊ ဒီကောင်”

ခဏ အတွင်းမှာပဲ ကျွန်တော်တို့ အိမ်ထဲ ဆွဲလွဲသံ၊ အော်ဟစ် တားမြစ်သံတွေနဲ့ လှုပ်ခတ်ဆူညံ သွားတယ်။ နောက် ဆယ်မိနစ်လောက် အကြာမှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကျွန်တော် တစ်ယောက် လမ်းပေါ် ရောက်နေပါပြီ။ ပါးပေါ်က ထုံကျဉ်နေတဲ့ ဒဏ်ရာကို လက်နဲ့ဖွဖွ စမ်းမိတာ ပေမယ့် စူးစူးနစ်နစ် နာကျင် သွားတာက ကျွန်တော့် ရင်ဘတ်ထဲကပါ။ ခွင့်လွှတ်ပါ အဖေ။ အဖေ့ကို ကျွန်တော် မရိုမသေ မလေးစားတဲ့ သဘောနဲ့ အာခံတာ မဟုတ်ပါဘူး။ ကျွန်တော် ယုံကြည်မိတဲ့ အမှန်တရားကို ကာကွယ် လိုက်တာပါ။

“မင်းအနေနဲ့ကတော့ အမှန်တရားကို ကာကွယ်တာ ပေါ့လေ။ ဒါပေမဲ့ မင်းမိဘတွေ နေရာက ကြည့်ရင်တော့ မင်းလုပ်ရပ်ကို ယူကျုံး မရစရာ ဖြစ်ရှာ လိမ့်မပေါ့ကွယ်။ သူသူကိုယ်ကိုယ် ကိုယ့်သား သမီးကို အရွယ် မတိုင်ခင် လမ်းမှားရောက်မှာ၊ အညွန့်ကျိုးမှာ၊ ပတ်ဝန်းကျင်တံ တွေးထွေး ခံရမှာ စိုးရိမ်ကြရှာ မှာပဲ။ သားကရော ဒီကလေးမကို တကယ် ရိုးရိုးသားသား ခေါ်တင်ခဲ့တာလားဟင်”

ကျွတ်၊ ဆရာမကတောင် ဒါမျိုး မေးနေပြီ။ ကျွန်တော့်ကို “လူဖြောင့် လေး” လို့ ခဏခဏ ခေါ်တတ် တဲ့ ဆရာမ ကိုယ်တိုင်ကတောင် ဒီမေးခွန်းမျိုး မေးနေ ပြီလေ။ ကျွန်တော် ပြောချင်တာက ဒါပါပဲ။ အင်းလေ.. ဆရာမ မပြောနဲ့။ ကျွန်တော့်ကို ဒီအသက် ဒီအရွယ်ထိ ရောက်လာအောင် ကျွေးမွေး သုတ်သင် ပေးခဲ့တဲ့ မိဘနဲ့ အစ်မ ကိုယ်တိုင်ကတောင် ကျွန်တော့်ကို မယုံကြတော့တဲ့ ဥစ္စာ။ တကယ်ဆို ကျွန်တော် ဘာကောင်လဲ သူတို့သိတယ်။ ကျွန်တော် ဘယ်လိုစိတ်ဓာတ် ဘယ်လို ခံယူချက်မျိုးနဲ့ လူလဲ ဆိုတာလည်း သူတို့ သိကြပါတယ်။ ဒါပေမဲ့ တကယ် အရေးကြုံလာတော့ အဲ့ဒီယုံ ကြည်မှုကို သံသယ စိတ်တွေနဲ့ လှိုက်စားဝါးမျို ပစ်လိုက်ကြတာ ဘယ်လောက် အံ့သြဖို့ ကောင်းသလဲ။ တစ်ချက် ကလေး စမ်းသပ်စရာ ပေါ်လာတာနဲ့ တစ်သက်လုံး ကောင်းအောင် နေလာသမျှ အပေါ် အယုံအကြည် လျော့ပြီး သူတို့ ထင်မြင်ရာဘက် လဲပြို ယိမ်းယိုင် သွားလိုက်ကြပုံက တညီတညွတ်တည်း။

ကျွန်တော် ချက်ချင်း နှုတ်ဆိတ်သွားတော့ ဆရာမ မျက်နှာထားလည်း ပြောင်းသွားတယ်။
“ဟိုလေ၊ ဆရာမ ပြောတာက သားစကားကို မယုံကြည်ဘူး ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးနော်။ ဒါပေမဲ့ သားတို့ အရွယ်ဆိုတာ သိပ်နုနယ် လွန်းသေးတယ်။ လောက ပရိယာယ်ဆိုတာ ဘာမှန်း မသိအောင် ငယ်ရွယ် လွန်းပါသေးတယ် သားရယ်”
ဒီလို ပြောကြစတမ်းဆို “ချိုသဲဦး”က ကျွန်တော့်ထက်တောင် တစ်နှစ်လောက် ပိုငယ်သေးတယ် မဟုတ်လား။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို ဆုံးမ ကြရာမှာ ချိုသဲဦးဘက်ကို ဘယ်သူမှ ထည့်မပြောကြတာ အံ့သြစရာပါ။

“ဒါက ဘယ်လဲသား”

“ကျော်သူရတို့ဆီ ခဏ သွားမလို့ ဆရာမ”

ထရပ်လိုက်တဲ့ ကျွန်တော့်ရှေ့ ဖျတ်ခနဲ ပိတ်ဆီးရပ်လိုက်တဲ့ ဆရာမ မျက် ၀န်းတွေက ခါတိုင်း ကျွန်တော် မြင်တွေ့နေကျ သာမန်စိုးရိမ် ဂရုစိုက်မှု အဓိပ္ပာယ်ထက် အများကြီး ပိုသာနေတယ်။ ဆယ်တန်းတုန်းက ကျွန်တော်တို့ သူငယ်ချင်း တစ်စု ဆရာမ အိမ်မှာ စာကျက်ပြီး ပြန်တော့ မယ်ဆိုရင်- “ရန်မဖြစ်ကြနဲ့နော် ကိုယ့်အိမ်ကိုယ် တန်းတန်း မတ်မတ်ပြန်ကြ” ဆိုတဲ့ အဓိပ္ပာယ်ထက် ပိုသာနေတဲ့ စိုးရိမ် ပူပန်ရိပ် မျိုးပေါ့။

ထွင်းဖောက် သိမြင်နိုင်တဲ့ဉဏ် ရမထားပေမယ့် ကျွန်တော် သိလိုက်ပါတယ်။ သူတို့က ကျွန်တော် အရွဲ့ တိုက်ပြီး (သူတို့အထင် ရှက် ရမ်းရမ်းပြီး) ချိုသဲဦးဆီ ရောက်သွားမှာ စိုးရိမ် နေကြတာ။ “လောလောဆယ် ပါးက ဒဏ်ရာကြီးနဲ့ ဘယ်မှ လျှောက်မသွားနေနဲ့ဦး သားရယ်။ ထမင်းလည်း မစားရ သေးဘူး မဟုတ်လား။ လာ- ဆရာမ ထမင်း ခူးကျွေးမယ်။ ပြီးရင် သားတို့ အရင်က အိပ်ခဲ့တဲ့ ခန်းထဲမှာပဲ အိပ်ရာ ပြင်ထားပေးမယ်။ ခဏလောက် နားနားနေနေ နေလိုက်”

ရပ်ကွက်အထွက် ဘောလုံး ကွင်းစပ်မှာ ထိုင်နေတဲ့ ကျွန်တော့်ကို ဆရာမ လိုက်ခေါ်လာတာပါ။ အမေနဲ့ မမက ဆရာမကို အကျိုးအကြောင်း သွားပြောပြပြီး လိုက်ခေါ်ခိုင်းတာ ဖြစ်မှာပေါ့။ ဘောလုံး ကွင်းစပ်သစ် ပင်ကြီးဘေးက ရေတွင်း ပျက်ထဲ ငုံ့ကြည့်နေတဲ့ ကျွန်တော့်ကို မြင်မြင်ချင်း ဆရာမ မျက်စိမျက်နှာ အကြီး အကျယ် ပျက်သွားတာ တွေ့တော့ စိတ်ညစ်နေတဲ့ ကျွန်တော်တောင် ရယ်ချင်ပက်ကျိ ဖြစ်သွားရသေးတယ်။

ကိစ္စ တစ်ခုကို စိတ်ထဲ အမှားအမှန်သေချာမှ ယုံကြည်တတ်တဲ့ ကျွန်တော့်လို ကောင်က ဒီလို မအပ်မရာတွေ ကြံစည်ပါ့မလား စဉ်းစားကြည့်။ ကျွန်တော်က မှောင်မည်းနေတဲ့ ဒီရေတွင်း ပျက်ကြီးရဲ့ တစ်ဆုံးဟာ ဘယ်အထိ ပါလိမ့်လို့ ငုံ့ကြည့် နေတာပါ။ ဘာကြောင့်ရယ် မသိဘူး။ အဲဒီရေ တွင်းပျက်ကြီးကို ကျွန်တော် ငယ်ငယ်ကတည်းက စိတ်ဝင်စားတာ။ ဘယ်ကတည်းက ရှိနေတာလဲ။ ဘယ်အချိန်က စပြီး သုံးမရတော့တာလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဘယ်သူတွေကမှလည်း ရေရေရာရာ မပြော နိုင်ကြပါဘူး။ ပြီးတော့ သူ့ဟာသူ တိတ်တိတ်ဆိတ် ဆိတ်ရှိနေတဲ့ ရေတွင်း ပျက်ကြီးကို ကျွန်တော့်လောက် ဘယ်သူမှ အထွေအထူး စိတ်မ၀င် စားကြတာလည်း ပါမှာပါ။ ရေတွင်းပေါင်က တော်တော်မြင့်တော့ ငယ် ငယ်ကဆို ခြေဖျားထောက် ကြည့်တာတောင် မေးဖျား တင်ကြည့်လို့ ရရုံပဲမီတယ်။ ကြီးလာလို့ အရပ်ရှည်လာ တဲ့အခါ ကောင်းကောင်း မြင်ရမှာပဲလို့ ကျွန်တော် ငယ်ငယ်က စိတ်ကူး ကြည့်ဖူးတယ်။ ဒါပေမဲ့ အခုလို အရွယ် ရောက်လာချိန် သေချာငုံ့ ကြည့်လာ နိုင်တော့လည်း အဆုံးကို မမြင်ရသေးပါဘူး။ မှောင်နေတာပဲ တွေ့ရတယ်။ ခဲလုံးပစ်ချကြည့်ရင် “ပလုံ” ဆိုတဲ့ မြည်သံသဲ့သဲ့တော့ ခပ် ဝေးဝေးခွာပြီး ကြားရ သလိုလိုပါပဲ။

ခုလည်း အိမ်ပေါ်က ဆင်းလာပြီး ဘယ်သွားရမှန်း မသိလို့ ခါတိုင်းလို ရေတွင်း ပျက်နား သွားရပ်ကြည့်နေ မိတာကို ဆရာမက တစ်မျိုး ထင်သွားတာ။ အမှန်အတိုင်း ပြောရရင် အဖေ့ ဒေါသကြောင့်သာ မာနနဲ့ ထွက်လာခဲ့ပေမယ့် ဘယ်သွားမယ် ဘယ်လာမယ်လို့ ကျွန်တော် မစဉ်းစားရ သေးပါဘူး။ အိပ်ဖို့တော့ မပူပါဘူး။ ကင်းတဲက တစ်ယောက်ယောက်နဲ့ ၀င်တိုးဝှေ့ အိပ်အိပ်။ ကျွန်တော် အမြဲစာ သွားလုပ်နေကျ ဘုန်းကြီးကျောင်းက ကပ်္ပိယကြီးနဲ့ သွားအိပ်အိပ် ရပါတယ်။ သူများဆီ တစ်လုတ်တစ်ဆုပ် နှိုက်ဖို့ စိတ်မကူးတဲ့ ကျွန်တော့် အတွက် စားဖို့သာ လောလော ဆယ် ခက်ရင်ခက်မယ်။

ကျွန်တော် အခုမှ ဒုတိယနှစ် ကျောင်းသားပါ။ ကျောင်းပိတ်လို့ ပြန်လာတာ။ ကျောင်းသားဆိုတော့ ဟုတ်တိပတ်တိ အလုပ် မလုပ်ဖူး သေးဘူးလေ။ ဒါပေမဲ့ ကျွန်တော် မပူ ပါဘူး။ ယောက်ျားပဲ၊ ကိုယ့် တစ်ဝမ်း တစ်ခါးတော့ ဘယ်လို ရှာစားစား မငတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ သူများတွေကတော့ ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ ကောင်လို့ ထင်ချင် ထင်ကြမယ်။ တကယ် လက်တွေ့ကျကျ ကိုယ့်ဝမ်းကိုယ် ကျောင်းရတဲ့ အခါ ထင်သလောက်လည်း လွယ်ကူချင်မှ လွယ်ကူမှာပေါ့။

ဒါပေမဲ့ လွယ်တာ၊ ခက်တာထက် ယောက်ျားတစ်ယောက် အနေနဲ့ ကိုယ့်ဘ၀ခံ ယူချက်ကို စိတ်ထဲရှိတဲ့ အတိုင်း ပြောပြတာပါ။ ကျွန်တော့် ဘ၀မှာ လုံးလုံး မကြောက်တာ နှစ်ခုရှိတယ်။ တစ်ခုက ထမင်းငတ်မှာ၊ နောက်တစ်ခုက ကျွန်တော် မမှားရင် ဘာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကြောက်တာ။

ကျွန်တော့်အကြောင်း သိတဲ့ ကျွန်တော့် မိသားစုနဲ့၊ ဆရာမ၊ သူငယ်ချင်းတွေ အားလုံးက ကျွန်တော့်ကို “လူဖြောင့်စိတ်တို”လို့ ခေါ်ကြတယ်။ တကယ်တော့ စိတ်တိုတာ မဟုတ်ပါဘူး။မဟုတ်တာ လာပြောရင်၊ လာ လုပ်ရင် သူများတွေထက် ပို နာတတ်တာပါ။ မှန်တယ် ထင်ရင် ခေါင်းမာမာနဲ့ ပေခံ တတ်တာပါ။

ခုတော့ ဘာမဟုတ်တာလေးနဲ့ သူတို့ သတ်မှတ် လာခဲ့ တဲ့ “လူဖြောင့်”ဘွဲ့ကို ချောင်ထိုးပြီး ကျွန်တော့်ကို လူရှော် တစ်ယောက်လို ၀ိုင်းကြည့် လိုက်ကြတာ တကယ် အံ့သြဖို့တောင် ကောင်းတယ်။ ဒါ တောင် သူငယ်ချင်းတွေနဲ့ မတွေ့ ရသေးလို။့ ခုလောက်ဆို သူတို့လည်း သိသူတွေ သိလောက်ရောပေါ့။ တွေ့ရင် ဘာပြောကြဦးမလဲ မသိသေးဘူး။ လောလောဆယ်တော့ ဆရာမအိမ်က ကျွန်တော်တို့ နေခဲ့တဲ့ အခန်း ဟောင်းလေးထဲမှာ ခြေချူပ် မိနေရဦးမှာ သေချာတယ်။ စိတ်ပျက်ပျက်နဲ့ အိပ်ရာပေါ် လှဲချလိုက်မိတော့ မနေ့ည က အဖြစ်အပျက်တွေက ခေါင်းထဲမှာ အစီအရီ ပေါ်လာပြန်ရော။

အင်တာနက်ဆိုင်ကနေ ကျွန်တော် ပြန်လာတော့ ညဆယ့်တစ် နာရီလောက် ရှိနေပြီ မို့လမ်းပေါ် လူပြတ်သလောက် ဖြစ်နေပါပြီ။ အိမ်ကို သေချာ မှာခဲ့လို့ ကျွန်တော်အပြန် နောက်ကျမှာကို စိုးရိမ်ကြမှာ မဟုတ်ပါဘူး။ တိတ်ဆိတ်နေတဲ့ လမ်းပေါ်မှာ ကိုယ့်အတွေးနဲ့ကိုယ် ဖြည်းဖြည်း မောင်းလာတဲ့ ဆိုင်ကယ် မီးရောင်ရှေ့မှာ ချိုသဲဦးကို တွေ့လိုက်ရတော့ ရုတ်တရက် ကျွန်တော် အံ့သြသွားတယ်။

ဒါပေမဲ့ ခဏပါပဲ။ ချိုသဲဦးလို မိန်းမ တစ်ယောက် အနေနဲ့ ဒီအချိန် ဒီလို လမ်းပေါ်မှာ ရောက်နေတာ ဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလို့ သိပ်မကြာခင်မှာ ကျွန်တော့် ဘာသာပြန် ဆင်ခြင်မိလိုက်လို့ပေါ့။ ဆံပင်ကောက် ထားပြီး ဂျင်းဘောင်းဘီ ၀တ်ထားတဲ့ ချိုသဲဦးကတော့ လမ်းပေါ်မှာ လက်ကလေး ပိုက်ရင်း ငိုက် စိုက်ငိုက်စိုက်နဲ့ သွားနေတယ်။ ရုတ်တရက် ကျွန်တော့် ခေါင်းထဲကို အတွေးတွေ ပြေးဝင်လာတယ်။ ဒီရပ်ကွက် ဆိုတာ ကျွန်တော်တို့ ရပ်ကွက်နဲ့ အဝေးကြီးလည်း ဖြစ်တယ်။ ချိုသဲဦး လျှောက်နေပုံ ခြေလှမ်းနှုန်းနဲ့ဆို အိမ်ရောက်ဖို့ရာ နာရီဝက်လောက်တော့ အသာလေး လျှောက်ရဦးမှာ သေချာတယ်။

စဉ်းစားကြည့်ဗျာ။ ညကလည်း မိုးချုပ်နေပြီ။ လူခြေကလည်း တိတ်ဆိတ်လို့။ ပြီးတော့ ဆောင်းကူး ကာလကလည်း ဖြစ်တော့ နှင်းတွေက ကျချင်နေတဲ့ အချိန်။ ကျွန်တော်တောင် အနွေးထည် ခပ်ထူထူ ၀တ်ထားတဲ့ ကြားက ဆိုင်ကယ်မြန်မြန် မမောင်းနိုင်ဘူး။ လေတိုးရင် စိမ့်နေအောင် အေးလွန်းလို့လေ။

ပြောနေရတာသာ ကြာတာပါ။ တကယ့် လက်တွေ့မှာ ချိုသဲဦးကို ကျွန်တော် ဖျတ်ခနဲ လှမ်းတွေ့ချိန်နဲ့ ခေါင်းထဲ အတွေးတွေ ၀င်လာ ပြီး ဆုံးဖြတ်ချက် ချလိုက်ချိန်ဟာ အလွန်ဆုံး ငါးမိနစ်ထက် မပိုပါဘူး။ သူ့ဘေးကို ကျွန်တော့် ဆိုင်ကယ် ကျွိခနဲ ထိုးရပ်လိုက်တော့ ချိုသဲဦးက ခပ်တည်တည်နဲ့ မော့ကြည့်တယ်။ မအံ့သြဘူးဗျ။ သူအံ့ သြသွားတာက သူမော့ကြည့် မိသူဟာ ကျွန်တော်ပါလားလို့ သိသွားတဲ့ အချိန်ပါ။

“ချိုသဲဦး အိမ်ပြန်မလို့ လား”
သူ မျက်လုံးတွေ ၀ိုင်းနေအောင်ကို အံ့သြသွားတာ။ ဒါပေမဲ့ ခဏပါ။

အသံတိုးတိုးနဲ့ -
“ဟုတ်” တဲ့။

တိုတိုတုတ်တုတ် တစ်ခွန်းတည်းပဲ။ သူ ကျွန်တော့်ဆိုင်ကယ် နောက်ခုံပေါ် စွေ့ခနဲ ရောက်လာတယ်။ သူ့ဆီက ရတဲ့ အမွှေးနံ့ကြီးက စူးရှလိုက်တာ။ ချိုအီအီနဲ့ တစ်မျိုးပဲဗျ။ သူ ဘယ်က ပြန်လာတာလဲ။ ဘာဖြစ်လို့ တစ်ယောက်တည်း ပြန်လာတာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော် မမေးပါဘူး။ မေးစရာမှ မလိုတာ။ မမေးဘဲနဲ့လည်း ကျွန်တော် သိနေမှာကို သူ သိမှာပဲလေ။ အပိုအလုပ်တွေ ကျွန်တော် ၀ါသနာ မပါဘူး။

အဲ- သူကတော့ ကျွန်တော့်ကို မေးတယ်ခင်ဗျ။ ဘယ်က ပြန်လာတာလဲ၊ ဒီ အချိန်ကြီးတဲ့။ ပုံမှန်အားဖြင့် ဆို၊ (ချိုသဲဦးသာ ချိုသဲဦး မဟုတ်ခဲ့ဘူး ဆိုရင်ပေါ့ဗျာ) ဒီမေးခွန်းဟာ ကျွန်တော် သူ့ကို မေးရမယ့် မေးခွန်းပါ။ ဒါပေမဲ့ ခုတော့ အခြေအနေ အရ သူက ကျွန်တော့်ကို ပြန်မေးနေတာ။

“အင်တာနက်ဆိုင်က”လို့ ကျွန်တော် ဖြေတယ်။

ဒါပဲ၊ ကျွန်တော်တို့ နှစ်ယောက် ဆိုင်ကယ် အတူစီး ပြန်လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ ပြောဖြစ်တဲ့ စကားက အဲဒီထက် မပိုဘူး။ ကျွန်တော့် ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ချိုသဲဦး ဘာတွေ တွေးလာမှန်း ကျွန်တော် မသိပေမယ့် ကျွန်တော် တွေးလာတာကတော့ ကျွန်တော်သိတဲ့ ချိုသဲဦး အကြောင်းပဲ။ ချိုသဲဦးကို ကျွန်တော် သိလာတာက ဟိုးကလေး ဘ၀ အရွယ်ကတည်းကပါ။ အတန်း မတူပေမယ့် တစ်ကျောင်းတည်းမို့ တစ်ခါတလေမှာ ဆော့ကစားရင်း ချိုသဲဦး ပါလာတာ တွေ့ကြုံဖူးတယ်။ ကျွန်တော်က မိန်းကလေးတွေနဲ့ သိပ်ရော ရောနှောနှော မခင်တတ်တော့ ခင်တော့ မခင်ပါဘူး။ အိမ်ချင်း ဟိုဘက်ထိပ် ဒီဘက်ထိပ် လည်းဖြစ်တော့ သိတော့ သိနေကြတယ်ပေါ့။

ချိုသဲဦး ဘယ်အချိန်က ကျောင်းထွက်သွားမှန်း ကျွန်တော် မသိလိုက်ပေမယ့် ချိုသဲဦးတို့ မိသားစု တော် တော်လေး မပြေလည်တာတော့ တစ်ရပ်ကွက်တည်း သားချင်းမို့ ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့ သိမြင် နေခဲ့ပြီးသားပါ။ နောက်တော့ ဘယ်လိုတွေ ဖြစ်ကုန်လဲ မပြောတတ်ဘူး။ အဲ့ဒီတစ်လော အတွင်း ချိုသဲဦး အကြောင်းကို ရပ်ကွက်ထဲက မိန်းမကြီးငယ်တွေ ခါတိုင်းထက် အရေးလုပ်ပြီး ပြောလာကြတာပဲ။ အိမ်က အမေနဲ့မမ ပါးစပ်ကလည်း ချိုသဲဦး နာမည်ကို မကြာခဏ ကြားရတတ်လာတယ်။

ရပ်ကွက်ထဲမှာ နေ့ချင်း ညချင်း ဆိုသလို ချိုသဲဦး တစ်ယောက် နာမည် ကြီးလာတယ်။ အတန်းထဲမှာ ကောင်မလေးတွေ ခေါင်းချင်းဆိုင်ပြီး တွတ်ထိုး နေတာကလည်း သူ့အကြောင်းပဲ။ ကျူရှင်မှာလည်း ကြားရ တယ်။ ဆရာမတွေကတော့- “ငါတို့ တပည့်မလေး သနားပါတယ်ဟယ်။ ကောင်မလေးက အနေအထိုင် ညံ့လို့ မဟုတ်ရှာပါဘူး။ မိဘတွေ တာဝန်မဲ့လို့၊ အထိန်းအသိမ်း ညံ့လို့ ဒုက္ခတွင်းထဲက ထွက်ပေါက် ရှာသွားတာ” လို့ တဖွဖွ ပြောနေကြ တာ ကြားရတယ်။ ကျွန်တော့် အမြင်အရ ဆိုလည်း ချိုသဲဦးကို ခပ်ပျံ ပျံမိန်းကလေးလို့ မထင်ပါဘူး။ သွားရင်းလာရင်း ကျောင်းတုန်းက အသိတွေနဲ့ ထိပ်တိုက်ဆုံရင် သူ့ခမျာ ခေါင်းတောင် မဖော်ရဲဘဲ ခြေကုန်သုတ် ပြေးတော့တာကို ကျွန်တော်အသိ။ အားလုံးအသိ။

ဒါဟာ သူကိုယ်တိုင် နှစ်သက်လို့ ရွေးချယ်ထားတဲ့ ဘ၀ မဟုတ်ဘူး။ မတတ်သာလို့ ဖက်တွယ် ထားရတဲ့ အလုပ်နဲ့ ပတ်သက်ပြီး ရှက်ရကြောက်ရ ကောင်းမှန်းသိတဲ့ ချိုသဲဦးကို ကျွန်တော် မရှုတ် ချမိတာ အမှန်ပဲ။ မဟုတ်တာလည်း လုပ်သေး၊ ခေါင်းမော့ပြီး ထီမထင်သလို ဂိုက်ဖမ်းနေတဲ့ လူတွေလည်း ကျွန်တော်တို့ ၀န်းကျင်မှာ တစ်ခါတလေ တွေ့ဖူးကြတယ် မဟုတ်လား။

ထင်မိတာကတော့ နှုတ်အားဖြင့်ရော အပြုအမူ အားဖြင့်ပါ တစ်ခါမှ အရေးအယူ မပြုဖူးပေမယ့် ညဘက်ကြီး လူခြေ ပြတ်နေတဲ့ လမ်းပေါ်မှာ ဆုံလိုက်တော့ ကျွန်တော့် ရင်ထဲ ရှိနှင့်နေတဲ့ အဲ့ဒီစိတ် အခံက ဗြုန်းခနဲ ပေါ်လာတာနဲ့ တူပါတယ်။

ဘုရားစူး ရပါစေ့ရဲ့၊ ကျွန်တော် ကျိန်တွယ် ပြောဝံ့တယ်။ ချိုသဲဦးကို ကျွန်တော် ဆိုင်ကယ်နောက် ခေါ်တင်လာတာ အဲ့ဒီ ခံစားချက်ထက် တစ်စက်ကလေးမှ မပိုဘူး။ ၀ယ်သူ ကျိုးတိုးကျဲတဲပဲ ရှိ တော့တဲ့ ရပ်ကွက်အ၀င် ညဈေးတန်း ရောက်တော့-
“အိမ်က ညီမလေးတွေ စားဖို့ ခေါပုတ်ကင် ၀ယ်ရဦးမယ်”
ဆိုပြီး သူဆင်း ကျန်နေရစ်တယ်။

ကျေးဇူးတင် ခံရဖို့ ကျွန်တော် မမျှော်လင့်သလို သူကလည်း ပြောဖို့ မေ့နေပုံ ရတယ်။ ကျွန်တော်က ကိုယ့် အိမ်ကိုယ် ပြန်လာတယ်။ ရုပ်ရှင်ကားသာဆို အဲ့ဒီမှာ The End ပဲ။ စိတ်ထဲမှာလည်း ပြီးသွားပြီ။ ဒါပေမဲ့ ကာယကံရှင်တွေက ပြီးသွားပြီ ထင်ပေမယ့် ပတ်ဝန်းကျင်အတွက် အဲဒီတော့မှ ဇာတ်လမ်း စလာတာမျိုးလည်း ရှိတတ်မှန်း နောက်တော့မှ ကျွန်တော် သိလိုက်ရတယ်။ ဇာတ်လမ်းက အဖေ အိပ်ရာထ လမ်းလျှောက်ပြီး လက်ဖက်ရည် ၀င်သောက် ပြန်လာတော့မှ စတာ။ ခါတိုင်းများ အမေနဲ့ မမက စောစော နှိုးရင်တောင်- “အိပ်ပါစေကွာ။ ဒီကောင် ညညဆို စာတွေ ဖတ်ပြီးမှ အိပ်တော့ ညဥ့်နက်တယ်” ဆိုပြီး ကျွန်တော် စိတ်တိုင်းကျ အိပ်ခွင့်ပြုနေကျ အဖေက ကျွန်တော့်ကို ခုတင်ပေါ်က အကြမ်းပတမ်း ဆွဲချ ပြီး နှိုးတော့ ရုတ်တရက် ကျွန်တော်တောင် တော်တော် လန့်သွားတယ်။ အိပ်ချင် မူးတူးနဲ့ ဘာလဲပေါ့။

“မင်း မနေ့ညက ဘာလုပ်ခဲ့သလဲ”

အဖေ့လေသံ အေးစက် မာထန် နေလိုက်ပုံက ကြားရတာတောင် ကျောစိမ့်မိတယ်။ မိဘ စိတ်ဆိုးစရာ ဖြစ်အောင် ဘာများ လုပ်ခဲ့မိပါလိမ့်လို့ ကျွန်တော် အသည်းအသန် စဉ်းစားမိရတယ်။ အဲဒီ အချိန်ထိ ချိုသဲဦး ကိစ္စကို အမှတ် မရဘူး။ နောက်မှ အဖေက ပြောတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ဖော် ထိုင်ဖက် အဖေ့ အရင်းနှီးဆုံး မိတ်ဆွေတွေက ချိုသဲဦးနဲ့ ကျွန်တော် ဆိုင်ကယ် အတူတွဲ စီးပြီး ပြန်လာတာ အားလုံး တွေ့ကြတဲ့ အကြောင်း၊ အဖေ တို့အနေနဲ့ အချိန် မနှောင်းခင် ကျွန်တော့်ကို ထိန်းသင့်ကြောင်းတွေပါ ပြောလိုက်ကြပါသတဲ့။

ကျွန်တော် တကယ် ဖျားသွားတယ်။ ညဆယ်နာရီ ခွဲသာသာမှာ ပြန်လာခဲ့ကြတဲ့ ကျွန်တော်တို့ ကိစ္စက မနက် ခုနစ် နာရီတောင် မထိုးသေး ဘူး ရပ်ကွက်ထဲ ပျံ့နှံ့သွား ပုံက ဘယ်လောက် မြန်ဆန် လှသလဲ တွေးကြည့်။ ဒီထက် ပိုဆိုးတာက အမေနဲ့ မမက အဖေ့စကား ဆုံးတာနဲ့ ခုပဲ သတိလစ်လဲ ကျတော့မလိုလို ဘာလိုလိုနဲ့ ရင်ထုပြီး ၀ိုင်းဆူ ကြတော့တာပါ။

“ငါတို့မှာတော့ ငါတို့ သားလေး လိမ္မာလှချေ၊ တော်လှချေ ဆိုပြီး ယုံယုံကြည် ကြည်နဲ့ ၀ိုင်းဝန်းမြေတောင် မြှောက်ပေး နေကြပါလျက်နဲ့ ခုတော့ ဘယ်လောက် လိမ္မာတယ်၊ တော်တယ်ဆိုတာ ရပ်ကျော်ရွာကျော် ဖြစ်အောင် လူသိရှင်ကြား သက်သေထူ လိုက်တာပေါ့လေ”

ဆိုတာတွေရော။
“ဆေးကျောင်းသား တစ်ယောက် လုပ်နေပြီး ဒါ မျိုးတွေ လိုက်စားရင် ဘာဖြစ်တတ်မှန်း မသိလောက် အောင် မင်း ဦးနှောက်တွေ ပျက်နေပြီလား” ဆိုတာတွေရော။ “မိသားစု ဂုဏ်ကိုမှ မကြည့်” ဆိုတာတွေရော။

ဒါတွေအပြင် မမရဲ့...
“နင့်ကြောင့် သူများ ကဲ့ရဲ့တာ ခံရတော့မယ်” ဆိုတာတောင် မဆီမဆိုင် ပါလိုက်သေးတယ်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ် လုပ်လိုက်မိတဲ့ ကိစ္စသေးသေးလေး တစ်ခုက ဒီလောက်ကြီး လေးတဲ့ အပြစ်ဖြစ်သွားတာ လိုက်ကို မမီတော့ပါဘူး။ တမင်တကာ ဇာတ်နာအောင် ဇာတ်လမ်း ဆင်ထားတဲ့ ခပ်ညံ့ညံ့ ဇာတ်ကား အတိုင်းပဲဗျာ။ ကျွန်တော် ရှင်းပြတာ ကိုလည်း သူတို့ လက်မခံကြဘူး။ သူတို့ပဲ အမှန်။ သူတို့ပဲ အသိ။

“အဲဒီ အချိန်ကြီး လမ်းပေါ်မှာ သူ တစ်ယောက်တည်း ရှိနေတာ မျက်နှာလွှဲ မသွားချင်လို့ပါ” ဆိုတဲ့ ကျွန်တော့်ဖြေ ရှင်းချက်ကို အမေနဲ့ မမ ၀ိုင်းအော်လိုက်ကြတာများ နားတွေကို အူရော။

“သူ့အလုပ်က လမ်းပေါ်မှာ ရှိနေလို့ အဲ့ဒီ အချိန်ကြီး လမ်းပေါ် ရောက်နေတာ ဘာဆန်းလဲ။ ပြီးတော့ မင်းက လမ်းပေါ်က ကလေကချေ မဟုတ်ဘူး။ ဆေးကျောင်းသား။ နောက်ဆို ဒီဂုဏ်ပုဒ်နဲ့ မင်း ရှေ့လျှောက် လူလုပ်စား ရဦးမှာမှ အရှည်ကြီးပဲ။ အဲဒီ လမ်းပေါ်က မိန်းကလေးမျိုးကို မျက်နှာ မလွှဲခဲ့နိုင်ရအောင် မင်းကိုယ်မင်း ဘာအောက် မေ့နေလို့လဲ။ သူရဲကောင်းကြီးလား၊ ပြောစမ်းပါဦး”
ပြီးတော့ အဖေက မေးတယ်။
“မင်းမှာ အပြစ်ရှိလား” တဲ့။

ကျွန်တော်က ချက်ချင်း ပဲ- “မရှိပါဘူး အဖေ” လို့ ပြန်ဖြေတယ်။ အဲ့ဒီမှာ အဖေ့ လက်သီးချက်ကို ကျွန်တော် မြည်းခွင့် ကြုံလိုက်ရတော့တာပဲ။

အမှန်က ကျွန်တော့်စိတ်ထဲ ရှိတာကို ပြောတာပါ။ အဖေ့ကို ရွဲ့တာ မဟုတ်ဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ် မရှိဘူးလို့ တကယ်ယုံ ကြည်တဲ့အတွက် ပြောတာ။ ကျွန်တော်သာ တကယ်မရိုး သားတဲ့ကောင် ဆိုရင် ချိုသဲဦးကို လူမြင်သူမြင် ကိုယ့်ရပ် ကွက် ညဈေးတန်းအထိ ခေါ် လာမလားဗျာ။ သဘော ပြောတာပါ။ “ကောင်မလေးခမျာ သနားစရာ”လို့ သည့်မတိုင်ခင် အရင်က သနားခဲ့ဖူးကြတာ သူတို့ မဟုတ်သလိုဘဲ။ ချိုသဲဦးကို ပြောဆို နေလိုက် ကြတာများ ရစရာကို မရှိဘူး။ သူတို့ အဲ့ဒီလို အကဲပို လွန်းနေကြလို့ကို ကျွန်တော်ကလည်း အပြစ် မရှိကြောင်း ပိုပြောပစ်ချင်တာ။

လောလောဆယ်တော့ လောကကြီးမှာ ကျွန်တော့်ဘက် ရပ်တည်ပေးနေတာဆို လို့ ကျွန်တော် တစ်ယောက် တည်းပေါ့ဗျာ။

“ဟေ့ကောင်၊ မင်း ဘာစကား ပြောတာလဲ”

အသံထက် ပိုမြန်တဲ့ အရှိန်အဟုန်နဲ့ ဗြုန်းခနဲဆို ကျွန်တော့် ဘယ်ဘက်လက်က ကျော်သူရ အင်္ကျီရင် ဘတ်စကို ဆွဲဆုပ်လိုက်ပြီး ညာဘက် လက်သီးကို ကျော် သူရ မျက်နှာဆီ ချိန်ရွယ်ပြီး နေပြီ။ အာကာက ၀င်ဆွဲ တယ်။
“ဟာ ငဖြိုး။ သူငယ်ချင်း အချင်းချင်း အဲ့ဒီလို မဖြေရှင်းနဲ့လေကွာ”

ကျော်သူရက ကျွန်တော့် မျက်နှာကို သေချာ စိုက်ကြည့်နေတယ်။ ရှူးရှူးရှားရှားနဲ့ ကျွန်တော်က ဒေါသမပြေ သေးဘူး။“ဒီမှာ ကျော်သူရ။ မင်း ငါပြောတဲ့ စကားအပေါ် မယုံ ကြည်ပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ လှောင်ပြောင်သရော်ခွင့် မရှိဘူးကွ။ နားလည်လား”

ကျော်သူရက မဲ့ခနဲပြုံးတယ်။
“မင်း မှားနေပြီ ငဖြိုး။ ငါက မင်းကို လှောင်ပြောင် စော်ကားတာ မဟုတ်ဘူး။ မင်းရှင်းပြတာကို ယုံလို့၊ မယုံလို့ ဆိုပြီး မေးကြည့်တာလည်း မဟုတ်ဘူး။ လမ်းထိပ် ဆေးဆိုင်က ဒေါ်စပ်စု မေးတာကို ချိုသဲဦး ပြန်ဖြေ တဲ့ စကားကြားရပြီးလို့ မင်းကို မေးကြည့်တာ”

ကျွန်တော် မျက်မှောင် နည်းနည်းကြုတ်မိသွားတယ်။
“သူ ဘယ်လိုဖြေလဲ”

“ဘာဖြစ်လို့ အတူတူ ပြန်ခဲ့ကြမှန်း သိချင်ရင် ဆိုင်ကယ်ပိုင်ရှင် ဖြစ်တဲ့ မင်းဇင်ဖြိုး ကို ကိုယ်တိုင် သွားမေးကြည့် ပေါ့လို့ ပြောတယ်တဲ့”

“ဘာ “

ကျော်သူရကို ရွယ်ထားမိတဲ့ ကျွန်တော့် လက်သီးဆုပ် ချက်ချင်း ပြန်ပြေ ကျသွားတယ်။ မျှော်လင့် မထားတဲ့ ချိုသဲဦး အဖြေက ကျွန်တော့်ကို အငိုက်မိ သွားစေတာလား။ တစ်ခုခုကို နှမြောတသသွား မိစေတာလား ဆိုတာ အဲ့ဒီ တစ်ခဏမှာ ကျွန်တော့်ဘာသာ မဝေခွဲတတ်ဘူး။ သေချာ တာကတော့ လက်ရှိ ပြဿနာ မှာ “ချိုသဲဦး”လည်း ကာယကံရှင် တစ်ဦးအနေနဲ့ ထင်မြင်ချက် ပေးပိုင်ခွင့် ရှိတဲ့ အကြောင်း အဲဒီတော့မှ ကျွန်တော် သတိ ရလိုက်တယ် ဆိုတာပါပဲ။

အခု ကျွန်တော် အိမ်ပေါ် ပြန်ရောက်နေပါပြီ။ ရောက်တာမှ တော်တော်ကြာပါပြီ။ အဲ့ဒီတုန်းက ပြဿနာဖြစ်ပြီး နှစ်ရက်လောက်မှာ ဆရာမ အိမ်အထိ အမေနဲ့ မမ လာပြန် လိုက်ခေါ်ကြတာ။ အဖေက ခေါ်ခိုင်းတာတဲ့။ အဖေနဲ့ ကတောက်က ဆတ်ဖြစ်ပြီး ဆင်းချလာတာ ဆိုပေမယ့် အဖေကိုယ်တိုင် ပြန်လာခေါ်မှ လိုက်မယ်လို့ ကျွန်တော် မာနကြီး ပြမနေ တော့ပါဘူး။

တကယ်တမ်း တွေးကြည့်တော့ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ကျွန်တော့်ဘက် အနေနဲ့ ကျွန်တော် မမှားသလို အဖေ တို့ဘက်က ကြည့်ရင်လည်း မှန်တယ်လေ။ တစ်ချိန်ချိန် ကျရင်လည်း ကိုယ့်အိမ်ကိုယ် ပြန်ရမယ့်တူတူ ကျွန်တော် အေးအေးဆေးဆေးပဲ ပြန်လိုက် သွားလိုက်ပါတယ်။ အိမ်မှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ပြန်အစ မဖော်တော့ဘူး။

အဖေကလည်း- “မင်းမှာ အပြစ် ရှိသလား” ဆိုတဲ့ မေးခွန်းကို လုံးဝ ထပ်မမေး လာတော့ပါဘူး။ မေးလာခဲ့ရင်လည်း အဖေ့ လက်သီးနဲ့ ထိုးလို့ သွားတစ်ချောင်းမှ မကျန်ရင်နေပါစေ။ “အပြစ် မရှိပါဘူး” ဆိုတဲ့ အဖြေကို ကျွန်တော် မပြောင်းမလဲ ပေးဦးမှာပါ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကျွန်တော် မကြာခဏ သွားငုံ့ကြည့်မိနေကျ ရေတွင်း ပျက်ကြီးဆီကိုတော့ အဲဒီ ကတည်းက ကျွန်တော် မသွားဖြစ်တော့တာ ခုချိန်ထိ ပါပဲ။

ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

ကုန်ကြမ်း

“ငါ့ညီမရေ အစ်မနဲ့ ခဏ လိုက်ခဲ့စမ်းပါ”
အစ်မ တစ်ယောက်လို ခင်မင်ရင်းနှီး ရသော မမ၀င်းက ကျွန်မ အိမ်ရောက်လာပြီး အဖော် ခေါ်ခြင်း ဖြစ်သည်။

သူက ကျွန်မတို့ လမ်းထဲမှာ မုန့်ဆိုင် ဖွင့်ထားသည်။

“ဘယ်လဲ မမ၀င်း”

“အကြွေး သွားတောင်းမလို့”

“ဟင်”
ကျွန်မ နည်းနည်း တွန့်သွားသည်။ ကျွန်မ ဘာဖြစ်သွားမှန်း သူကလည်း ရိပ်မိဟန်တူသည်။ “ဩော် အဲဒီလို အော်ကျယ်ဟစ်ကျယ် ပြောဆိုပြီး တောင်းရမယ့် အကြွေးမျိုး မဟုတ်ပါဘူးဟယ်။ အဲဒီလိုမျိုးလည်း ငါမလုပ်ပါဘူးဟဲ့ နင်ကလည်း။ လာပေးမယ် ပြောပြီး ခုထိ ပေါ်မလာလို့ သူ့အိမ် အထိ သွားလိုက်ကြည့်ရုံတင်ပါ။ လာပါ အဖော် လိုက်ပေးစမ်းပါ။ ဒီမှာ တစ်ယောက်တည်း ဖြစ်နေလို့” “လိုက်သွားလေ။ ညည်းပဲ ကုန်ကြမ်း ရချင်တယ်ဆို” နံဘေးမှ အမေက အချွန်နှင့် ၀င်မသည်ကို အဟုတ်ထင်ပြီး မမ၀င်းကလည်း အားတက်သရော ထပ်ခေါ်သည်။ “ဟုတ်တယ်ဟဲ့၊ ခုမှ သတိရတယ်။ ကြွေးရှင်နဲ့ ကြွေးယူသမား ဇာတ်လမ်းမျိုး နင်ရေးဖို့ ကုန်ကြမ်း ရတာပေါ့”

ကုန်ကြမ်း အသံကြားလိုက်ရ၍ ကျွန်မလည်း နည်းနည်း စိတ်ပါလေသည်။ ကျွန်မလို စာရေးချင်သူ တစ်ယောက် အဖို့ တစ်ခါတလေ အတွေ့အကြုံက ကိုယ့်ဆီ ရောက်လာတတ်တာ ရှိသလို တစ်ခါတလေ ကျတော့ အတွေ့အကြုံ ရှိရာ ကိုယ်က သွားရတာလည်း ရှိသည် မဟုတ်လား။ ပြီးလျှင် အခု အကြွေးသွားတောင်းမည့် သူကလည်း တခြားမဟုတ် ခင်မင်ပေါင်းသင်း လာကြတာ ကြာပြီမို့ မမ၀င်း တစ်ယောက် သူတစ်ဖက်သား အပေါ် အားနာတတ်တာ၊ သနားတတ်တာ ကျွန်မ သိသည်။ ဆိုင်သမားမို့သာ ကြွေးယူသူတွေ ရှိန်အောင်တမင် ဟန်ကိုယ့်ဖို့ လုပ်နေရပေမယ့် တကယ့် တကယ်၌ သူလည်း ခပ်အေးအေး သမားပဲ ဖြစ်သည်။ ခုပဲကြည့်လေ၊ တော်ရုံလူ ကိုယ့်ဘာသာ သွားမည့် ကိစ္စအား ကျွန်မကို အဖော်လာစပ်နေသည်။ အဖော်လိုတာထက် အကြွေး သွားတောင်းရာမှာ တစ်ယောက်တည်းထက် နှစ်ယောက်ဆို ပို၍ အရှိန်အဟန့် ဖြစ်အောင် ကျွန်မကို ခေါ်တာဖြစ်သည်။

“ထုံးစံအတိုင်း မုန့် အကြွေးပဲလား”

“အေးပေါ့ဟယ်”

မမ၀င်းက ညည်း ညည်းညူညူနှင့် ပြန်ဖြေ သည်။ ခုခေတ်မှာ ဆိုင်ဖွင့်စား ရသည်မှာလည်း တစ်ဒုက္ခပင်။ ကျောင်းဈေးတန်းမှ လွဲ၍ ကျန်ဆိုင် အတော်များများ အကြွေးကိစ္စ မဖြစ်မနေ ကြုံကြရသည်သာ။ မမ၀င်း၏ ဆိုင်က လက်လီလက်ကား ဖြန့်သည်မို့ ရပ်ကွက် အသီးသီးမှ အိမ်ဆိုင်သေးသေးလေး များကလည်း ဖောက်သည် လာလာယူကြသည်။ ထို ဖောက်သည်တွေထဲမှာ တချို့က ငွေလက်ငင်း ရှင်းသလို တချို့ဆိုင်တွေ ကျတော့လည်း အဟောင်းပေး အသစ်ယူလုပ် ကြပါသည်။ ခေတ်အခါ အရ မပေးလျှင်လည်း မဖြစ်တာမို့ မမ၀င်း၏ ဆိုင်လည်း ထိုစနစ် ကိုလက်ခံကျင့်သုံး နေရသည် သာ။

“အဟောင်းမှန်မှန် ပေးပြီး အသစ် ယူနေရင် ငါဘာမှ မပြောပါဘူးဟယ်။ ငါတို့တွေလည်း တကယ့်ပင်ရင်း ဆိုင်ကြီးတွေဆီက ဒီလိုပဲ အဟောင်းပေး အသစ်ယူ လည်ပတ် နေရတာမို့ နားလည်ပါတယ်။ ငါတို့ကမှ တစ်ခါတစ်ခါ ပင်ရင်းဆိုင် ကြီးတွေဆီ ငွေလွှဲရင် လေး ငါးသိန်း အောက်ထစ်ဆုံးပဲ။ ကိုယ်က ရေရှည်လုပ်စားမှာ ဆိုတော့ အတတ်နိုင်ဆုံး ကတိ မပျက်အောင် ကြိုးစားတယ်။ တစ်မျိုးမှ ငါးဆယ်တစ်ရာ မြတ်တာလေးတွေ စုပြီး ပေးရတာပဲ။ ဆိုင်သေး သမားတွေက ပုံမှန်မဆပ်ရင် ငါက ဘယ်ကငွေတွေ ရပြီး သူများကို ပြန်ပေးနိုင်မှာလဲ။ မဟုတ်ဘူးလား”

သူ့ဆိုင်သွားတိုင်း မမ၀င်းတစ်ယောက် သူ့ အခက်အခဲတွေကို ပြောဆို ရင်ဖွင့်ပြသည်ချည်းမို့ သူ့ဆိုင်မျိုး၏ ကြုံရသော သဘော သဘာဝတွေကို ကျွန်မလည်း သိနေသည်။ တချို့က ဒီလိုပဲ အဟောင်းပေး အသစ်ယူနှင့် ကတိတည်တော့ ဆက်ဆံ လာတာနှစ်နှင့် ချီလာသည်အထိ အဆင်ပြေသည်။ တချို့ကျ တော့လည်း အဟောင်းပုံမှန် မပေးဘဲ အသစ်တွေ ထပ် တလဲလဲ ယူကာ အကြွေးလည်း များလာရော ပေါ်မ လာကြတော့ပါ။ ဆိုင်လုံးလုံး ပြုတ်သွားသူ ရှိသလို၊ အကြွေး မပေးချင်တော့၍ လူလည်ကျပြီး တခြားဆိုင်ကို ဖောက်သည် ပြောင်းယူလိုက် တာလည်းရှိသည်။ တချို့ စိတ်ရင်းဓာတ်ခံ ကောင်းသူ တွေကျတော့လည်း ဆိုင်ပိတ် လိုက်ရပေမယ့် အဆင်ပြေ လျှင်ပြေသလို အကြွေးကို သတိတရ လာဖဲ့ဆပ်ကြတာ လည်းရှိပါသည်။ အပေါ်ယံ ကြည့်လျှင် ဆိုင်ကောင်တာ၌ အေးအေးဆေးဆေး ငွေထိုင် သိမ်းရုံလိုလိုနှင့် တကယ့် လက်တွေ့မှာ လူ့စိတ်အမျိုး မျိုးအကြောင်း သိရလေသော ခေါင်းရှုပ်စရာအလုပ်ပါပေ။

“ခါတိုင်း မမ၀င်း အကြွေးသွားတောင်းရင် ဘယ်သူ့ကို ခေါ်သွားတာလဲ”

“ဘယ်သူ့မှ မခေါ်ဘူး။ ငါဆိုင်ဖွင့်လာတာ လေးငါး နှစ်ရှိပြီ။ တစ်ခါမှ အကြွေး ကိုယ်တိုင် လိုက်မတောင်းဖူး ဘူး။ သူတို့ ဆိုင်သမားအချင်း ချင်း လူကြုံမှာတဲ့အခါ မှာ တယ်။ ငါ့ယောက်ျားသွား တောင်းခိုင်းတဲ့အခါ သွား တောင်းခိုင်းတယ်။ ငါ့ ကြောက်လို့သာသွားပေးတာ။ ခုတော့ ငါ့ဘာသာသွားကြည့် မလို့။ မတောင်းဘဲ နေရင်လည်း ပိုဆိုးတယ်ဟဲ့။ ဒီ တစ်ယောက်ဆို အဟောင်း မပေးဘဲ အသစ်ချည်းထပ် ထပ်ယူရင်း အကြွေး များလာတော့ ပေါ်မလာတော့ဘူး လေ။ အဲဒါ ဟိုတစ်ရက်က ဈေးထဲမှာ တွေ့တယ်။ အသား ငါးတန်းမှာ သိလား။ ဘယ်မလဲ အကြွေးဆိုတော့ ပျာပျာ သလဲနဲ့ ပေးမယ် အစ်မရဲ့ သတိရတယ်။ မလာအား သေးလို့ ကြာနေတာ။ ဒီနေ့ ညနေဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ဆက်ဆက် လာပေးမယ် နော် ဆိုပြီး ခုထိပေါ်လာဘူး။ တစ်ပတ်ကျော်သွားပြီ။ တခြားသူတွေဆီက စုံစမ်း ပြီးပြီ။ ငါ့ဆိုင်မှာ အကြွေးများ လို့ တခြားဆိုင်ပြောင်းယူနေ တာတဲ့။ အဲဒါ သူ့အိမ်ကို စုံစမ်းပြီး သွားတောင်းမလို့”

“အကြွေးက များလို့ လား”

“သုံးသောင် နီးနီးရှိ တယ်”

သိပ်ပြဿနာ မရှိ လောက်ပါဘူးလေဟု တွေးပြီး ကျွန်မလည်း မမ၀င်းနှင့် အတူ အဖော် လိုက်သွားပေး လိုက်ပါသည်။ ကြွေးယူထားသည့် မသောင်းစိန်တို့ ရပ်ကွက်လေးက တော်တော် ချောင်ကျသော အခြေခံ လူတန်းစား ရပ်ကွက်လေးဖြစ် သည်။ ကျောက်ကြမ်းခင်းသည့် လမ်းကျဉ်းလေးဖြစ် သည်ကတစ်ကြောင်း၊ အိမ် နေရာအတိအကျ မသိသည်က တစ်ကြောင်းမို့ လမ်းထိပ် ကွမ်းယာဆိုင်မှာ ဆိုင်ကယ်ကို ခဏ အပ်ခဲ့ကာ လမ်းထဲသို့ နှစ်ယောက်သား လမ်းလျှောက် ပြီး ၀င်လာလိုက်ကြသည်။

“ကြည့်ရတာ ဒီမိန်းမ ငါ့ကို တမင်သက်သက် မပေးချင်လို့ မပေးတာ ဖြစ်ရမယ်။ မပေးနိုင်တာတော့ မဖြစ်နိုင်ဘူး”

“ဘာဖြစ်လို့လဲ မမ၀င်း”

“ကလေးဒီလောက် ပေါများတဲ့ ရပ်ကွက် နင်မြင် ဖူးလို့လား။ မရောင်း ရစရာကို မရှိဘူး”

ကျွန်မ ရယ်မိသည်။ ဟုတ်သားပဲ၊ တစ်မိသားစုကို ကလေး ဘယ်နှယောက် လောက်နှုန်းနှင့် မွေးထားကြသည် မသိချေ။ ဒီလောက် ကျဉ်းသည့် ရပ်ကွက်လမ်း ကြားရှည်မျောမျော တစ်လျှောက် ကလေး အရွယ်စုံနှင့် ပြည့်နေ သည်။ ကျောင်းပိတ်ရက် ဖြစ်တာလည်း ပါပါလိမ့်မည်။ ကျွန်မတို့ သွားနေတာ နေ့ခင်း အချိန်ဖြစ်၍လား မသိ လူကြီးတော့ သိပ်မတွေ့ရပါ။ အလုပ် ကိုယ်စီနှင့် အပြင်ထွက် နေကြရသည် ထင်ပါသည်။

“မသောင်းစိန်ရဲ့ မုန့်ဆိုင်က ဘယ်နားမှာလဲ ကလေး”

နှပ်ချေး တွဲလွဲနှင့် ကလေး တစ်ယောက်က လမ်းကြား အဆုံး တစ်နေရာဆီ လက်ညှိုး ထိုးပြသဖြင့် နှစ်ယောက်သား ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားကြ သည်။ အိမ်က သွပ်မိုး ထရံကာ နှစ်ထပ်အိမ်လေး ဖြစ်ပြီး အိမ်နှင့် တစ်ဆက်တည်း ကွပ်ပျစ်လေး ထုတ်ပြီး အိမ်ဆိုင် တည်ထားသည်။ ကွမ်းယာ နှင့် ကလေးမုန့် အခြောက် အခြမ်းလေးတွေ တွဲရောင်းတာ ဖြစ်သည်။ မမျှော်လင့်ဘဲ သူ့ဆိုင်ပေါက်ဝ၌ ကျွန်မတို့ နှစ်ယောက်ကို ဘွားခနဲမြင် လိုက်ရသော မသောင်းစိန် သည် ရုတ်တရက် လန့်သွားဟန် ပါးစပ်ကြီး ဟနေပြီးမှ ကပျာကယာနှင့် ထလာသည်။

“သြော် လာလာအစ်မ။ ထင်တော့ ထင်သားပဲ၊ ငါ့ အစ်မ တစ်ယောက်တော့ ငါ့ကို မျှော်နေရှာတော့မှာလို့။ အားနာလိုက်တာ အစ်မရယ်၊ လာလာ အိမ်ပေါ်တက်ဦး။ ညီမလည်းလာ”

ချက်ချင်း အပြင်ထွက် လာကာ လက်ဆွဲမတတ် ခေါ် ရာနောက် မမ၀င်းယောင် တောင်ပေါင်တောင်နှင့် ပါသွား၍ ကျွန်မလည်း မျက်နှာ ပူပူနှင့်ပင် နောက်ကလိုက် တက်သွားရသည်။ ကြမ်း အပြည့်ခင်းထားသော အိမ်ထဲ မှာ မြင်မကောင်းအောင် ရှုပ်ပွ ခတ်နေလျက်ရှိသည်။ အ၀တ် တွေလည်း လျှော်ပြီး မခေါက်သိမ်း အားသေး၍ ပစ်ထားတာလား၊ ဒါမှ မဟုတ် အ၀တ်ပေတွေမလျှော် ဘဲ ပစ်ထားတာလားတော့ မသိ။ အိမ်ထောင့်တစ်နေရာ မှာ ပုံထားတာ နည်းသည့်အပုံ ကြီး မဟုတ်ပါ။ တစ်ဆက်တည်း ဖြစ်၍ တိုးလျှိုပေါက် မြင်နေရသော မီးဖိုချောင်ထဲ မှာလည်း စားပြီးသား ပန်းကန်တွေက စားပွဲပေါ်မှာ ဒီအတိုင်းစုပုံ ထပ်ထားကာ ယင်တလောင်း လောင်းအုံလို့။ တစ်ဝက်တစ်ပျက် ဖုံးထား သည့် ထမင်းအိုး ဖုံးပေါ်မှာလည်း ထမင်းစေ့တွေနှင့်။

ကြမ်းပေါ်မှာလည်းကြက်သွန် ခွံတွေမှန်းမသိ ကြွပ်ကြွပ် အိတ်တွေမှန်းမသိ ဟိုတစ်စ၊ ဒီတစ်စနှင့် ပွစာကျဲနေသည်။ သဲရှပ်နေသည့်ကြမ်းပေါ်ဝင် ထိုင်လိုက်ရုံရှိသေး၊ မသောင်း စိန်တစ်ယောက် မမ၀င်း၏ လက်ကိုဆွဲကာ ဖြစ်ကြောင်း ကုန်စင် သံစုံနှောပါတော့ သည်။
“အစ်မ ကျွန်မ အကြောင်း သိပါတယ်။ အစ်မရယ်။ ကျွန်မဘ၀မှာ ဘယ်သူ့ ကိုမှလည်း မလိမ်မညာဖူးပါ ဘူး။ သောင်းစိန်တဲ့ ရပ်ကွက်ထဲမှာ လိုက်မေးကြည့် နာမည် တစ်လုံးနဲ့ နေတာပါ။ အရင် တုန်းကတည်းက အစ်မ အကြွေး ကျွန်မ ပေးဖို့ရာပါ။ ဘုရားပေးပေး ကျမ်းပေးပေး သိလား။ ဒင်းရိုက်ခွဲကုန်လို့ အရင်း ပြုတ်သွားတော့ ဆိုင်ကို အစကနေ ပြန်ထူရတယ် လေ”

“ဟင် ဘယ်သူကလာ ရိုက်ခွဲတာတုံး”

“အိမ်က ဆန်ကုန်မြေ လေးကြီး မိုက်ကြီးပေါ့ အစ်မရယ်။ ဘယ်သူ ရှိရမှာလဲ။ ရှာကျွေးတာကို ပါးဖြဲနားဖြဲ ထိုင်စားပြီး အေးအေးဆေး ဆေးနေမယ် စိတ်မကူးဘူး။ အရက်လေး တမြမြ ဖြစ်လာရင် ကျွန်မကို နှိပ်စက်ချင် သေးတာ။ ကလေးတွေကို လည်း မယားပါ သားနဲ့ရတဲ့ ကလေးတွေလို ဖအေတန်မဲ့ ရိုက်ဟဲ့နှက်ဟဲ့ လက်သရမ်း ချင်သေးတာ။ ဒါတွေ လုပ်တာ ထားပါဦး၊ ကိုယ့်ကို ထမင်း ကျွေးနေတဲ့ အိမ်ဆိုင် လေးကိုတော့ ကျေးဇူးကန်းပြီး မဖျက်ဆီးသင့်ပါဘူး။ မလုပ်ကောင်းဘူးလေနော်။ မဟုတ်ဘူးလား အစ်မ”

“ဒါပေါ့”

ယောင်ယမ်း ခေါင်းညိတ် ထောက်ခံလိုက်ပြီးမှ မမ၀င်းက သူ့ကိုယ်သူ ဘာလာလုပ်မှန်း သတိရသွားပုံ ပေါ်သည်။ မျက်နှာထားကို ခပ်တင်းတင်း ဖြစ်အောင် ပြင် လိုက်ပြီး ကိုယ်ကိုလည်း ခပ်မတ်မတ် ပြင်ထိုင်သည်။ လူပိန်သလောက် စကားတရ စပ်ပြောနိုင်သော မသောင်းစိန်၏ လေကြောထဲ မျောနေ၍ အလုပ် မဖြစ်သေးဘူးဟု တွေးမိဟန်တူသည်။
“ဒါနဲ့..”

“နေဦး အစ်မရဲ့ ကျွန်မ ပြောပါရစေဦး။ ဒင်း ကျွန်မ အပေါ်ဘယ်လောက် ယုတ်မာ နှိပ်စက်ပုံတွေ ပြောပြချင် လွန်းလို့ပါ။ အစ်မပဲ စဉ်းစား ကြည့်။ လူရယ်လို့ဖြစ်လာရင် လူ့တာဝန် ဆိုတာရှိတယ်။ သူများတာဝန် မယူနိုင်ရင် တောင် ကိုယ့်တာဝန် ကိုယ်တော့ ယူသင့်တယ်လေ။ မဟုတ်ဘူးလား။ ခုတော့ သူများ သားသမီးကို ယူထားပြီး ရှာမကျွေးတဲ့ အပြင် ရိုက်လား ပုတ်လား လုပ်သေးတာ ကောင်းလား”

“အင်းပေါ့ ဒါနဲ့”

“အဲဒါပြောတာပေါ့ အစ်မရယ်။ သူနှိပ်စက်လိုက်လို့ ပထမ အကြိမ် ဆိုင်အရင်း ပြုတ်သွားတော့ ကျွန်မမှာ အစ်မကို မျက်နှာ ပျက်ရတယ်။ မျက်နှာလည်း ပူရ တယ်။ အားနာတယ်လေ။ ဟော့ဒီ သောင်းစိန်တို့က အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး။ အရှက်နဲ့ လူလုပ်တာ။ အဲဒါ ထပ်ယူပြန်ရင်လည်း ကြွေးဟောင်းနဲ့ ကြွေးသစ် ပေါင်းပြီး မပေးနိုင်တော့ အစ်မကို ဒုက္ခပေးရာကျ တယ်”

“ဒါကြောင့် ကျွန်မကို အကျိုး အကြောင်းလေးတောင် လာမပြောဘဲ ဆိုင်ပြောင်းယူ တယ်ပေါ့လေ”

မမ၀င်း စကားကြောင့် မသောင်းစိန် မျက်နှာ ကွက်ခနဲ ပျက်ပြီး အိုးတိုးအမ်းတမ်း ဖြစ်သွားပြီးမှ မျက်နှာထားကို ချက်ချင်းပြန်ပြင်သည်။
“ပြောဦးမယ်လေ အစ်မ ရယ်။ ကျွန်မ စကားဖြင့် မဆုံးသေးဘူး။ ဟိုတစ်လောက ဈေးထဲမှာ ဆုံတော့ အချိန် မရလို့ အဲဒီ ကိစ္စလေးပြောပြချင် တာ။ အခိုက်အတန့် အဆင် မပြေသေးလို့ အစ်မဆီ မလာတာပါ။ သူများဆီသွားယူ ပေမယ့် အမြဲယူဖို့ စိတ်ကူး မရှိ ပါဘူး။ ကိုယ့်အပေါ် ကောင်းခဲ့တဲ့ အစ်မဆီပဲ လာချင်တာပေါ့ မဟုတ်ဘူးလား။ အဆင် ပြေရင် ပိုက်ဆံလေး ဆပ်ပြီး အသစ်ပြန်လာယူမယ် ဆိုတဲ့ စိတ်ကူးနဲ့ ဖဲ့ဖဲ့စုထားတာ အစ်မရယ်။ တစ်ခါတည်း တော့ အကျေ မဆပ်နိုင်ဘူး ပေါ့လေ”

“အို တစ်ခါတည်း မဆပ်နိုင်လည်း တစ်ဝက်စီ ခွဲဆပ်ပေါ့ ရပါတယ်။ ကိစ္စ မရှိပါဘူး”

မမ၀င်း၏ အားတက် သရော စကားပင် မဆုံးသေး မသောင်းစိန်က မျက်နှာ ငယ်သွားသည်။
“အဲဒါကြောင့် အားနာတယ် ပြောတာပေါ့ အစ်မ ရယ်”

“ဟင် ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲ။ အခု ကျွန်မမှာ စုထားတာ ငါးထောင် မပြောနဲ့။ ငါးရာ တောင်မရှိတော့လို့ပေါ့။ ဒင်းလေ ဒင်း”

ပြောရင်း ဒေါသထွက် လာဟန်ဖြင့် မသောင်းစိန် မျက်လုံးတွေ ပြူးလာသည်။
“ခုပြောရင် ချက်ချင်း အရေခွံ ပြေးဆုတ်ချင်တယ်။ ကျွန်မ ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံတွေ ယူပြီး ဘောလုံးပွဲလောင်း ရှုံးပစ်လိုက် တယ်လေ။ ပိုက်ဆံ ပျောက်တာကို သိသိချင်း ကျွန်မလည်း ဓားဆွဲပြီး သူ့လှည့်ပတ် ရှာတာပဲ”

ပြောရင်းဆိုရင်း သူ့ ပိုက်ဆံ သေတ္တာကို လက်သီးနှင့် “ဒုန်း”ခနဲ ထုထည့်လိုက် ၍ ကျွန်မနှင့် မမ၀င်းပင် ရုတ်တရက် လန့်ပြီး တုန်သွား ရသည်။
“သူကလည်း ကျွန်မ အကြောင်းသိတော့ တစ်ညလုံး ပြန်မလာဘူး။ ခုထိလည်း ပြန်မလာဘူး။ သူ့အမေ အိမ်မှာလည်း မရှိဘူး။ သူသွား တတ်တဲ့ နေရာတွေ လိုက်ရှာ တော့လည်း မရှိဘူး။ ကျွန်မကလည်း သဘောကောင်းရင် နှစ်ယောက် မရှိသလို ဒေါသ ထွက်ပြီဟေ့ ဆိုရင်လည်း သူများနဲ့ တူတာမဟုတ်ဘူး။ ကျွန်မကို မကျေနပ်ရင် ပါးကို ဘယ်ပြန်ညာပြန် လာရိုက် သွား ကျေနပ်တယ်။ ခုတော့ ချွေတာ စားသောက်ပြီး အကြွေးဆပ်ဖို့ စုထားတဲ့ငွေ ကိုမှ သိသိကြီးနဲ့ခိုးသွားတာ။ ဘောလုံးပွဲလောင်း ရှုံးပစ် လိုက်တာ။ တကယ်အသည်း နာတယ်အစ်မ ကျွန်မ ကျွန်မ...”
ပြောရင်းတန်းလန်း မျက်ဖြူ လန်သွားကာ လက်သီးနှစ်ဖက် ကျစ်ကျစ်ပါအောင် ဆုပ်၍ အံကြီးကြိတ်ပြီး ပစ်လဲ ကျသွားသော မသောင်းစိန်ကြောင့် ကျွန်မနှင့် မမ၀င်း အလန့်တကြား ဖြစ်သွားကြ သည်။

“ဟဲ့ ဟဲ့ လုပ်ကြပါဦး။ လုပ်ပါဦး ငါ့ညီမရဲ့”

“သူ ဘာဖြစ်သွားတာ လဲ မမ၀င်း”

“တက်တာလေ အဲဒါ တက်သွားတာ။ အနီးအနားမှာ ဘယ်သူရှိလဲ အော်ပါဦး ဟဲ့။ ငါဘာမှ မလုပ်တတ် ဘူး”

“ဟင် ကျွန်တော်လည်း ဘာမှ မလုပ်တတ်ဘူးနော်”

ရှေ့ဘက်အိမ်တွေဆီ လှမ်းအသံပြုကြည့်တော့လည်း လူရိပ်လူယောင်ပင် မမြင်ရပါ။
“နင် ခဏနေခဲ့ဦးနော်။ ငါအိမ်နီးချင်းတွေ လိုက်ခေါ် ကြည့်ဦးမယ်။ ဆရာဝန်လည်း ခေါ်မှရမယ် ထင်တယ်”

ကျွန်မ၏ စကားပြန်ကို ပင်မစောင့်ဘဲ ထဘီတိုတိုဝတ် ကာ မမ၀င်းက အိမ်ပေါ်မှ အပြေးအလွှား ဆင်းသွား၍ လူမမာနှင့် ကျွန်မ နှစ်ယောက် တည်း ကျန်ရစ်ခဲ့သည်။ မျက်ဖြူကြီး လန်ကာ တံတွေး တစီစီနှင့် ခြေတွေလက်တွေ ကုပ်ပြီး တဂစ်ဂစ် တက်နေသော မသောင်းစိန်ကို ကြည့် ပြီး ကျွန်မသည် ထူပူနေကာ တုန်တုန်ယင်ယင်နှင့် ဘာလုပ် ပေး၍ လုပ်ပေးရမှန်း မသိဖြစ်နေ သည်။ တက်နေသူကို ခြေမ၊ လက်မ ချိုးပေးရသည်ဟု ကြားဖူးနားဝ ရှိနေပေမယ့် ထို အသိ ဆိုတာကလည်း စာအုပ် တွေထဲ၊ ရုပ်ရှင် ဗီဒီယိုတွေထဲ မှာတင် ကြည့်ဖူးဖတ်ဖူးရုံ အဆင့်မျှ ဆိုတော့ ကျွန်မ မလုပ် ပေးတတ်ပါ။ လုပ်လည်း မလုပ်ရဲ။ အမှန်အတိုင်း ပြောရလျှင် ဘယ်လိုပြုစု ကုသပေးရန် သိဖို့ နေနေသာ သာ၊ တဂစ်ဂစ်တ က်နေသည့် လူတစ်ယောက်ကို မြင်ဖူးတာ ပင် ကျွန်မဘ၀မှာ ဒါ ပထမ ဆုံးအကြိမ် ဖြစ်ပါသည်။ ချက်ချင်း ဆိုသလို မိန်းမ တချို့ နှင့် ကလေးတွေ တသီတ တန်းကြီး အိမ်ပေါ် တ၀ုန်းဝုန်း ပြေးတက်လာကြကာ တစ် ယောက်တစ်ပေါက်နှင့် ဆူညံ ကုန်တော့သည်။

“ဘယ်လို ဖြစ်သွားတာ လဲ”

မျက်နှာထား ဆိုးဆိုးနှင့် အမျိုးသမီးကြီးက ကျွန်မ လက်ထဲမှ မသောင်းစိန်ကို ပွေ့ထူရင်း ခပ်လောလောမေး သည်။
“မ မသိပါဘူး။ စကား ပြောနေရင်း အကောင်းကြီး ကနေ သူ့ဟာသူ ဖြစ်သွားတာ ပဲ”

မမျှော်လင့်ဘဲ ကြုံလိုက်ရသည့် အဖြစ်အပျက် အပေါ် လန့်ရလွန်း၍ ကျွန်မမှာ အသံ တွေပင်တုန်နေသည်။ ဒီကြား ထဲက ဘယ်က ပေါ်လာမှန်း မသိသော လေးငါးခြောက် နှစ်ဝန်းကျင် အရွယ်ကလေး နှစ်ယောက်က မသောင်းစိန် ကို “အမေ...”ဟု ငယ်သံပါ အောင် အော်ပြီးပြေးဖက် လိုက်တော့ မျက်စိတွေပါ ပြာ လာကုန်သည်။ ကလေး ပေါင်းသောင်းခြောက်ထောင် ကလည်း တဂစ်ဂစ် တက်နေ သော မသောင်းစိန်ကို တစ်လှည့်၊ နံဘေးမှာကြောင်စီစီ ထိုင်နေသည့် သူစိမ်းဖြစ်သူ ကျွန်မကို တစ်လှည့် ကြည့်နေ ကြသည်။ အမျိုးသမီး သုံး ယောက်ကတော့ မသောင်းစိန်ကို နှိပ်သူနှိပ်၊ ခြေမချိုး သူချိုး၊ ယပ်တောင်ခတ်သူ ခတ်ဖြင့် ၀ိုင်းဝန်း ပြုစုပေးနေ ကြသည်။ မမ၀င်းဆရာဝန် သွားခေါ်တာကလည်း ကြာလှသည်။ အကယ်၍ အခြေ အနေဟန် ပုံမရဘူး ဆိုပြီး ပြန် မလာလျှင်...။ ဘုရား... ဘုရား တက်ရင်းနှင့် သေသွား တာမျိုး အထိတော့ မဖြစ်နိုင် လောက်ဘူး ထင်ပါရဲ့။ မပြော ကောင်းမဆိုကောင်း မသောင်း စိန်သာ ခုနေတစ်ခုခုဖြစ်သွား လျှင် ကျွန်မကတော့ ဖြေရှင်း ရခက်ပြီ။ မထွက်စဖူး ဇောချွေးတွေပင် ပြန်ချင်လာ သည်။

“ဟော ဆရာဝန်လာ ပြီ”

ရှေ့မှ ဆေးအိတ်ကိုင်ပြီး ခပ်သုတ်သုတ် အိမ်ပေါ်တက် လာသည့် ဆရာဝန်နှင့် မမ၀င်းကို မြင်လိုက်ရမှ ကျွန်မ၀မ်းသာ အားတက်သွား သည်။ ဆရာဝန် အသံကြား၍ ပဲလား၊ သူ့ဘာသာသူ တကယ် သက်သာသွား၍လား မသိ ချက်ချင်းပဲ အတက် ရပ်သွားပြီး မသောင်းစိန်သတိ ပြန်လည်လာသည်။ ထတော့ မထိုင်သေး။ အင်းအင်းအဲအဲ ညည်းနေကာ မျက်လုံးကို ဖွင့်ကြည့်ရုံမျှ ကြည့်ပြီး “ရေ ရေ” ဟု ဆိုကာ ပြန်မှိတ်သွား သည်။ တစ်ယောက်က ရေ ပြေးခပ်၍ တိုက်ပေးသည်။ သတိ လည်လာပြီ ဆိုပေမယ့် ဆရာဝန် ပင့်ထား လက်စနှင့် စိတ်ချရအောင် မသောင်းစိန်ကို စမ်းသပ်ကြည့်ရသည်။ ဇာတ်ပေါင်းကတော့ မမ၀င်း နှင့် ကျွန်မ၏ ကြွေးတောင်း ခရီးက မအောင်မြင်သည့် အပြင် မသောင်းစိန် အတွက် ဆရာဝန် ပင့်ရသဖြင့် စမ်းသပ်ခနှင့် ခြေကြွခကိုပါ မမ၀င်း ၏ အိတ်ကပ်ထဲမှ စိုက်ရှင်း ပေးခဲ့ရသေးသည်။ တစ်ခါမှ မကြုံဖူးသည့် အတွေ့အကြုံကြောင့် အိမ်ပြန်လမ်းမှာ မမ၀င်း၏ “မသောင်းစိန် တက်သွားတာ တကယ်တော့ ဟုတ်မှာပါနော်”ဟူသော စကားကိုပင် ပြန်မပြောနိုင်။ အိမ်ပြန်ရောက်သည် အထိ ရင်တုန်ပန်းတုန် ဖြစ်နေမိဆဲ ဖြစ်သည်။

ထိုအဖြစ်အပျက်တွေ ဖြစ်ပွားပြီး ဆယ့်လေးငါး ရက်မျှကြာတော့ ကျွန်မအိမ် သို့ မမ၀င်း ထပ်ရောက်လာ သည်။
“ငါ့ညီမရေ အကြွေး သွားတောင်းမလို့”

“အမယ်လေး မလိုက် ပါရစေနဲ့တော့နော်”

သူ့စကားပင် မဆုံးသေး ကျွန်မ ခေါင်းတခါခါ လည်တခါခါ ထငြင်း၍ မမ၀င်းက “နင်ပဲ ကုန်ကြမ်း လိုချင်တယ် ဆို”ဟုပြောရင်း ရယ်သည်။ ကျွန်မကတော့ မရယ်နိုင်။ သူပြောသလို ၀တ္ထုရေးဖို့ ကုန်ကြမ်း ရလိုက်တာတော့ မှန်သည်။ သို့သော် ဒီကုန်ကြမ်းမျိုးက တစ်သက်မှာ တစ်ခါလောက်ပဲ ကောင်း သည်လေနော်။

ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

အိပ်မက်အော်သံ

ကျွန်မ ငယ်ငယ်တုန်းက လူကြီး အလွန် ဖြစ်ချင်သည်။ လူကြီးတွေ လုပ်သမျှ အကုန်လုံး စိတ်ဝင်စားသည်။ အမေ ထမင်းဟင်း ချက်လျှင် ကျွန်မလည်း ၀င်ချက် ကြည့်ချင်သည်။ အမေ တံမြတ်စည်း လှည်းလျှင် ကျွန်မလည်း ၀င်လှည်း ချင်ပါသည်။

သို့သော် အရွယ် မတိုင်သေးတော့ လုပ်ကူတာက ရှုပ်တာနှင့် မထူးသဖြင့် ကျွန်မသည် အမေ့အတွက် မကြာခဏ စိတ်ညစ်စေသည့် အရှုပ်ထုပ် ကလေး ဖြစ်ခဲ့ရသည်။ ထမင်းဟင်းချက်ရာမှာ အမေ့ အလစ်ဝင်ပြီး လက်စွမ်းပြမိ၍ စားမရဘဲ ပစ်လိုက်ရသည့် အခါ၊ အမေ လှည်းကျင်းထားပြီး အမှိုက်တွေက ကျွန်မ လျှာလျှာရှည်ရှည် ၀င်လှည်းပေးမှ ပိုပြီး ရှုပ်ပွကုန်သည့် အခါ၊ အမေမရှိခင် အ၀တ်တွေ ခိုးလျှော်တာ ဆပ်ပြာတိုက်လက်လွန်သွား၍ ရေစင်အောင် မနည်းပြန် လျှော်ယူရသည့် အခါ၊ ပန်းကန်ဆေးရင်း ကျကျကွဲကုန်သည့် အခါ...။ အဲဒီလို အခါပေါင်းများစွာ တွေ့ကြုံရ တိုင်း အမေက ချစ်စနိုး မျက်စောင်းတစ်ချက်နှင့်

“အေးနော်၊ မလုပ်တတ်ခင် အတော် လုပ်ချင်လွန်းတဲ့ ကလေးမ။ ကြီးလာလို့ ဒီ အလုပ်တွေ မလုပ်ချင်ဘူးဆိုရင် ခေါင်းပေါ် အာလူး ဘူးသီးတွေ တန်းစီနေအောင် ကို ခေါက်ပစ်မယ်မှတ်”
ဟု ရယ်မောရင်း ကြိမ်းဝါးတတ်ပါသည်။ အမေ့ စကားကြားတိုင်း ငါ လူကြီး ဖြစ်လာမှ ဒီအလုပ်တွေ လုပ်ခွင့်ရမှာပါလား ဟူသော အတွေးက ကျွန်မ ဦးနှောက် သေးသေးလေးထဲ ၀င်လာလေ့ ရှိသည်။ ထိုအခါ ကျွန်မ လူကြီး မြန်မြန် ဖြစ်ချင်ခဲ့တော့သည်။

၂။
အိမ်၌ လူကြီးတွေလုပ်သမျှ ဘာတစ်ခုမှ ၀င်လုပ် ကိုင်ခွင့်မရသော ကျွန်မတို့ အရွယ်လေးတွေ စုမိကြသော အခါ ကျွန်မတို့ လုပ်နိုင်သောပုံ စံဖြင့် အပြင်မှာ လူကြီးလုပ် ကြပါသည်။ အိုးပုတ်ခွက်တွေနှင့် ထမင်းဟင်းချက် တမ်းကစားကြခြင်းဖြစ်သည်။ ထိုအိုးပုတ်ခွက်တွေထဲမှာ အမေတို့ မီးဖိုးချောင်သုံး ပစ္စည်းပစ္စယတွေ နည်းတူ ရေနွေးကရား၊ မီးဖို၊ ငရုတ်ဆုံက အစပါသည်။ ခြင်းထောင်းနှင့် လမ်းဘေး အရွက်တွေ လည်ခူး၍ ဈေးဝယ်ထွက်ကြ ရသည်မှာလည်း အရသာရှိ ပေစွ။ တကယ့် အစစ်လိုပင် ခံစားပြောဆိုကြသည်။

“ဆန်ဈေးတွေကလည်း ကောင်းလိုက်တာများ နော်”

“မြိန်ရာဟင်းကောင်းတဲ့၊ ဟင်းစပ်တည့်အောင် ချက်တတ်ရင် ချိုတာပါပဲ”

“ခရမ်းချဉ်သီးတွေ လှလို့ သုပ်စားမလား ဆိုပြီး ၀ယ်ခဲ့လိုက်တာလေ”

နိစ္စဓူဝ အမေတို့နှုတ်မှ ကြားသိရလွန်း၍ ရင်းနှီးနေသော စကားလုံးတွေကို အတုမြင် အတတ်သင် စိတ်ထဲ သေချာမှတ်သားထားလိုက် ကာ ကျွန်မတို့စကားဝိုင်းတွေ ၌ မြိန်ရေရှက်ရေ အတုခိုး ပြောကြဆိုကြရတာ အလွန် အာတွေ့လှသည်။ သို့သော် ဒါသည်ပင် လူကြီးတွေရှေ့၌ လွတ်လွတ်လပ်လပ်ပြောခွင့် မရတာတွေ ရံဖန်ရံခါ ကြုံရ တတ်သေးသည်။

“သဘင်သည်၊ သူရူးနဲ့ ကလေးစကားတဲ့။ နင်တို့ ပါးစပ်က ပေါက်ကရ ဈေးနှုန်းတွေ လျှောက်ပြောကြတာ အရေးမကြီးဘူး။ ကျုပ်တို့ လူကြီးတွေမှာ မျက်ခုံးလှုပ် ရတယ်တော့်...”

လူကြီးတွေ ပြောတတ်သည့် အဲဒီစကားကို ကျွန်မတို့ လုံးစေ့ပတ်စေ့ နားမလည်ကြပါ။ ထိုတစ်ခု တည်းမကပါ။ လူကြီးတွေ ပြောနေကျ စကားတွေထဲမှာ ကျွန်မတို့အဖို့ နားမလည်စရာတွေ အများကြီးပင်။ သိလိုစိတ်ဖြင့် လူကြီးတွေစကား ၀ိုင်းနား ယောင်လည်လည်နှင့် ချဉ်းကပ်မိပြန်တော့
“တွေ့လား အတော်စပ် စုချင်တဲ့ဟာလေး။ ကလေး အရာမဟုတ်ဘူး၊ အပြင်မှာ သွားဆော့ချေ”
ဟု နှင်လွှတ်ခံရတတ် သည်။

အဲဒီအရွယ်ဆိုတာက လောကကြီးမှာ ဘာမဆို သိချင်၊ တတ်ချင်၊ အတုယူစူး စမ်းချင်နေသည့်အရွယ်။ အမေတို့လူကြီးတွေ စကားထဲ စိတ်ဝင်စားစရာတွေဖြင့် ပြည့် နှက်နေသည်။ အမေတို့က ဒါ ကလေးအရာ မဟုတ်ဘူးဟု ပြောလာတော့ မချင့်မရဲ ဖြစ်ရသည်။ ဒါဖြင့် မြန်မြန်လူကြီး ဖြစ်မှ အေးမှာပါ။ လောက ကြီးမှာ လူကြီးဖြစ်လာမှ သိစရာတွေ အများကြီး သိခွင့်ရမည်။ တတ်သင့်တာတွေ အများကြီး တတ်မြောက်ခွင့်ရမည်။ လုပ်ချင်တာတွေ လုပ် ခွင့်ရလာမည်။ အဲဒီလို လူကြီး တွေနည်းတူ အရာရာ သိခွင့်၊ တတ်ခွင့်၊ လုပ်ခွင့်ရဖို့ရာ ကျွန်မ မြန်မြန်လူကြီး ဖြစ်လာမှ ဖြစ်တော့မည်။ အဲဒီတုန်းက အိပ်မက်မက်လိုက်တိုင်း အိပ် မက်ထဲမှာ ကျွန်မက လူကြီး တစ်ယောက် ဖြစ်နေတတ်သည်။ ကျွန်မ လူကြီး ဖြစ်ချင်လွန်းတာ တစ်ပိုင်းကို သေလို့။

၃။
ကျွန်မ ခုနစ်တန်းနှစ် အရောက်၌ အဖေ ဆုံးပါသည်။ ပကတိကျန်းကျန်းမာ မာကြီးကနေ ရုတ်တရက် ဦး နှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို အခါ တစ်သက်လုံး အဖေ့ လုပ်စာထိုင်စားကာ အိမ်ရှင်မ သက်သက်ဘ၀ဖြင့် နေလာခဲ့ သော အမေသည် ဘာလုပ်၍ ဘာကိုင်ရမည်မှန်း မသိဘဲ ကျွန်မလက်ကို တွဲကာ ယောင်ချာချာ ဖြစ်ကျန်ရစ်ခဲ့လေသည်။

“လိမ္မာနော် သမီးကြီး ညည်းကိုပဲ အမေ အားကိုးရ တော့မှာ”

ခေါင်းသာ ရောယောင် ညိတ်ပြခဲ့ပေမယ့် အမေ့ စကားကို ထိုအသက်အရွယ် ဦးနှောက်၌ နက်နက်နဲနဲကြီး မစဉ်းစား မိခဲ့တာ အမှန်။ သို့သော် တိုတောင်းသော ကာလအတွင်းမှာ မသင်ယူဘဲ ကျွန်မ တတ်မြောက်လာရသည်က အများသား။ ပထမဦးဆုံး အနေနှင့် အမေသည် အဖေရှိစဉ်တုန်း ကလို သားသမီးတွေကို ပြုစု စောင့်ရှောက်ရုံသက်သက် မဟုတ်တော့ဘဲ အိမ်အောက် ထပ်၌ ဖွင့်လိုက်သော ကုန်ခြောက်ဆိုင်လေးဘက် အချိန် အများကြီးပေးလိုက်ရခြင်း။ အလည်လာသော မိတ်ဆွေတွေကို အမေက “အခြေအနေ မပျက်ခင် ရှိတာလေးတွေ ထုခွဲရောင်းချပြီး အခြေကျအောင် လုပ်ရတာလေ” ဟု ပြောပြနေ တတ်သည်။ ဆိုင်ကိစ္စကို သိပ်နားမလည်သေးခင်မှာ ကျွန်မ၌ အတွေ့အကြုံတွေ စတင် ရရှိလာသည်။ မနက်ဆိုလျှင် ခါတိုင်းလို ထမင်း စားချိန်နားနီးမှ အမေ့အနှိုး စောင့်ပြီးထ၍ မရတော့။ အမေက မနက်ငါးနာရီခွဲထ၍ ဆိုင်ခင်းတော့ ကျွန်မပဲ ထကူ ရသည်။

“အမေတစ်ယောက် တည်းဆို ဆိုင်တစ်ဖက်၊ မီးဖို ချောင်တစ်ဖက်နဲ့ ဘယ်နိုင်ပါ့ မလဲကွယ်။ ဒီတော့ ကျောင်းချိန်အမီ ချက်ပြုတ်ပြီးစီးဖို့ရာ သမီးကြီး ထကူမှ ရမှာပေါ့”

ထိုအချိန်၌ ကျွန်မ တံ မြက်စည်း ကျွမ်းကျွမ်းကျင် ကျင်လှည်းတတ်နေပါပြီ။ အိမ်ပေါ်အိမ်အောက်နှင့် ဆိုင် တွင်းအပြင် ခြံထဲ၌ပါ အမှိုက် တစ်စမကျန်အောင် ကျွန်မလှဲ ရခြင်းဖြစ်သည်။ ငယ်ငယ်က အမေ ပေးမလုပ်ခဲ့သော လုပ်ပိုင်ခွင့် တစ်ခု ကျွန်မလက်ထဲ ရောက်ရှိလာခြင်းမျှသာ။ လှဲစက အချိုးမပြေတာကိုပင် အမေက “လှည်းပြီးသား အမှိုက်ကို ပိုပြီးပွအောင် ဖွတဲ့ ကောင်မလေး” ဟု ကျွန်မကို မပြောတော့ပါ။ “ဟောဒီလို လှည်းလှည်းပြီး တဖြည်း ဖြည်းချင်းစုသွား၊ အမှိုက်တွေ ပြောင်သွားလိမ့်မယ်” ဟု ပါး စပ်ကလည်းသင်၊ လက်ကလည်း သင်ရင်း ကျွန်မလည်း တံမြက်စည်း လှည်းသည့် အလုပ်၌ ကျွမ်းကျင်သွား သည်။ ရှစ်တန်းနှစ်ရောက် တော့ ကျွန်မ ထမင်းဟင်း တော်တော် ချက်ပြုတ်တတ် နေပြီ။ မတတ်ဘဲ ခံနိုင်ရိုး လား။ “အမေ့ထမင်းအိုးလေး ပွက်လာရင် အိမ်ရှေ့ လှမ်း အော်လိုက်နော်” မှ စတင် လာလိုက်တာ “အမေ့ကို ခေါ် မနေနဲ့တော့ ကိုယ့်ဟာကိုယ် ထမင်းအိုး အပွက်ညီမညီ ကြည့်၊ ပြီးရင် ယောက်မနဲ့ အသာမွှေပြီး ဆန်စေ့ကိုစမ်း ကြည့်၊ အပျော့အမာ အနေ တော်ဖြစ်ရင် ထမင်းရည်ငှဲ့ပြီး မီးအေးအေးနဲ့ ထမင်းနှပ်ထား လိုက်တော့” အထိ လမ်းကြောင်း လာလိုက်တော့ တစ် နှစ် နှစ်နှစ်လည်းကြာရော ကျွန်မတစ်ယောက် မီးဖို ချောင်ကိစ္စ ကောင်းကောင်း ကိုင်တွယ်တတ်သွားပေပြီ။ အလတ်ကောင်က အရောင် တင်မှုန့်ခတ်သည့် ဟင်းကို မစားနိုင်။ အငယ်ကောင်က ဟင်းချက်လျှင် ကြက်သွန်၊ ခရမ်းချဉ်သီးအဖတ် မမြင်ရမှ ကြိုက်သည်။ အထွေးလေး ကတော့ ဟင်းရည်တစ်ခွက် မဖြစ်မနေပါမှ ထမင်းစား တတ်သည်။ ကျွန်မ ဆယ်တန်း အောင်ချိန်၌ မီးဖိုချောင်နှင့် လျှော်ဖွပ်သိမ်းဆည်းရေး ကိစ္စကို အမေ ကျွန်မထံ အပြီး အပိုင် လွှဲအပ်ထား ပေးခဲ့တာပင် အတော်ကြာခဲ့ပြီ။

၎။
“တော်သေးတာပေါ့၊ ဟောဒီ သမီးကြီး တစ်ယောက် ကူဖော်လောင်ဖက် ရထားလို့”

မိတ်ဆွေတွေနှင့် စကား စပ်မိသည့် အခါရယ် ကျွန်မထံ အခက်အခဲတစ်ခုခု ရင်ဖွင့်စရာ ရှိလာတိုင်း ထိုစကားစုလေး ကို အမေ အမြဲသုံးလေ့ရှိ သည်။ ပြောစရာလောက် လောက်လားလားဟူ၍ သမီးကြီး ဖြစ်သူ ကျွန်မမှလွဲ၍ ဘယ်သူမှမရှိရှာသော အမေ သည် အရေးကိစ္စကြုံတိုင်း ဆယ်ကျော်သက်အရွယ်သမီး ကိုသာ လူကြီးအရာ ထားပြီး ဖွင့်ဟ တိုင်ပင်တတ်သည်။ သိကြသည့် အတိုင်းဈေးသည် အလုပ်ဆိုသည်က တစ်နေ့တစ်နေ့ လူပေါင်းစုံနှင့် ပြောဆို ဆက်ဆံရတာ။ လူစုံတော့ စရိုက်စုံသည်။ ထိုအခါ အမေ့ အလုပ်ကနေ ကျွန်မသည် လောက အကြောင်း၊ လူတွေ အကြောင်း မကြားချင်မှ အဆုံး ဖောခြင်းသောခြင်း သိလာရပါသည်။ အဲ့ဒီလိုကနေ ဒီအလုပ်မှာ ဒါမျိုးတွေကြုံရ တတ်ပါလား ဟူသည့် အသိ တွေရသည်။ ကိုယ့်ဘာသာ ကိုယ်သာ မသိလိုက်မိချိန်မှာ အလုပ်၏ အတွေ့အကြုံထံ ကျွန်မ တပည့်ခံပြီးသား ဖြစ်နေလေပြီ။

“လောလောဆယ် ဆိုင် ကြီးကို ပြန်သွင်းဖို့ ပစ္စည်း ကြွေးတင်နေတာက (...) ရှိ တယ် သမီးရေ။ တစ်ရက်ဝင် ငွေထဲကနေ စုကြေး လုပ်ပြီး ဖဲ့စုနေရတယ်။ ရစရာအကြွေးတွေကလည်း တောင်းရခက် နေတော့လေ”

အမေ၏ ထူထဲသော စာရင်း စာအုပ်ထဲမှာ ကျွန်မလက် ရေးတွေနှင့်ချည်း ပြည့်လာသည်။ ဒေါ်ဘုမကတော့ အကြွေးတွေ များလာတော့ တခြားဆိုင် ရောက်သွားပါလား။ မစီရွှေဆိုတဲ့ အမျိုးသမီးက အကြွေးစာရင်း ဖွင့်ခိုင်းတုန်းက ဖွင့်ခိုင်းပြီး ငွေရှင်းချိန် ရောက်ရင် ဟိုဟာလည်း မယူရဘူး၊ ဒီဟာလည်း မယူရပါဘူးနဲ့ ကဂျီကကြောင်ကျတတ်တယ်တဲ့။ ဟိုအမျိုးသမီးကတော့ လက်နည်းနည်းဆော့တယ်။ သူလာရင် သေချာကြည့် ထားနိုင်မှ။ လူတွေ အကြောင်း သိလာတော့ ဒီလိုပဲ အလိုက်အထိုက် ဆက်ဆံတတ်လာသည်။ အမေသင်ပေးတာ မဟုတ်သလို ဘယ်သူကမှ သင်ပေးတာ မဟုတ်ပါ။ အရွယ်နှင့် အလုပ်ထံမှ အတွေ့ အကြုံက သင်ပေးသွားတာ။

“သြော် အဲဒီ ပစ္စည်းလေးက လောလောဆယ် ကုန်နေလို့ မှာထားတုန်း အဒေါ်ရေ” ဆို တာမျိုး၊ “မလုပ်ပါနဲ့ရှင်၊ ကျ ထားတဲ့အရင်းက များနေလို့ မလျှော့တော့တာပါ။ နောက်တစ်ခါဆို ကြည့်လျှော့ပေးပါ့ မယ်” ဆိုတာမျိုး။ အဲဒီလို လူတွေကိုကြည့်ပြီး အလိုက် အထိုက် ပြောဆိုဆက်ဆံတတ် လာသည့်ကျွန်မ၊ အမေ့ မျက်နှာကို တစ်ချက်ကြည့်ရုံ မျှဖြင့် အသံမဲ့ စကားလုံးတွေကိုလည်း နားလည်နေတတ်တာ မဆန်း။
“ရိုးရိုးလိုင်းပဲ အမေရယ်၊ ဘယ်အချိန်မှ တက် တက် ရပါတယ်။ လောလောဆယ် အောက်က အငယ်တွေက အပြိုင်းအရိုင်းနဲ့ တက်လာကုန်ကြပြီ။ သူတို့နဲ့ တင် အမေ မောနေတာ။ သမီးက ရပါတယ် ဖြည်း ဖြည်းပေါ့”

“သမီးအတွက် အ၀တ်အစား သစ်က အသာထားပါဦး အမေရယ်။ အိမ်မှာပဲနေတဲ့ ဥစ္စာ။ လောလောဆယ် အငယ်တွေ ဘာလိုသလဲပဲ ဦးစားပေးကြည့်လိုက်ပါ။ ပြည့်စုံအောင် ဖြည့်ဆည်းပေးတော့ သူတို့လည်း ပညာရေးမှာ ကြိုးစားရတာ စိတ်ပျော် မှာပေါ့”

“သမီးက ဟော့ဒီနား ကပ်တစ်ရန် ရှိနေပြီပဲ အမေရယ်။ ဆွဲကြိုးလေးက အထွေးကို ဆင်ပေးလိုက်ပါ။ သူက တက္ကသိုလ် တက်ရတော့မယ့်သူ မဟုတ်လား”
ထို့နောက်တွင်တော့ မှန်ကြည့်ဖြစ်တိုင်း မျက်မှောင် ကုတ်၍ သက်ပြင်း မောချနေ တတ်သော မျက်နှာတစ်ခုနှင့် ကျွန်မ အလွန်ရင်းနှီးလာ သည်။ ငယ်ငယ်လေး ကတည်းက အားပါးတရရှူ ရှိုက်ခဲ့ရသော လေထုက လည်း ယခုတော့ တစ်ခုခု ပိတ်ဆို့နေသလိုလို။ စိတ်ထဲ မှာ တစ်စုံတစ်ခုဟာ ဘ၀ထဲ မှာ တဖြည်းဖြည်း ယုတ်လျော့ ပျောက်ဆုံးလာနေတာ ကိုတော့ ခံစားမိနေသည်။ ဘာရယ် ဟုသာ မတွေးဖြစ် သေးတာ။ အင်း အချိန်ပေး၍ မတွေးရဲသေးတာဟု ဆိုလျှင် ပိုမှန်မည်လား မသိပြီ။

၅။
“အမေရေ ဒီမှာ ထမင်း အိုး ငှဲ့လက်စတန်းလန်းမို့ ဆိုင်ထဲ ၀ယ်သူ မရှိရင် ကလေးသိပ်ထားတဲ့အခန်း ထဲ ပြေးဝင်ကြည့်ပေးပါဦး။ သမီးနားထဲငိုသံကြားသလား လို့”

မသိလျှင် ကိုယ်ကပဲ ကလေးအမေလိုလို။ တကယ်တမ်းက ကျောင်းပြီး ပြီးချင်း မိန်းမကောက်ယူ လိုက်သည့် အလတ်ကောင် မောင်အလိမ္မာတုံး၏ ရင်နှစ် သည်းချာသာဖြစ်သည်။ အိမ်ခွဲနေပေမယ့် သူတို့ငှားနေ တာ ဒီအနီးအနားတွင်ပဲဆို တော့ ကျွန်မတို့မှာ မျက်နှာ မလွှဲနိုင်။ ကလေးက မူကြို ထားရမည့် အရွယ်မတိုင်သေးသလို ကလေးထိန်းလက် ၀ကွက်အပ်ပြီး အိမ်မှာ တစ်နေ ကုန် ပစ်ထားခဲ့ရအောင်က လည်း စိတ်မချ။ လခက လည်းကသီတော့ နောက်ဆုံး လက်ပိုက်ကြည့်မနေနိုင်ဖြစ် နေကျ ကျွန်မနှင့် အမေကပဲ “တို့တွေပဲ ထိန်းထားပေး ပါ့မယ်ဟယ်” ဆိုပြီး လက်ခံ လိုက်သည့်သကာလကလေး က မိဘနှစ်ပါး အလုပ်သွားတာနှင့် အိမ်ကို ရောက်လာ သောင်တင်နေတော့တာပင်။

“အငယ်ကောင်က အခု ဆေးကျောင်း ဒုတိယနှစ်။ အထွေးက ဆယ်တန်းအောင်လို့ ခုမှ တက္ကသိုလ် စတက်မှာ။ တာဝန်တွေက အများ ကြီးကျန်သေးတာပဲနော်”

ဝေဖန် လာသူတွေကို ကျွန်မ ပြုံး၍သာ နားထောင် ပေးလိုက်ပါသည်။ မတတ် နိုင်ဘူးလေ။ ဘယ်သူကမှ ကိုယ့်ခေါင်းပေါ် တကူးတက လာတင်ပေးထားတာ မဟုတ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်လွတ်ရုန်းလိုက်လျှင်လည်း ဘယ်သူ ဘာပြောနိုင် တာမှတ်လို့။ အမေ့ကိုသနား တာ၊ ကိုယ့်မျက်နှာမော့ကြည့် နေရရှာသည့် အငယ်တွေကို ဥပက္ခာမပြုရက်တာကြောင့် သာ။

“ဒီလိုပဲ တူ၊ တူမတွေ ထိန်းရင်း အပျိုကြီးပဲလုပ် တော့မှာလား”

“ဒါပေါ့၊ ငြိမ်းအေး တယ်လေ၊ မကောင်းဘူးလား”

မေးသူတွေက ဘာရယ်မဟုတ် ခပ်ပါးပါးမေးလာ တာမျိုး ဖြစ်နိုင်ပေမယ့် ဖြေသူ အဖို့တော့ ရင်ထဲကအနာ အကင်းမသေနေတာ ထိုးဆွ ခံလိုက်ရသလိုမျိုးလည်း ဖြစ်နေတတ်သည် မဟုတ်လား။ ကိုယ့်ဘ၀နှင့်မသက်ဆိုင်သော အရာဟု သိစိတ်က ကန့်သတ် ထားပေမယ့် နှလုံးသားကဖြင့် တံခါးခေါက်သံကြားလျှင် ခေါင်းထောင်ကြည့်ချင်တတ်တာက ခက်သည်။ ဒါပေ မယ့်လည်း မျှော်လင့်ချက် ပေးဖို့ရာပင် အဆင်မပြေသည့် မိန်းမတစ်ယောက်အနား ဘယ်လိုအချစ်မျိုးက နား လည်မှုရှိစွာ စောင့်ဆိုင်းနေမှာတဲ့လဲ။ တစ်ခါတစ်ခါကျ တော့လည်း (ယခုအချိန်မှာ အနီးအပါး၌ မရှိတော့ပြီ ဖြစ်သော)နွေးထွေးခဲ့ဖူးသည့် မျက်ဝန်းညိုတစ်စုံကို နင့်နင့် နဲနဲ လွမ်းဆွတ်မိသလိုလို။

သို့ပေမယ့် လက်ထဲ ပွေ့ပိုက်ထားရသည့် တာဝန် ၀တ္တရားတို့ထံ မျက်စိတစ်ဆုံး လည်ဆန့်မျှော်ငေးကြည့်မိ ပါလျှင်တော့ မလျှောက်ဖြစ် ခဲ့သော လမ်းကလေး၏ ပုံရိပ်က ပါးလျေ၀၀ါးသွားရ ပြန်ပြီ။

၆။
“တစ်ခါတလေကျ တော့လည်း ဘာမှမသိတတ် နားမလည်တတ်တဲ့ လူမျိုးတွေ ကမှ လောကကြီးမှာ အနေ ချောင်တာဟ။ တစ်ကိုယ် ကောင်းဆန်တယ် ဆိုတာ နာမည်သာဆိုးတာ လူက အတော်သက်သာတဲ့အလုပ်။ အဲဒီလို မလုပ်နိုင် မလုပ်ရက် တဲ့ တို့လိုလူစားတွေကျတော့ တာဝန်မြင်တာနဲ့ ဘယ်သူမှ ပြောစရာမလိုအောင် အလိုက် တသိ ၀င်ဝင်ထမ်း...။ ထမ်း ရင်းနဲ့ အဲဒီတာဝန်တွေက တဖြည်းဖြည်း ကိုယ့်အပေါ် ပိကျလာလိုက်တာ နောက်ဆုံး ဘယ်ကဘယ်လိုပြန်ထွက်ရမှန်း လမ်းစရှာမရဘဲ ပျောက်က ရော။ အဲဒါကြောင့် တစ်ခါ တစ်ခါလည်း ဘာမှမသိ တတ်တဲ့လူစားမျိုးပဲ ဖြစ်ချင် မိတော့တယ်”
ဘ၀တူသူငယ်ချင်း တစ်ယောက်၏ ခံစားချက် အပြည့်နှင့် ရင်ဖွင့်သံကို နား ထောင်မိတော့ ကျွန်မလည်း ဖျတ်ခနဲ တွေးမိရသည်။ ကျွန်မလည်း ယခုအချိန်မှာ “ကလေးနေရာ ကလေးနေ နော်၊ လူကြီးတွေအရာထဲ ၀င် မပါနဲ့” ဟု အရာရာ၌ အမေ စိတ်မချစွာ တားမြစ်ကန့် သတ်ခံနေရဆဲ အရွယ်လေး ဖြစ်နေသေးလျှင် ဘယ်လောက် ကောင်းလိမ့်မလဲ။ လူကြီးတွေ စကားဝိုင်းနား သီ ခွင့်မရသော၊ ထမင်းဟင်း ချက်တိုင်း ကပေါက်တိ ကပေါက်ချာ လျှောက်လုပ် တတ်သော၊ အိုးခွက်ပန်းကန် ဆေးတိုင်း မကြာခဏ လွတ်ကျကွဲစေတတ်သော၊ တံ မြက်စည်းလှည်းရာ၌ နဂိုရှိ သည့်အမှိုက်ကို ပိုမိုရှုပ်ပွ အောင် လက်စွမ်းပြတတ် သောအရွယ်မျိုး ပြန်အောက် မေ့လှပါဘိ။ သို့ရာတွင် ကိုယ်ဖြတ်သန်းခဲ့ ဖူးသော အရွယ်ပေမယ့် ထိုခံစားချက် ကို ယခုလက်ရှိ အသက် အရွယ်၏သိစိတ်ထဲ အသက် သွင်းခံစားကြည့်ချင်၍ မရ တော့တာသည်ပင် “ဒါ ဘ၀ ပါလား” ဟု ဒီကနေ့ ကျွန်မ တို့ နားလည်လက်ခံ ထားကြ ရသည့် ဘ၀အဓိပ္ပာယ်တစ်ခု မျှသာ ဖြစ်ပါလိမ့်မည်။

၇။
ယခုနောက်ပိုင်းတွင် ငယ်ဘ၀ကို ကျွန်မ မကြာခဏ အိပ်မက်မက်ပါသည်။

ငွေဇင်ယော်ဦး၊မိုးကုတ်၊

တောင်တန်းကြီးများ၏ ဟိုမှာဘက်ဆီ

ဖုန်တချို့ ပေကျံနေသော ဗင်န်ကားဖြူလေး တစ်စီးသည် ချယ်ရီပင်တွေ တန်း၍ ချယ်ရီပင်တွေ တန်း၍ ချယ်ရီပွင့်တွေ ဝေနေသော တောင်ပတ် မြေနီလမ်းလေး အတိုင်း ကွေ့ပတ် တက်လာ နေသည်။

သီးခြား လမ်းသွယ်လေး တစ်လျှောက်ရှိ အိမ်တန်းများမှ တချို့ လူများသည် ဘယ်သူများ ပြန်လာပါလိမ့် ဟူသော စူးစမ်း အကြည့်များနှင့် အဆိုပါ ခရီးသည်တင် ကားလေးဆီ မျှော်ငေးကြည့် ကြသည်။ သူစိမ်း မဟုတ်ကြောင်း သိသွားသည့် အခါ “ဟေး ပြန်လာပြီလား” ဟု ၀မ်းသာအားရ ဟစ်အော် နှုတ်ဆက်ကြသည်။ “ဘာလက်ဆောင်ပါလဲ” ဟု ရင်းနှီး ချစ်ခင်စွာ လှမ်းကျီစယ် ကြသူတွေလည်း ရှိသည်။ အိမ်နီးချင်းများကို အလိုက်သင့် ပြန်ပြုံးရယ် နှုတ်ဆက်နေသည့် ဆိုင်သူ့ ရင်မှာဖြင့် နှလုံးခုန်သံက တဒိတ်ဒိတ် မြန်ဆန် နေခဲ့ပြီ။

သမီး အတွက်တော့ ဤခံစားမှုသည် သူစိမ်း တစ်ရံဆံဖြင့် မဟုတ်ပါချေ။ သို့ပေမယ့် ဤခံစားချက်က သမီးအတွက် ဘယ်နှခါ ကြုံကြုံ အသစ်အသစ် ဖြစ်စွာ နွေးထွေးဆဲ။ ရင်ခုန် စိတ်လှုပ်ရှား မိမြဲ။ မြတ်လေးပန်း ရုံနွယ် တက်လျက် ရှိနေသော ခြံအ၀င် တံခါးပေါက် ခုံးခုံးလေးကို သဲကွဲ ပီသစွာ လှမ်းမြင်ရချိန် မှာတော့ သမီး၏ ကြည်လင် ထက်သန်သော မျက်ဝန်းအစုံမှာ မျက်ရည်ကြည်တို့ ခိုတွယ် စပြုနေလေပြီ။ သမီး လှမ်းပြောလိုက် သဖြင့် ကားဆရာ က ထိုခြံရှေ့ တည့်တည့်၌ ကားကို တုံ့ခနဲ ရပ်ပေးသည်။ တစ်နေကုန် လှန်းထားသည့် တိုဟူးခြောက် ဗန်းတွေ သိမ်းရင်း အလုပ်များ နေသော အမေသည် ကပိုကရို ကျနေသော တဘက် ခေါင်းပေါင်းကို ကပျာကယာ ပြင်ပေါင်းရင်း ခြံဝဆီသို့ အပြေးတစ်ပိုင်း လျှောက်လာ လေသည်။

ရုပ်ရှင် ဇာတ်ကားတွေထဲ မှလို အမေက “သမီး” ဟု ငိုသံပါ ကြီးဖြင့် လှမ်းမခေါ်သလို သမီးကလည်း “အမေ” ဟု ၀မ်းသာအားရ ပြေးမဖက်ပါ။ သို့ရာတွင် အပြေးတစ်ပိုင်း လျှောက်လာ ဆီးကြိုသူနှင့် ခပ်သွက်သွက် ဆင်းလာသူတို့ မျက်နှာချင်းဆိုင် ဆုံကြသော အခါ တူညီသည့် ၀မ်းသာ ကြည်နူးမှုများ ပြည့်လျှံသွား ပုံက နံဘေးမှ ကားဆရာထံပင် ကူးစက် ရောက်ရှိ သွားစေတာ အမှန်။ တစ်ယောက် မျက်နှာတစ်ယောက် ခေတ္တမျှ ငေးစိုက် ကြည့်နေမိ ကြပြီးမှ အမေသည် ၀ဲလုလု မျက်ရည် စတွေကို မျက်တောင်တွေနှင့် မသိမသာ ပုတ်ခတ် သိမ်းဆည်းလိုက်ကာ သူ့ပင်ကို ထုံးစံ အတိုင်း စကားတိုးတိုးစတင် ပြောလေသည်။

ခါတိုင်း ညနေ သုံးနာရီဝန်းကျင်လောက် ကားဝင် နေကျမို့ အမေက ဤနေ့အဖို့ သမီး ပြန် မလာတော့ဘူး ထင်နေသည်တဲ့။ သမီးကလည်း ဟိုက ထွက်လာကတည်းက ကား အခက်အခဲ ရှိ၍ နောက်ကျ သည့်ကားကို စီးခဲ့ရကြောင်း ပြန်ပြောပြသည်။ အထုပ်တွေ ချပေးပြီး သူတို့သားအမိကို နှုတ်ဆက်ကာ ကားဆရာ ထွက်ခွာသွားတော့ အမေက သမီး၏ ခရီးဆောင် အိတ်ကို ဆွဲမ၏။ သမီးက “အမေ လေးနေပါ့မယ်” ဟု ညင်ညင် သာသာဆိုရင်း အိတ်ကို ပြန် ဆွဲယူသည်။ အမေက လည်း အလျှော့ မပေးသော အပြုံးဖြင့် “သမီးက ခရီးပန်း လာတာ။ အမေ ဆွဲပါ့မယ်” တဲ့။ နောက်ဆုံးတော့ သမီး နှင့်အမေသည် အိတ်ကို တစ်ဖက်စီ ဆွဲကာ ပြုံးရယ်လျက် အိမ်လေးထဲသို့ အတူတကွ ၀င်ရောက် သွားကြလေသည်။ အမေ့ အိမ်ပြန်ရောက် လာရ၍ ပျော်ရွှင်နေသော သမီး၏ အသံလေးက အမေ့ နားတွင်းမှာ ဆည်းလည်းသံမျှ ချိုလွန်းနေသည်။

သမီး ခြေလက် ဆေးနေခိုက်မှာ အမေက လုပ်လက်စတိုဟူး ခြောက်တွေကို ခပ်သွက်သွက် သိမ်းလျက် လက်စဖြတ်သည်။ ခေါက်သိမ်း ထားခဲ့တာ နှစ်ပေါက်ပြီ ဖြစ်၍ ပရုတ်လုံးနံ့ပင် သင်းနေပြီဖြစ်သော အနွေးထည် ထူထဲထဲကို ၀တ်ဆင်ကာ မီးဖိုခန်းထဲ သမီး ၀င်လာချိန်မှာ အမေက ထမင်းပွဲ ပြင်နေခဲ့ပြီ။ “အမေကော စားပြီးပြီလား” ဟုမေးတော့ အမေ ကပြုံးလျက် “သမီးလာချင် လာမှာ ဆိုပြီး မစားသေးဘဲ စောင့်နေတာ” ဟု ဖြေလေသည်။ တိုတောင်း ရိုးစင်းလှသော အမေ့ အဖြေက သမီး၏ နှလုံးအိမ် ကိုဖြင့် ထိခတ် လှုပ်ရှား သွားစေတာ အမှန်။ ဖွင့်မပြော သော်ငြား သမီးအကြိုက် တမင် ချက်ထားပေးမှန်း သိသာ နေသည့် ဟင်းခွက်များကို ကြည့်ပြီး သမီးရင်ထဲ ကြည်နူး ချမ်းမြေ့ ရပါ၏။ ၀က်ရိုးနှင့် ရောချက်ထား၍ နူးအိကာ အရသာ ရှိလှသော မုန်ညင်းစောကို တူနှင့် ညှပ်လျက် သမီးက အမေ့ ပန်းကန်ထဲ ဦးချပေးသည်။ အမေက မုန်ညင်းစော ပန်းကန်ထဲမှ အသားဖတ်လေးကို ဆယ်ယူပြီး သမီးပန်း ကန်ထဲပြန်ခပ် ထည့်ပေးသည်။

အိမ်အပြင်ဘက် ဆီမှာတော့ လိမ္မော်ရောင် နေလုံးကြီးသည် မှိုင်းညို့ညို့ အနောက်ဘက် တောင်တန်းကြီးများ၏ နောက်ကျောဘက်သို့ တအိအိ တိုးဝင် ပုန်းကွယ်လျက်ရှိနေ ခဲ့ပြီ။

ညရောက်တော့ မီးဖိုလေးကို အလယ်၌ ချ၍ အမေ နှင့်သမီး စကားလက်ဆုံ ပြောမကုန်။
အမေ တစ်နိုင်တစ်ပိုင် ပြုလုပ်ထားသော ခေါပုတ်ကို မီးကင်စားကြသည်။ သမီးက ခေါပုတ်ဆိုလျှင် ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ထားသည့် ခေါပုတ် အဖြူကော၊ ငချိပ်နှင့် ပြုလုပ်ထားသည့် ခေါပုတ်ကိုပါ မက်မက်စက်စက် ကြိုက်သည်။ လူတစ်ကိုယ် အကြိုက် တစ်မျိုး ဆိုသည့် အတိုင်း အချို့က ထိုခေါပုတ်ကင်ကို သကြားနှင့် တွဲဖက် စားကြသည်။ တချို့ကျတော့ ဆားနှင့် နှမ်းထောင်ဖြူး စားသည်။ တချို့ကျတော့ ထန်းလျက် အမှုန့်ကို ခေါပုတ် အပြားတွင် ထည့်လိပ်ပြီး စားသည်။

သမီး ကြိုက်သည် ကတော့ ဆီတိုဟူး ဖြစ်သည်။ ခိုက်ခိုက်တုန်အောင် ချမ်းအေး လှပါသည့် ဆောင်းနံနက်ခင်း၊ သို့မဟုတ် ဆောင်းညချမ်း အခါနှင့် မီးဖို နံဘေးထိုင်ကာ ခေါပုတ်ကင် ပူပူလေးကို ဆီတိုဟူးနှင့် တွဲဖက်စားရသည့် အရသာ လောက် လိုက်ဖက် ဟန်ကျတာ သမီး မကြုံဖူး သေးချေ။ ကင်ပြီးပြီးချင်း ခေါပုတ် ပူလောင်လောင်ကို ဖက်နှင့် အုပ်ကိုင်ကာ တဖူးဖူးမှုတ် စားရသည်က ၀မ်းထဲနွေးလှ သည်။ မြို့ပြ ရင်ခွင်ရောက် ခိုက်သမီး မကြာခဏ လွမ်း ဆွတ် အောက်မေ့ မိနေကျ အမေ့ မီးဖိုချောင်ထဲမှ စားစရာ တစ်မျိုးပေါ့။ ခေါပုတ်ကင်မှ အစပြု၍ မြို့ပြရောက် အမေ့ သမီး၏ အစားအသောက် ကသီလင်တ ဖြစ်ပုံတွေ ကြား ရသောအခါ အမေသည် များစွာ စိတ်မသက်သာ လှသော မျက်နှာဖြင့် နားထောင် ရှာလေသည်။

တာဝန်ယူ ကျွေးမွေး နေရသည့် ၀န်ထမ်းအင်အား အရ သမီးတို့ အလုပ်ရှင် သူဌေး၏ ချင့်ချိန်စိစစ်မှု၊ ၀တ္တရား ကျေရုံ စားဖိုမှူးများ၏ အချက်အပြုတ်လက်ရာ၊ အလုပ်သဘောအရမှ အပ စေတနာချို့တဲ့လှသော အဖြစ် ဟင်း၊ အဖြစ်ထမင်းများကို စားကြရသည့် အဝေးရောက် သမီးတို့ တစ်တွေသည် အမေ့အိမ်နှင့် အမေ့လက်ရာကို မျှဝေ ရင်ဖွင့်ရင်း ကိုယ်စီ လွမ်းကြရသည် ဆိုပါသည်။

အမေ့အိမ်ဆိုတာ ဘယ်လို အရာမျိုးနှင့်မှ နှိုင်းယှဉ်၍ မရလောက်အောင် နွေးထွေး လုံခြုံသည့်တန်ဖိုးကြီး ရိပ်မြုံ တစ်ခုဟု သမီးကလှိုက်လှိုက် လှဲလှဲပင်ဆိုသည်။ အမေ့ထံ သတိတရ ဖုန်းလှမ်းဆက်စဉ်က “အမေ ဖြင့် ဒီနေ့ မုန်ညင်းစော ချက်ပြီး ငါ့သမီးကို သတိရနေ သေးတယ်” ဟူသည့် စကားကြား ရတော့ သမီးမှာ မျက်ရည်ပင် လည်မိခဲ့ရပါတယ်တဲ့။ “အဲ့ဒီ စကားပြောတုန်းက အမေလည်း မျက်ရည် လည်နေခဲ့ရတာပဲ သမီးရယ်” ဟူသော စကား ကိုတော့ ခုနေခါမှာ အမေက မပြောဖြစ် လိုက်ပါ။ ရှားရှား ပါးပါး ရောက်လာသော သမီး နှင့် ပျော်ရွှင် ကြည်နူးစရာ စကားတွေ ကိုပဲ အမေ ပြောချင်သည်။ စိတ်ချမ်းသာ စရာ ရယ်မောသံ များသာ အမေ ကြားလိုသည်။ သမီး မရှိခိုက် ဒီအိမ်လေးမှာ ယောင်ချာချာနှင့် အထီးကျန် အဖော်မဲ့ရချိန် တွေ အကြောင်း အမေ ကိုယ်၌က အသိဆုံး မဟုတ်လား။

နေပူသည့်အခါ၊ မိုးရွာသည့် အခါ၊ နှင်းတွေ တဖွဲဖွဲကျသည့် အခါ အမေ့ရင်ခွင်၌ တစ်လျှောက် လုံးရှိလာခဲ့သော သမီးနှင့် မိုင်ပေါင်းများစွာ ဝေးကွာ နေရသည့် အဖြစ်သည် အမေ့ကို ၀မ်းနည်း ချောက်ချားစေ ပါသည်။ လောကဓံ ဆိုသည့် တရားကြီးကို ရင်ချင်းအပ် သို့မဟုတ် ကျောချင်းကပ်၍ ရင်ဆိုင်ဖော် ဆိုလို့ တစ်လောကလုံးမှာ သမီးနှင့် အမေ နှစ်ယောက်တည်း ရှိသည် မဟုတ်လား။

သို့ပေမယ့် အတောင် အလက်စုံ၍ ပျံသန်းချိန် ရောက်လာသည့် သမီး၏ ဆန္ဒကို အမေသည် ဆံချည်တစ်မျှင် စာမျှပင် မတားဆီးရက် ခဲ့ပါချေ။ အမေကိုယ်၌က ပညာတတ်ကြီး တစ်ယောက် မဟုတ်ခဲ့ပေမယ့် သမီးကိုတော့ဖြင့် ပညာတတ် တစ်ယောက် ဖြစ်လာအောင် အမေ့ ရှိသမျှ အားမာန်အပြည့်နှင့် ပြုစု ပျိုးထောင်ပေးခဲ့သည်။ သားသမီးများစွာ၏ အလယ်၌ ဖတဆိုး သမီးလေးရယ်လို့ အမေ့သမီး ဘယ်အခါကမှ မျက်နှာ မငယ်ခဲ့ရပါ။ သမီးပင် မမှတ်မိလိုက်သည့် သွားလေသူ သမီး အဖေ၏ ကိုယ်စားကော၊ အမေ့ မေတ္တာပါ ပေါင်းစပ်ကာ သားသမီး တစ်ယောက် အနေနှင့် သမီး ပိုင်ဆိုင်ခွင့် ရခဲ့သည့် မေတ္တာသည်အခြား သားသမီးတွေထက် မသာလျှင်တောင် တစ်ရွေးသားမျှ မလျော့ကြောင်းကိုဖြင့် အမေ တပ်အပ် သေချာပြောနိုင် ပါသည်။

မြင့်မြင့် ပျံစေချင်သူ အမေ့ရင်ခွင်ဆီမှ အချိန်တန်၍ သမီးပျံသန်းသွားသည်ကို ၀မ်းနည်းဝမ်းသာစွာ အမေ ငေးမောကျန်ရစ်ခဲ့သည်။ “သမီးသွားလို့ ဖြစ်ပါ့မလား” ဟု သမီး နောက်ဆံတင်းနေ သည်ကို အမေက စိတ်ပူစရာ မလိုကြောင်း နှစ်သိမ့်တိုက် တွန်းခဲ့သေးသည်။ သမီးနှင့် မခွဲလိုသော်လည်း သမီးဟာ အမေ့လို ခြံအလုပ်နှင့် တကုပ်ကုပ် အချိန်ကုန် ခံရမည့် ပညာမဲ့ တစ်ယောက် မဟုတ် ပေဘူး။ အမေတို့ အိမ်ကလေး မှ အနောက်ဘက်တောင်ယံ တစ်ကြောဆီ လှမ်းမျှော်ကြည့် လိုက်သည့် အခါ နေခြည်အောက်၌ ရွှေရည်ရောင် တောက်ပနေသော တောင်နေကြာဝါ၀ါ တို့ကို သမီးတွေ့ဖူးသည် မဟုတ်လား။ သမီး၏အနာ ဂတ်ပန်း ပွင့်လန်းဖို့ရာမှာ နေရောင်ခြည် လုံလုံလောက် လောက်ရနိုင်မည့် နေရာဆီသို့ သွားရပေမည်။

ထိုမှ သမီးနှင့်ရှေ့နောက် မရှေးမနှောင်းပင် သမီးနှင့် ရွယ်တူ အဖော်တွေပါ တစ်နေရာစီ ရောက်ရှိကုန်သော အခါ သမီးသည် အဝေးတစ်နေရာ ၌ အမေ့အတွက် စိတ်ချဖွယ်၊ မိမိကိုယ်ကို သင့်တင့်သော ယုံကြည်မှုဖြင့် မတ်မတ်ရပ် နိုင်ခဲ့ပြီ ဖြစ်သော မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့ပြီ။ ဟိုဆီမှာ ရာသီဥတုက ဖြင့် အတော်ပူသတဲ့။ လေအေးစက်၏ အရသာသည် သမီးတို့ တစ်သက် ခိုလှုံ လာခဲ့သော မြို့ကလေး၏ သဘာဝ အအေးဓာတ်နှင့် အရသာချင်း ကွာလှသတဲ့။ ပြီးလျှင် လုပ်ငန်းခွင်၌ တစ်ဦးနှင့် တစ်ဦး “နေရာ”မပေးချင်သော ရောင်စုံ စိတ်ဓာတ်များ၊ အံ့ဖွယ် လောကဓံ၏ အဖြစ်သနစ်တွေ အကြောင်း အမေ့ကိုတိုင်တည် ဖွင့်ဟချင်၊ အမေပူပန်စိတ် ညစ်မှာလည်း စိုးရှာသူသမီးက နောက်ဆုံး စာကြောင်းအဖြစ် “ဒါပေမယ့် စိတ်မပူပါနဲ့ အမေရယ်။ သမီးက အားလုံး နှင့်အဆင်ပြေအောင် နေတတ်ပါတယ်” ဟု အဆုံးသတ် တတ်သည်။

အမေကတော့ “မေတ္တာ” နှင့် ဆက်ဆံလျှင် ဘ၀၌ တိမ်းစောင်းဖွယ်မရှိ ကြောင်း သမီးကို တဖွဖွ အားပေးခဲ့သည်။ ထိုမှ တစ်နှစ် ပြည့်၍ သမီးပြန်လာချိန်မှာ ခွင့်ရက်စေ့လျှင် အလုပ်ခွင်ပြန် ၀င်ဖို့ရာ အသင့်ဖြစ်နေသော ရင့်ကျက်သူ တစ်ယောက် အဖြစ် အမေ မြင်ခွင့် ရခဲ့ပါသည်။ အလုပ်ခွင်၌ နေရာရသော “ကြီးကြပ်သူ” ပီပီ အရွယ်နှင့်မမျှ ရင့်ကျက် တည်ငြိမ်ပါသည် ဆိုသော သမီးသည် အမေ့ ရင်ခွင်ဆီ ပြန်ရောက် လာလျှင်ဖြင့် ပီဘိ ကလေးငယ်သဖွယ်ပင်။ အမေချက်ကျွေးတာ စားသည်။ အမေ ဆင်ပေးတာဝတ်သည်။ အမေ့အပြုအစု အယုယကို ခံယူသည်။ ထိုကာလ၌ “ဘယ်တော့ ပြန်သွားမလဲ” ဟု မေးသူရှိလာလျှင် သမီး က မကြိုက်တော့ချေ။

“တစ်နှစ်မှ တစ်ခေါက်လေး ပြန်လာရတာ။ ဒီအချိန် လေးမှာ အမေ့ရင်ခွင်ထဲ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ အပူပင်ကင်း ကင်း နေချင်ပါတယ် ဆိုမှနော်။ လူတွေက သိပ်ခက်တာပဲ အမေရယ်”

မေ့ထားသည် ဆိုသော်လည်း သမီး ပြောလေရာ စကားတိုင်း၌ ခေတ္တခဏ ချန်ထားရစ်ခဲ့ရသည့် အလုပ် တာဝန်များ၏ အငွေ့အသက်က ပါလာတတ်စမြဲ။ တစ်နှစ်တာလုံး ရင်တွင်းသိုလှောင် သိမ်းစုထားရသမျှ ပျော်စရာ၊ စိတ်ညစ်စရာ၊ အဆင်ပြေမှု၊ အဆင်မပြေမှုတွေ...။ သမီး မျက်နှာကို မျက်တောင်မခတ် ကြည့်ကာ နားထောင်နေသူ အမေကတော့ သမီးရယ်လျှင် သူလည်း လိုက်ရယ်၊ သမီး မျက်နှာညိုလျှင် သူလည်း မျက်နှာနွမ်းရင်း ခံစားချက် တွေက ထပ်တူထပ်မျှ။ သမီး က “နှယ်နှယ်ရရ မှတ်လို့ နော်။ သမီးက အမေ့ သမီးပဲ ဥစ္စာ” ဟု ပိုပိုသာသာ အမူအရာဖြင့် အရွှန်းဖောက်လျှင် တော့ အမေက မျက်စိပေါက်များ ပိတ်အောင် ပြုံးရယ် သဘော ကျနေတတ်လေသည်။ အမေ့မှာတော့ သမီးသိလို သည့်အကြောင်းအရာတွေကို ဖြေပေးရန်မှ အပ ပြောစရာ အထွေအထူး မရှိလှပါချေ။ သမီးသိသည့် ဘယ်သူ ဘယ်ဝါကဖြင့် ဆုံးပါးသွားခဲ့ပြီ။ ဘယ်သူကဖြင့် အိမ်ထောင် ရက်သားကျသွားပြီလေ။ သူတို့ကတော့ ပြီးခဲ့သည့်နှစ် ကပဲ ရှိသည့် အိမ်ဝိုင်းလေးကို လာရောင်းပြီး အပြီးအပိုင် ပြောင်းရွှေ့သွားခဲ့ကြပြီ။ စကားတွေ အလျဉ်မပြတ်ဆို နေရာမှ သမီးနှာတစ်ချက် နှစ်ချက် ချီပြီဆိုလျှင်တော့ အမေ့မှာ စိုးရိမ်ပူပန် စိတ်နှင့် အိပ်ရာဝင်ရန် စကားဖြတ်ရပြီ လေ။ အပူကို မကြိုက်ပေမယ့် အပူတော၌ နေသားကျနေပြီ ဖြစ်သောသမီးသည် မြို့ကလေး၏ အအေးဓာတ်ကို ခံနိုင်ရည် မရှိတော့ချေ။

ပြီးတော့ အချိန် လု၍ ပြန်လာရခိုက် ရက်တိုတို လေးအတွင်းမှာ သမီးဖျားနာ၍ မဖြစ်သေး။ သမီးလုပ်ချင် သည့်ဆန္ဒတွေက သမီးရထား သည့် ခွင့်ရက်လေးများနှင့် မလောက်ငလောက်အောင် ပြည့်ကျပ်၍ နေသည်။ တစ်ရက်လောက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ ကွယ်လွန်သူ အဖေ့အတွက် ရည်စူးပြီး ဘုန်းကြီး ငါးပါးလောက် ပင့်၍ ဆွမ်းကပ်ချင်သေးသည်။ သမီးတို့ သားအမိသွားနေကျ စိုက်ပျိုးရေးခြံတွေဘက်လည်း အမေနှင့် ပျော်ပွဲစား သွားချင် သေးသတဲ့။ အားလပ်သည့် အခါ ဟိုမှာ သမီး သင်လာသည့် စားသောက်ဖွယ်ရာ အချို့ကိုလည်း အမေ့ကို ပြန်လုပ်ကျွေး သွားဦးမည်တဲ့။ အမေ့ကို “ဟော့ပေါ့” တစ်အိုး လောက် ချက်ခိုင်းကာ သမီး သူငယ်ချင်းတွေကို တစ်ရက်လောက် ခေါ်ကျွေးချင်သေးသ တဲ့။ ဘယ်သူဘယ်ဝါတွေကဖြင့် မြို့ကလေးမှာရှိနေသည်။
ဘယ်သူကဖြင့် မရှိ။ ဒီလို လက်ချိုး ရေတွက်ကြည့်ပြန် တော့ သမီးမျက်နှာ ညှိုးနေ သည်။ “အမေတို့ သူငယ်ချင်း တွေများဖြင့် ခုထိချစ်ချစ်ခင် ခင် စည်းစည်းလုံးလုံး နေနိုင် ကြတုန်းနော်” ဟု အားကျသံ ဖြင့်ဆိုသည်။ အမေက ပြုံး လျက် နှစ်သိမ့်ရပါသည်။

ခေတ်တွေကလည်း ကွာဟခဲ့ ပြီကိုးလေ။ အမေတို့တုန်းက သမီးတို့ အရွယ်ရောက်လာလျှင် မိဘ မျက်စိအောက်တင် လုပ်ကိုင် စားသောက်စရာ ဒေသလုပ်ငန်းက မြို့ကလေးမှာ အဆင်သင့်။ ဒီတုန်းကများ အမေတို့မြို့မှာ သမီးတို့လို တစ်နယ်ရပ်ခြား စီးပွားထွက် ရှာသူရှားပါး လှ၍ တခြား တစ်ကမ္ဘာမှ ဂြိုဟ်သားပမာ အကြည့်ခံရသတဲ့။ တစ်မြို့ တစ်ရွာသားတွေပင်လျှင် အမေတို့မြို့ကလေးဆီ ရေကြည်ရာ မြက်နုရာ အဖြစ် တခုတ်တရ လာရောက် လုပ်ကိုင်စားသောက် ကြရပါသတဲ့။ ခုတော့ဖြင့် ခေတ်ကာလ အရွေ့အပြောင်းမှာ အခြေ အနေတွေကလည်း ပြောင်းလဲ ခဲ့ကြပြီ။ သားသမီးများနှင့် အမေများကြား တောင်တန်း ကြီးတွေလည်းခြား။ “ဒါပေမယ့် အအေးဓာတ်ကတော့ အရင်အတိုင်းပဲ နေမှာပါ အမေရယ်” ဟုသမီးက အမေ့ကို ပြန်လည် နှစ်သိမ့်လေသည်။

ခေါင်မိုးပေါ်မှာဖြင့် နှင်းစက်တွေတဖြောက်ဖြောက် ကျနေသံကြားရသည်။
ရှိသမျှ ဂွမ်းစောင်ထူ တွေ အထပ်ထပ်ခြုံထားတာ တောင် နွေးသည်မထင်ရသော အိပ်ရာလေးထဲမှာ သမီးနှင့် အမေကတော့ မေတ္တာဓာတ် ဖြင့် နွေးထွေးလျက် ရှိနေခဲ့ကြ ပြီ။ နောက်ကျောမှ နေ၍ သမီး ၏ခါးကိုသိုင်းဖက်ထားသော အမေ့ လက်များ၏ ကြမ်းရှပိန် လှီသော အထိအတွေ့ကို သမီး က သနားကြင်နာ စိတ်ဖြင့် ထွေးဆုပ် ခံစား မိနေခဲ့ ပါသည်။ သြော် တစ်ချိန်တုန်း ကတော့ အဖိုးတန် ကျောက်ကလေး တွေကို ဖွဖွညင်သာ ကိုင်တွယ်ခဲ့ သည့်လက်။ ခုတော့ သီးပင် စိုက်၊ အားနှင့်မာန်နှင့် တိုဟူး ကျိုသည့်လက်။ မှတ်မိပါ သေးသည်။ အမေ မကြာခဏ ပြောနေကျ စကား။ လေနာ ရောဂါ ပါလာသော သမီးသည် မွေးစမှ ငါးလအရွယ် အထိ နေ့နေ့ညည အအိပ်အနေ နည်းပါးကာ အမြဲငိုနေပါ သတဲ့။

အကြမ်းပါသည် ထင်၍ ဆရာတွေကို သွား မေးရ၊ လိပ်ပြာခေါ်ပေးရ၊ အင်္ဂလိပ်ဆေး၊ ဗမာဆေး စသဖြင့် လက်လှမ်းမီရာနည်း ပေါင်းစုံနှင့် အမေသည် သမီး အငိုရပ်အောင် ကြိုးစားသော် လည်း သမီးကတော့ ကူညီ ထိန်းကျောင်း ပေးလိုသူတွေ မှန်သမျှ လက်လန်ကုန်အောင် အငိုသန်နေဆဲဖြစ်ခဲ့သည်။ ဘာလုပ်ရမှန်းမသိတော့သော အမေသည် သမီးနှင့်အပြိုင် ရောငိုရင်း ကြံရာမရစွာ ဘုရားစင်ရှေ့ ပုဆစ်တုပ်ထိုင်ရင်း “ဖြစ်နိုင်ရင် သမီးလေး၏ ဝေဒနာကို တပည့်တော်မသာ ရွှေ့ပြောင်း ခံယူပေး ပါရစေ ဘုရား” ဟုပင် ဆုတောင်းမိ တော့သည်တဲ့။ ပြုစုပေးရ သည့်အပေါ် ပြစ်တင်ငြူစူ ခြင်း မရှိသည့်အပြင် သမီး၏ ဝေဒနာကိုပါ လွှဲယူခံစားပေး လိုက်ချင်သည့် အမေ့ မေတ္တာက သိတတ်လာချိန် သမီးအတွက် ကြက်သီးမြမြ ထရလောက်အောင် ကြည်နူးဖွယ်ရာ။
သို့ပေမယ့် ခုနေခါမှာ အရွယ်ရောက်လာသည့် သမီးက အရွယ်ကျလာပြီ ဖြစ်သည့် အမေ့အပါး၌ ရှိမနေနိုင်ခဲ့။ ရှိ မနေနိုင်သေး ဘူးလေ။ အမေ မသိသော သမီး၏ တိတ်တခိုး မျက်ရည်ပူ တစ်စက်သည် ခေါင်းအုံးပေါ် ညင်သာစွာ လိမ့်ဆင်း ကျသွားခဲ့ ပါသည်။

ရှည်ကြာ ပြည့်စုံလှသော အမေ့ဆုပေး စကား ဆုံးသွားသည့်တိုင် ကြမ်းပေါ်ပု ဆစ်တုပ်ထိုင်လျက် လက်အုပ် ချီထားသော သမီး၏ ဦးခေါင်း ကဖြင့် မော့လာခြင်း မရှိသေးပါ။ ပင့်သက်ကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက် နေကြသော မိန်းမသား နှစ်ဦး၏ ပစ္စက္ခ အခြေအနေကို အိမ်ရှေ့ဆီမှ ကားဟွန်းသံက ထိုး ဖောက်ဖြိုခွင်းပစ်လိုက်ပါသည်။ သမီးသည် အိမ်ကလေးကို ခဏကြာမျှ မျက်လုံးဝေ့ ကြည့်လိုက်ပြီး အ၀တ်အိတ် ဆွဲကာ အိမ်ထဲမှ ခပ်ဖြည်း ဖြည်း ထွက်လာသည်။ သမီး နှင့် ဘ၀တူအဖော်များ အတူ တကွ စားသောက်ရန် တကူး တက ကြော်လှော် ထည့်ပေးလိုက်သော အစားအသောက် ခြင်းကို ဆွဲလျက် အမေက နောက်မှ လိုက်ပါလာသည်။ တစ်ညလုံး တဖြောက်ဖြောက် ကျသံ ကြားနေခဲ့ရသော ခေါင် မိုးပေါ်မှ နှင်းတချို့ အငွေ့ပြန် လျက်ရှိနေသည်။

အပြင်မှာတော့ သမီးကို နှုတ်ဆက်ရန်နှင့် သမီးလို အဝေးရောက် သားသမီးတွေထံ ပစ္စည်း လူကြုံထည့်ရန်၊ အမှာစကား ပါးရန် အမေ တချို့သည် ကားနံဘေး၌ ရပ်စောင့်နေကြ လေသည်။ “ပြောလိုက်ပါဦး။ အိမ်ကိုလည်း ဖုန်းဆက်ပါ ဦး။ ပြန်လာပါဦးလို့” ဟု မှာသူက မှာနေကြချိန်မှာ လူကြုံပါးရန် လက်လှမ်းမမီ သည့် ဝေးသီခေါင်ဖျားဆီ ရောက်နေကြ သူတို့၏ အမေ များကဖြင့် ငေး၍သာကြည့် နေနိုင်ရှာကြသည်။ ကားပေါ် တက်ခါနီးမှာ သမီးက အမေ့ လက်ကို ဆုပ်ကိုင်လိုက်သော အခါ အမေကလည်း တင်းတင်းကျပ်ကျပ် ပြန်လည်ဆုပ်ကိုင် ဖျစ်ညှစ် မိလေသည်။ သမီးက အမေ့ကို အားပေး လိုက်တာလား။ အမေက သမီးကို အားပေး လိုက်တာလား။

ထိုခဏမှာဖြင့် နှစ်ယောက်သား အကြား အထွေ ထွေအပြားပြား။ အဖြူဘက် လုနေပြီ ဖြစ်သော အမေ့ နားသယ်စပ်မှ ဆံစတွေဆီ ငေးရီ ကြည့်မိခိုက်မှာ သမီးရင်ထဲ လှိုက်ခနဲ။ ဒါဟာ အခိုက် အတန့်ပါ အမေ။ ဘ၀ ဘ၀ တွေထဲက လွန်ဆန် မရနိုင်စွာ ဖြတ်သန်း ကျော်လွှား ကြရတဲ့ အခိုက်အတန့်လေး တစ်ခုပါ။ တစ်နေ့ ကျရင်တော့ အမေ့အိမ် လေးဆီ ပြန်လာပြီး သမီးနဲ့ အမေ အတူတူ ပြန်နေကြမယ်။ အဲဒီ တစ်နေ့ဟာ မနက်ဖြန်လား။ သန်ဘက်ခါလား။ သူ့ထက် ပိုဝေးတဲ့ ဖိန်းနွှဲခါမှ လေလား၊ သမီးမသိပါ။

လှမ်းမျှော်ကြည့်မိရာ အဝေး တစ်နေရာ ဆီမှာတော့ နေရောင် မကျရောက် သေးသော အေးစက်စက် နှင်းထု ကြားမှ တောင်တန်းကြီးများ သည် သမီးတို့ တွေကို ခပ်စိမ်းစိမ်းပင် ငုံ့မိုးကြည့် နေခဲ့ပါသည်။

ငွေဇင်ယော်ဦး၊မိုးကုတ်၊