အကြွေးနှင့် အတွေး

တံခါးဝမှ သော့ ခလောက်ကိုကြည့်ပြီး “ဒီတစ်ခါလည်း နောက်ကျသွားပြန် ပဟ”ဟု မချင့်မရဲ တွေးမိ လိုက်သူက ကိုမြတ်သူပဲ ဖြစ်လေသည်။ ဒါတောင် မမီလိုက်မှာ စိုး၍အိပ်ရာမှ နိုးနိုးချင်း ထမင်းပင် မစားအား သေးဘဲ အပြေးအလွှား ထလာခဲ့ခြင်းပင်။
မနေ့ညကလည်း ပြန်လာနိုး ပြန်လာနိုးနှင့် တံခါးပိတ်ထားသည့် ခြံရှေ့ ဆိုင်ကယ်ရပ်ပြီး ထိုင်စောင့်သည့်မို့ ပတ်ဝန်းကျင်ကပင် ဘာပါလိမ့်ဟု စူးစမ်း ကြည့်ခြင်း ခံရသေးသည်။ ဖိုးရွှေသောင်းထွန်းတို့ လင်မယားက ပေါ်မလာ။ ကြာတော့ ဗိုက်ကလည်း ဆာ၊ ညောင်းကလည်း ညောင်းလာသည်နှင့် “ပြန်လာရင် သူတို့ကို မြတ်သူလာသွား သေးတယ်လို့ ပြောပေပါဗျာ” ဟု နံဘေးအိမ်ကို အကျိုးအကြောင်း
ပြောပြ မှာထားပြီး ပြန်လာခဲ့ရသည်။ ထမင်း စားပြီး တစ်ခေါက်ပြန်ထပ် သွားရဦးမလား စိတ်ကူး သေးသော်လည်း ဇနီးသည် မမေနီက “မိုးလည်း ချုပ်ပါပြီ။ မနက်မှ စောစော ထသွားပါလား” ဟု တားသဖြင့် ပြန်မလာ ဖြစ်လိုက်တော့။ တွက်ကြည့်တော့ ရစရာ အကြွေးထဲ ဆိုင်ကယ် ဓာတ်ဆီဖိုး ထပ်ပေါင်းလျှင်ပင် မနည်းတော့ပါချေ။
ခေါက်တုံ့ခေါက်ပြန် သွားလိုက်ပြန် လိုက်လုပ်နေရသည်မှာ ယခု တစ်ခေါက်နှင့် ပေါင်းလျှင် ဆယ်ခေါက် လောက်တောင် ရှိပြီထင်သည်။ သေချာသည်က လက်ရှိ ကိုသောင်းထွန်းတို့ လုပ်နေပုံတွေက နည်းနည်းမှ
မရိုးသားတော့ခြင်းပင်။ သမားရိုးကျ လွဲချော်နေခြင်း ဆိုလျှင် လေးငါးရက်အထိ မတွေ့စရာအကြောင်း လုံးဝမရှိ။ လုပ်စရာအလုပ် အကိုင်ကြီးရယ်ဟု မည်မည်ရရ ရှိနေသည်လည်း မဟုတ်ပါဘဲနှင့်ကို ကိုမြတ်သူ လာတိုင်း နေ့နေ့ညည မတွေ့။ အကယ်၍ ကိုမြတ်သူ မသိနိုင်သည့် အလုပ် ကိစ္စတွေ ပေါ်နေ၍ အိမ်မကပ်နိုင်တာဆို လျှင်လည်း ကိုမြတ်သူ အိမ်ဘက် ခဏတစ်ဖြုတ်လေး လောက်တောင် လှည့်မ၀င် လာနိုင်ပေဘူးလား။ ရိုးသားသူဆိုလျှင်ပေါ့လေ။ ကိုမြတ်သူ မျှော်နေမှာကို သူ့မိန်းမ မသိလျှင်တောင် ကာယကံရှင် ကိုသောင်းထွန်းကတော့ သိသည်မဟုတ်လား။ ဘယ်ရှုထောင့်မှ တွေးတွေး သူတို့လင်မယားသည် အတွေ့မခံချင်၍ကို တမင် ရှောင်တိမ်းနေကြခြင်းက ပေါ်လွင်လွန်းလှသည်။
ကြည့်ကြသေးတာ ပေါ့လေ။ သူက သောင်းထွန်းဖြစ်သလို ကိုယ်ကလည်း မြတ်သူ ပေပဲ။ ဒင်းကပဲ
လုံအောင် ပုန်းနိုင်မလား။ ကိုယ်ကပဲ တွေ့အောင် ရှာနိုင်မလား။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့မလဲ။ အိပ်ရာလိပ်ကို သူ့ခြံဝ ချပြီးတော့ကို မတွေ့မချင်း အိပ်စောင့်လိုက်ဦးမည်။
နှစ်
“တွေ့ခဲ့ရဲ့လား ရှင့် ကိုသောင်းထွန်း”
ဧည့်ခန်းထဲရှိ ပန်းချီ ကားကို ဖုန်သုတ်နေရာမှ မမေနီက အလောတကြီး လှည့်မေးသည်။ ကိုမြတ်သူ က မျက်နှာအိုအိုနှင့် ခေါင်း သာခါပြပြီး ဆက်တီခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက် သည်။ ကိုယ်တိုင်ကိုယ်ကျ လိုက်တောင်းရသူ မဟုတ် သော်လည်း ခင်ပွန်းသည် ပြန်အလာကို အဆင်ပြေမပြေ မျှော်မောရသူ မမေနီ၏ ဒုက္ခကလည်း မသေးပါ။ ကြား ဖူးသည်ကတော့ မျှော်ရသည့် အလုပ်က ပိုမောသည် ဆိုလား။
“ဒီလင်မယား ကျွန်မတို့ အပေါ် တကယ် လုပ်ရက်တာပဲနော် ကိုမြတ်သူ”
ကျားကိုက်ပါသည်ဆို မှ အပေါက်လေးနှင့်လားဟု လုပ်ချင်နေသည့် ဇနီးမယားကို ကိုမြတ်သူက စိတ်မ ကြည်မလင် လက်စနှင့် ဘု ကြည့်ကြည့်ပစ်လိုက်သည်။ ကိုမြတ်သူ စိတ်တိုနေမှန်းသိ ၍ မမေနီက မီးလောင်ရာ လေပင့်မဖြစ်ရလေအောင် ထိန်းသိမ်းသည့်အနေနှင့်-
“လူရင်းတိုင်းလည်း လူ ယုံမဖြစ်နိုင်တာ နောက်ဆို သင်ခန်းစာ ယူရုံပေါ့ရှင်”
“သင်ခန်းစာ ယူတာ မယူတာ နောက်ထား။ လော လောဆယ် ငါ့ခေါင်းပေါ်တင် နေတဲ့ ငွေသုံးသိန်း ကိစ္စကို ဘယ်လို လုပ်ကြမလဲ။ မနေ့ ညနေကတောင် ကိုဝင်းစိန်တို့ လင်မယား မျက်နှာလာပြနေ ကြသေးတယ်မလား။ အဲ့ဒီ တစ်ခါငါနဲ့ မတွေ့လိုက်လို့ “သူ့အလုပ်ကိစ္စတွေ ကျွန်မ သိပ်မသိဘူး။ လောလော ဆယ် ငွေရပြီလို့ ပြောသံ လည်း မကြားသေးဘူး။ သူ ရှိချိန်လောက်မှ ပြန်လာမေး ကြည့်ပါလား”လို့စကားလှည့် လို့ရပေမဲ့ နောက်တစ်ကြိမ် နောက်တစ်ခါဆိုရင် အဲဒီလို လွယ်လွယ် စကားလှည့်လို့ ရပါဦးမလား။ ငွေလာပေး သွားတဲ့ အလုပ်ရှင်ဆိုတာက လည်း ငါတို့မြို့ကိုကုန်တက် ၀ယ်ရင်း အိမ်ဦးနဲ့ ကြမ်းပြင် လို လေးငါးဆယ်ရက်တစ်ခါ လူးလား ခေါက်တုံ့ ကူးသန်း နေတဲ့သူ။ အကယ်၍ သူလာ လို့ ကိုဝင်းစိန်တို့က မတော် တဆစကားကြုံလို့ပဲဖြစ်ဖြစ်၊ တကူးတက သွားတွေ့ မေးမိ လို့ပဲ ဖြစ်ဖြစ် ပိုက်ဆံပေးပြီး တာတွေပေါ်ကုန်ရင် ငါ့မျက် နှာ ဘယ်နားသွားထားရတော့ မလဲ”
“အဲ့ဒီလိုကြီးတော့ သွား မမေးလောက်ပါဘူး ရှင်ကလည်း”
ဒါပေမဲ့ ကိုမြတ်သူ ပြောသွားသမျှ အချက်တွေကို မိန်းမသား ဖြစ်သည့် မမေနီက ပို၍ပင် တစ်ဆုံးထိ တွေးပူမိပြီးပါပြီ။ အခန့် မသင့်လျှင် တစ်သက်လုံး ထိန်းသိမ်း လာခဲ့သမျှ နာမည်ပျက် ကာ လုပ်ငန်းကိုင်ငန်းလုပ်ဖို့ ခက်သွားမည်ပင် ပူရသေးသည်။ သို့သော် ပူနေသည့် သူကို အပူသက်သာလို သက် သာငြား မမေနီက နှစ်သိမ့် ပေးမိတာ။
“မမေးလည်း ကြာလာရင် ပေါ်ကုန်မှာပဲလေ။ ပေါ်ကုန်ရင် မင်းယောက်ျား မြတ်သူရဲ့သိက္ခာတော့ သွားပေရော့ မြောင်းထဲပဲ”
“အို အဲ့ဒီလိုအထိတော့ ဘယ်အဖြစ်ခံပါ့မလဲရှင်။ တောင်းမရတဲ့အဆုံးတော့ လည်း ရှိတဲ့ဆိုင်ကယ်လေး ခဏတစ်ဖြုတ် ပေါင်နှံသင့် ပေါင်နှံ၊ ရောင်းချသင့်ရောင်း ချပြီး သူများကို ပေးစရာ ရှိ တာပေးလိုက်မှ၊ပေါ့”
“ပေးရမှာကတော့ မဖြစ်မနေပေးရမှာ ငါသိပါတယ်။ ငါ့လုပ်ဖော်ကိုင်ဖက် နဲ့ တပည့်တွေဆိုတာကလည်း ရှိသူတွေမှ မဟုတ်တာ။ သူတို့ လုပ်အားခ သူတို့ ရချင်နေကြ မှာပဲလေ။ ငါ့အပေါ်ယုံကြည် စိတ်နဲ့ ခုထိ လာမမေးမြန်းကြ သေးတာကိုတောင် ကျေးဇူး တင်နေရတယ်။ အလုပ်ရှင်က လာပေးတာနဲ့ ငါက သူတို့ကို ချက်ချင်း သွားပေးမှာလို့ ထင်ကြမှာကိုး။ လောလောဆယ် တောင် သူတို့ခမျာ ရစရာရှိ တယ်ဆိုပြီး အကြွေးကြိုယူ စားတဲ့သူက ယူစားထားကြတာ”
လင်မယားနှစ်ယောက် ဆက်တီကိုယ်စီမှာ သောက ကိုယ်စီနှင့် ငိုင်တွေနေမိကြ သည်။ ခက်သည်က ကိုယ် တွေကလည်း ရရစားစား လက်သမားဆရာဘ၀မို့ လတ်တလော၌ စိုက်ထုတ် ရှင်းထားပေးစရာ ငွေပိုငွေ လျှံက လက်ထဲမှာ မရှိပါ။ ဒီလိုပဲ အငတ်ခံ၍ သာမှု၊ နာ မှုအတွက် ခြစ်ကုတ်စုထား ရသည့် ရွှေတိုရွှေစလေးများ နှင့် တရုတ် ဆိုင်ကယ်လေး တစ်စီးတော့ ရှိသည် ဆိုပေ မဲ့ စိုက်ထုတ်ရှင်းပြီး နောက် ပြန်၍များ မရခဲ့ပါလျှင်။ စဉ်းစားကြည့်လျှင် စိုက်ထုတ် ရှင်းရမည့် ငွေသုံးသိန်း ဟူသည့် ပမာဏသည် ကိုမြတ်သူတို့လို တစ်နေ့လုပ် တစ်နေ့စား လက်သမား ဆရာ အိမ်ထောင်စုမျိုးအတွက် ဘယ်လောက်တန်ဖိုးရှိသလဲ။ တွေးလေလေ ကိုယ့်လက် လွယ်မှု ပြောမလား၊ လူရင်း အပေါ်ယုံကြည်မှု ဆိုမလား။ ထိုတစ်ခုခုကိုပဲ ကိုမြတ်သူ တမြည့်မြည့် စိတ်တိုလာရ တော့သည်။
ပြီးလျှင် ညီအစ်ကိုရင်း တမျှ ခင်မင်ပေါင်းဖော်ခဲ့ကြ သည့် သူငယ်ချင်း ကိုသောင်း ထွန်း၏ လုပ်ရပ်ကိုလည်း အံ့အားသင့် စိတ်တိုမဆုံး။ နောက်ကျောကို ဓားနှင့် အထိုး ခံရသည့်အဖြစ် ဆိုသည်မှာ ဒါမျိုးကို ခေါ်ခြင်း ဖြစ်မည်။

သုံး
ဖြစ်ချင်လာ၍ ကံကိုက ဖန်လာသည်ဟုပဲ ဆိုရမည် လားမသိ။
ထိုနေ့မနက် ကိုသောင်း ထွန်း ရောက်လာချိန်သည် ကိုမြတ်သူထံ မြို့ငယ်မှ အလုပ်ရှင်က လက်သမားခ တွေ လာရှင်းပြီး နှုတ်ဆက် ပြန်သွားခါစဖြစ်သည်။ အ၀င် နှင့် အထွက်လောက်ပဲ လွဲ သည်။
“ဟ ငါ့ သူငယ်ချင်းက တယ်ထောနေပါလား”
ကျောက်ကုန်သည် တစ်ဖြစ်လဲ ပွဲစားတစ်ပိုင်း ကိုသောင်းထွန်းက ထုံးစံ အတိုင်းစမတ်ကျကျ ၀တ် ဆင်ထားပါသည်။ ရပ်ကွက်ချင်း မတူသော်လည်း တစ် ကျောင်းတည်း တစ်တန်း တည်း အတူတက်ခဲ့ကြသော သူတို့ သူငယ်ချင်း နှစ်ယောက် သည် ဘ၀ ရပ်တည်မှုကို ရွေးချယ်ရာ၌တော့ မတူညီခဲ့ကြ ပါ။ အပြောအဆို ပါးနပ် လည်ဝယ်သူ ကိုသောင်းထွန်း က ကုန်သည်ပွဲစားလောကထဲ ရောက်ရှိသွားခဲ့ပြီး ကိုမြတ်သူ ကတော့ ဖခင်အမွေဆက်ခံ ရင်း လက်သမားဆရာတစ် ယောက်ဖြစ်လာခဲ့သည်။ ရပ်တည်မှုချင်း မတူသဖြင့် နောက်ပိုင်းတော့ ကိုယ့်မိသားစု အရေးနှင့်ကိုယ် ရုန်းကန် ကျင်လည် နေကြရင်း နှစ်ယောက်သား သိပ်မတွေ့ ဖြစ်ကြတော့။ အတန်းကြီး လာပြီဖြစ်သည့် ကလေး နှစ်ယောက်စရိတ်နှင့် တဖြည်းဖြည်း ကြီးမြင့်လာနေသော ကုန်ဈေးနှုန်းအကြား ကိုမြတ်သူ လုံးချာ လည်လိုက် နေချိန်မှာ ကိုသောင်းထွန်း အဖို့လည်း ရှိသည့် ကလေးတစ်ယောက် နှင့်ပင် မနည်း ကျားကန် နေရ ပုံပေါ်သည်။ သူ့အမျိုးသမီးက အထည်လေးဘာလေး တွေ ဟိုက ယူရောင်း ဒီက ယူရောင်း လုပ်နေသည်လည်း တစ်ခါတလေ တွေ့ရသည်။
အခြေ မပျက်သော်လည်း ကမ္ဘာ့စီးပွားရေး ပျက် ကပ်၏ ရိုက်ခတ်မှုအောက်မှာ ကုန်သည်ပွဲစား အများစုနည်း တူ ကိုသောင်းထွန်းလည်း ခါတိုင်းလို မချောင်လည်တော့ ခြင်းဖြစ်မည်။ ထိုက်သင့် သလောက် နာမည်ရှိသည့် ကိုမြတ်သူပင်လျှင် ကိုယ့်မြို့ မှာ အလုပ်အမြဲ မရှိ၍ ရှိသည့် အနီးအပါးမှ မြို့ငယ်တချို့ထိ အလျဉ်းသင့်လျှင်သင့်သလို လိုက်ပါအိမ်ဆောက်နေရသည်။ ယခုတစ်ခေါက် ရလိုက်သည့် အလုပ်ကမဆိုး။ တပည့်တ ပန်းတွေကိုပါ သိမ်းကျုံးခေါ် သွားပြီး တက်ညီလက်ညီ သွားလုပ်ကိုင်လိုက်ကြသည် မှာ လက်ခကောင်းကောင်းရ ခဲ့ကြသည်။ ရခဲ့ကြသည်ဆို တာထက် ရကြမည်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သိနေ သည့် အလုပ်ရှင်က သူ့ငွေ ပေါ်အောင် ကုန်တွေ ရောင်းချ ပြီးမှ လက်သမားခကိုလာ ရှင်းသွားခဲ့သည်လေ။
ကံမကောင်းပုံက ထိုငွေ ကိုမြတ်သူ လက်ထဲ ရောက်လာချိန်နှင့်ကွက်တိ ကိုသောင်း ထွန်းက ဆိုက်ဆိုက်မြိုက် မြိုက်ကြီး အလည်ရောက်လာ တာ။
“မထောပါဘူး သောင်းထွန်းရာ။ ငါ့လူတွေနဲ့ မြို့ငယ် မှာ အိမ်သွားဆောက်ပေး ထားတဲ့ လက်သမားခ သုံးသိန်းပါ။ ခုမှရတာ”
ထိုခဏမှာ ကိုသောင်းထွန်းက တစ်ခုခုကို တွေးမိ လိုက်ပုံဖြင့် မျက်လုံးတွေ ၀င်းလက်သွားသည်။
“သုံးသိန်းဟုတ်လား။ နေစမ်းပါဦး။ အဲ့ဒီသုံးသိန်းက ခုချက်ချင်း သွားပေးရမှာလား”
“ချက်ချင်းကြီးတော့ သွားမပေးအားသေးပါဘူး။ နက်ဖြန်မှ ဖြစ်ဖြစ် သွားပေး မှာ။ ဒီညနေ ငါ့မှာ လုပ်စရာ အလုပ်လေးတွေ နည်းနည်း ပါးပါး ရှိသေးတယ်”
ကိုသောင်းထွန်းက ၀မ်းသာအားရ လက်ဖျစ်တီး လျက်....
“ဒါဖြင့် ငါ့ကို တစ်ခု လောက် ကူညီပါလား သူငယ်ချင်း”
“ဘာကူညီရမှာလဲ”
“ငါအခုပွဲစား လုပ်နေတဲ့ ကျောက်တစ်ပွင့် ဈေးအရမ်း တော်နေတယ်။ ဖြစ်ချင် တော့ ငါ ရောင်းပေးနေကျ လူကလည်း လောလောဆယ် ၀စီပိတ် တရားစခန်း ၀င်နေတယ်။ ကျောက်ရှင်က လည်း ဒီတစ်ရက်နှစ်ရက် အတွင်း ခရီး ထွက်တော့မှာမို့ မရောင်းရရင် သူ့ကျောက်ကို ပြန်ယူတော့မှာ။ တစ်ရက်နှစ် ရက်လေးနဲ့ ကပ်လွဲသွားရင် နှမြောစရာကြီး။ အဲ့ဒါ မြတ် မယ့်ကျောက်ကွ။ ငါ့လူ ရောက်လာလို့ ပြန်ရောင်းရင် အနည်းဆုံး လေးသိန်းအောက် မရှိဘူး။ ခက်တာက ငါ့မှာ လည်း ခါတိုင်းလို ငွေမရွှင် တော့ ညစ်နေတာကွာ အဲ့ဒါ”
ဘာကို ဆိုလိုသည်မှန်း ဒက်ခနဲ နားလည် လိုက်သော်လည်း ကိုမြတ်သူက ရုတ်တ ရက် စကား ရေရေရာရာ မပြန် နိုင်။ ကိုသောင်းထွန်းကို မယုံ ဘူးဆိုသည်ထက် ကိုယ့်ဘက် မှ ကြုံရနိုင်စရာ အခက်အခဲ တချို့ကို လှမ်းတွက်ဆချင့် ချိန်လိုက်မိခြင်းပင်။
“လုပ်ပါကွာ။ ရောင်း ပြီးရင် ဘယ်လောက်ရရ မြတ်တဲ့ တစ်ဝက်ကို မင်းယူပါ”
“ဟာ ဒီလိုမဟုတ်ပါ ဘူး။ ငါ့ငွေပိုင်မဟုတ်တော့ အကယ်၍ တစ်ခုခု လွဲချော် သွားခဲ့ရင်၊ နေဦး။ လွဲချော်ခဲ့ ရင်ဆိုတာ မင်းကိုဆိုလိုတာ မဟုတ်ဘူးနော်။ အခန့် မသင့်လို့ မှန်းထားသလို ငွေချက် ချင်း ပြန်မချိန်း နိုင်ခဲ့ရင် ငါ့ ဘက်က တာဝန်ပျက်ကွက် သလိုဖြစ်သွားမှာ တွေးပူတာပါ။ မင်းသိတဲ့ အတိုင်းပဲ ငါ့ လူတွေ ဆိုတာက ဒီဝင်ငွေ လေးတွေနဲ့တင် ရပ်တည်နေ ကြရတာကွ။ ခုတောင် ယောက်ျားက ခရီးထွက် အလုပ် လုပ်နေတုန်း အိမ်က ဇနီးမယားနဲ့ သမီးသားတွေ က အကြွေးကြိုတင် ယူစားထားသူက ယူစား ထားကြရ တာ။ မြန်နိုင်သမျှ အမြန်ဆုံး သူတို့လက်ထဲ ငွေရောက် လေကောင်းလေပေါ့။ ဒီညနေ တောင် ငါမအားလို့”
“မင်းပြောတာ ငါ သဘောပေါက်တယ် သူငယ်ချင်း။ စိတ်ချ မင်းလုံးဝ စိတ်မပူ စေရဘူး။ ငါ အာမခံ တယ်ကွာ။ တကယ် သေချာလို့ ငါပြောတာပါ။ အကူအညီ တောင်းတာပါ သူငယ် ချင်းရာ”
ဒီထက်ပိုငြင်းနေ၍ လည်း မကောင်းတတ်သည် မို့၊ ပြီးလျှင် မယုံကြည်စရာ စိုးစဉ်းမျှမရှိသည့် သူငယ် ချင်း အရင်းခေါက်ခေါက်ကြီး ပေမို့။ သို့ပေမဲ့လည်း ခုတော့ ထိုသူငယ်ချင်းအရင်းခေါက် ခေါက်ကြီးကြောင့်ပင် ကိုမြတ် သူတို့ လင်မယား ခေါင်းခဲ နေကြရပြီလေ။ မဟုတ် သေး။ ခေါင်းမီးတောက်နေ ကြရပြီဆိုလျှင် ပိုမှန်ပေလိမ့် မည်။ သန်ဘက်ခါမနက်၊ ဒါမှမဟုတ် ညနေမှာ ပိုက်ဆံ ဆက်ဆက်လာပေးပါမည်ဆို သော ကိုသောင်းထွန်းသည် ထိုနေ့ကတည်းက လိုက်လို့ မမီပြေးလေပြီ ဇာတ်လမ်းခင်း သွားသည်မှာ သန်ဘက်ခါ မနက်တင်မက၊ ဖိန်းနွှဲခါ လည်း ပေါ်မလာ။ ဘာညာ အကျိုးအကြောင်းလာပြော ခြင်းလည်းမရှိတော့ ကိုမြတ် သူလည်း ထိုင်မျှော်မနေနိုင် တော့ဘဲ အိမ်အထိ လိုက် သွားလိုက်သည်။ ထိုအချိန်ထိ ကိုသောင်းထွန်း လိမ်ညာ သွားပြီဟု မထင်မိသေးသည် မှာ အမှန်။ ထင်စရာလည်း မရှိဘူးလေ။ ဒီလူနှင့် ဒီလူ ကြား ဒီလိုဖြစ်စရာလား။ ထိုမှရှာရင်း ရှာရင်းနှင့်ပင် မတွေ့ဘဲ လေးငါးရက်တိုင် လာခဲ့တော့သည်။ အံ့သြ စရာကောင်းလောက်အောင် လင်ရောမယားပါ ကိုမြတ်သူ ရှာမတွေ့နိုင်လောက်အောင် ရှောင်တိမ်း နေနိုင်ကြ၏။ ကိုယ့်အကျိုးအမြတ် တစ်ပြား တစ်ချပ်မှ မပါဘဲ သူ့ အခက် အခဲပြေလည်ပါစေတော့ဟု ကူညီပေးလိုက်သည့် စေတ နာကိုမှ မထောက်။
တွေးမိတိုင်း တော်တော် လေး ပူလောင်မိရသည်။

လေး

“သူတို့ သွားတတ်တဲ့ နေရာတွေကော ရှာကြည့်ပြီး ပြီလားဗျ”
အပူတပြင်း လာရှာ သက်ရှည်ကြာနေပြီမို့ အိမ်နီး ချင်းတချို့နှင့်ပင် ကိုမြတ်သူ မျက်မှန်း တန်းမိနေပြီလေ။
“ကုန်ပြီ ခုတစ်လော ပေါ်မလာဘူးပဲ ပြောတယ်”
“သူ့ ယောက္ခမ အိမ် ကော”
သူတို့ကလေးကို ယောက္ခမအိမ်မှ ခေါ်ထားပေ သည်ဆို၍ ထိုအိမ်အထိ လိုက်၍လည်း ကိုမြတ်သူ အရိပ်အခြည် ကြည့်ပြီးပါပြီ။ “ခုတစ်လော အဖေနဲ့ အမေ မလာတာကြာပြီ ဦးဦး”ဟု ကလေးက ပြောသည်။ကလေးနှင့်သူ အဘွားပြော သည့်လေသံတွေကို နားထောင် ရသလောက် ကိုသောင်းထွန်း တို့လင်မယား အဆင်မပြေ ကြောင်း၊ အကြွေးတွေ ပတ်လည် ၀ိုင်းနေကြောင်း၊ ပေါင်နှံ ထားသည့် အိမ်ကလည်း အတိုးတွေ တက်နေကြောင်း၊ အရေးထဲမှာ ကိုသောင်းထွန်း ဇနီးက နှစ်လုံး၊ သုံးလုံးစွဲနေ၍ ပိုဆိုးကြောင်း၊ ကလေးကို ခေါ်ထားပေးသည့် အဘွား ကြီးထံပင် မကြာမကြာလာ လက်ဖြန့်နေကြသေး၍ ဆူပူ လွှတ်လိုက်ကတည်းက ခုထိ ပေါ်မလာကြတော့ကြောင်း တွေ သိရသည်။ ဒီလိုကျပ် တည်းနေသည့် သူငယ်ချင်း အကြောင်း သိရ၍ စိတ်မချမ်း မသာဖြစ်မိသည်မှန်ပေမဲ့ သူ ငယ်ချင်း သံယောဇဉ်နှင့် မေတ္တာ စေတနာကို ခုလိုခုတုံး လုပ်ပြီးမလုပ်သင့်မလုပ်ထိုက် သည်ကို လုပ်သွားရက်တာ ကြီး ခေါင်းထဲ ၀င်လာတော့လည်း ခွင့်မလွှတ်ချင်မိသည် မှာအမှန်။ ဘွားအေ ပြောသမျှ မိဘနှစ်ပါး မကောင်းကြောင်း နားထောင်ရင်း မျက်ရည် တလည်လည်ဖြစ်လာသည့် ကလေးမလေးကို သားသမီးချင်း စာနာစိတ်နှင့် အိတ်ကပ် ထဲပါလာသည့် ငွေငါးရာကို မုန့်ဖိုးပေးပြီး ထပြန်လာရ သည်က ကိုမြတ်သူသာ။
နောက်ဆုံးတော့လည်း စိတ်တိုခြင်းထက် စိတ်ဓာတ် ကျကာ ကိုမြတ်သူတစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန် လာခဲ့ရသည်။ မတွေ့ချင်၍ ရှောင်ပုန်းနေသူဆိုမှတော့ ရှာ ရခက်ပြီပေါ့။
တောက် ဘယ်ကမ္ဘာမှာ များ သွားပုန်းနေကြပါလိမ့် နော်။
ခြံဝရောက်ခါနီးမှ ဗြုန်း ခနဲရလိုက်သည့် အတွေးတစ် စကြောင့် ကိုမြတ်သူ ဆိုင် ကယ်ကို ရပ်လိုက်မိသည်။ ကြည့်စမ်း ဒါဖြစ်နိုင်ကြောင်း ဘာကြောင့်များ စောစော မတွေးမိရပါလိမ့်။ ချက်ချင်း ပင် ဆိုင်ကယ်ကို ပြန်ကွေ့ပြီး လာရာလမ်း အတိုင်း အမြန် မောင်းထွက်သွားသော ကိုမြတ် သူကို မမေနီက အိမ်ပေါက်ဝ မှ အူကြောင်ကြောင်နှင့် ရပ်ကြည့် ကျန်ရစ်ခဲ့သည်။ ဒီတစ် ခါတော့ ကိုမြတ်သူက ဆိုင် ကယ်ကို ကိုသောင်းထွန်းတို့ လမ်းထဲအထိ မ၀င်ဘဲ လမ်း ထိပ်ကွမ်းယာဆိုင်၌ ခဏအပ် ထားခဲ့ပြီး ခြေလျင်လျှောက် သွားသည်။ လမ်းပေါ်မှ ခပ်ရွယ်ရွယ်ခဲတစ်လုံးကို လည်း အသင့်ကောက်ယူ သွားလိုက်ပါသည်။ သွပ်မိုး ပျဉ်ကာတစ်ထပ် အိမ်ကလေး၏ တံခါးရှိရာသို့ အသံမပြုဘဲ ခြေသံလုံလုံဖြင့် ချဉ်းကပ် သွားကာ သော့ခလောက်ကို ခဲဖြင့် ခပ်ပြင်းပြင်း ရိုက်ချ လိုက်တော့ ချောက်ခနဲ ပွင့် သွားသည်။ ကိုမြတ်သူ၏ လျှပ်တစ်ပြက် တွေးဆချက် ဒက်ထိ မှန်ကန်နေကြောင်းကို ၀ရုန်းသုန်းကားသံ သဲ့သဲ့ ထွက်ပေါ်လာရာ အိမ်တွင်း ဆီမှ ခြေသံတစ်ခုက ကောင်း ကောင်းကြီး သက်သေ ခံနေပါသည်။
တံခါးပွင့်သွားတော့ အိမ်ထဲမှာ ဘယ်သူ့ကိုမှ မတွေ့။
သို့ပေမဲ့ စားလက်စ ကိတ်မုန့် တစ်ပိုင်းတစ်စနှင့် ရေတစ်ခွက် မီးမသေသေး သည့် ဆေးလိပ်တိုတို့က အဖြစ်မှန်ကို ဖော်ပြလျက်ရှိ နေကြသည်။
“ပုန်းမနေနဲ့တော့ သောင်းထွန်း။ မင်းရှိနေတာ ငါသိတယ်။ ယောက်ျားပဲ ကွာ။ လုပ်ရဲရင် ခံရဲရမှာ ပေါ့။ ရှုပ်ရဲရင် ဖြေရှင်းရဲရ မှာပေါ့။ မင်းနဲ့ငါ့ကြားတုတ် တပြက်ဓားတပြက်လည်း မဖြစ်ချင်ဘူး။ ရုံးရောက်ဂတ် ရောက်လည်း မဖြေရှင်းချင် ဘူး။ ဒီတော့ ခုချက်ချင်း ငါ့ ပိုက်ဆံပြန်ပေးပါ။ မပေးရင်တော့ စောစောက ငါပြောတဲ့ အချက်တွေထဲက တစ်ခုပဲ ဖြစ်ဖြစ်၊ နှစ်ခုလုံးပဲ ဖြစ်ဖြစ် မင်းနဲ့ငါ့ကြား ရောက်မလာ ဘူးလို့ ငါ အာမခံဘူးနော်”
တစ်အောင့်အကြာမှာ ဆီးရွက်သာသာ မျက်နှာငယ် လေးဖြင့် ကိုသောင်းထွန်း တစ်ယောက်အခန်းထဲမှ တွန့် ဆုတ်တွန့်ဆုတ်ဖြင့် ထွက်လာ ပါသည်။ သူ့ဇနီးပါ ပါလာ လေမလား စောင့်ကြည့်နေ သော်လည်း ထွက်မလာပါ။
“မင်းမိန်းမကော”
“မင်းဆီက ငါယူလာတဲ့ ငွေတွေ အကုန်ယူပြီး ဘယ်ကိုမှန်း မသိဘူး လစ် သွားတာ။ အဲ့ဒီညရဲ့ နောက် တစ်နေ့ မနက်ကတည်းကပဲ”
ကိုမြတ်သူ အံ့အား သင့်သွားသည်။
“ငါနဲ့ စကားများရန်ဖြစ် ပြီး တမင်ငါ့ကို ပညာပြသွား တာဆိုတော့ ငါလည်း ကျိတ် ရှာနေရဲ့နဲ့ကို ခုထိ မတွေ့ သေးဘူး မြတ်သူ။ တွေ့ရင် တော့ ဒီကောင်မကို လည် ပင်းညှစ်ပြီး အသေသတ်ဖို့ စိတ်ကူးထားတယ်။ မင်းကို ပြောထားတဲ့ ကတိမတည် နိုင်တော့သလို လျော်ပေး စရာပိုက်ဆံလည်း ခြူးတစ် ပြားမှ မရှိလို့ လုပ်မိလုပ်ရာ အိမ်ထဲသော့ခတ်ပြီး ပုန်းနေတာ”
ထင်ထားသလို မဟုတ် ၍ ရုတ်တရက် ကိုမြတ်သူ ဘာပြောရမှန်းမသိ။
“ကဲ သူငယ်ချင်း။ ငါ့ ဘက်ကတော့ မင်းကို ပြော စရာ စကား ဒါအကုန်ပဲ။ ခွင့်လွှတ်ပါလို့လည်း အဓိပ္ပာယ်မရှိတဲ့ စကားမပြော ပါရစေနဲ့။ ငါ့လုပ်ရပ်က ဘယ်လိုမှ ခွင့်မလွှတ်ထိုက် တာ ငါသိတယ်။ ဒီတော့ မင်း စိတ်ကြိုက်သာ ဆုံး ဖြတ်။ ငါ့ကို လက်သီးနဲ့ ထိုး ချင်တယ်ဆိုလည်း ငါ ပြန် မလုပ်ဘူးလို့ ကတိပေးတယ်။ သုံးသိန်းဖိုး ပြည့်တယ်လို့ မင်း ထင်တဲ့အထိ ထိုးသွားကွာ။ ရဲလည်း ငါမတိုင်ဘူး။ ဒါမှ မဟုတ်လို့ သတ်ချင်သပဆို လည်း ရော့ ဒီမှာဓား။ ပေါင်မုန့်လှီးတဲ့ ဓားဆိုပေမဲ့ ငါခဏခဏသွေးထားလို့ ထက်ပါတယ်။ ဒါမှမဟုတ် တရားဥပဒေအတိုင်း ဖြေရှင်းချင်တယ်ဆိုလည်း မင်း သဘောပဲ။ ငါကတော့ မင်း ခေါ်တဲ့နောက် ခေါင်းငုံ့ပြီး လိုက်လာရုံပဲ”
စူးစူးရဲရဲ စိုက်ကြည့် နေသူနှင့် မျက်လွှာချခေါင်း ငိုက်စိုက်ရပ်နေသူအကြား အတန်ကြာတော့ တောက် ခေါက်သံပြင်းပြင်းတစ်ချက် ထွက်ပေါ်လာသည်။ ဘယ်သူရှိရမည်လဲ။ ကိုမြတ် သူပေါ့။
“သောင်းထွန်းရာ မင်းကွာ”

ငါး
အိမ်ထဲ လှမ်းဝင်လာသည့် ကိုမြတ်သူကို မြင်မြင် ချင်း မမေနီက “ဘယ့်နှယ် လဲ” ဟု အလောတကြီး လှမ်းမေးသည်။ ဖြေရန်ဟန် ပြင်ပြီးကာမှ နံရံထက်ချိတ် ဆွဲထားသည့် ပန်းချီကား ချပ်ကြီးဆီ အကြည့်ရောက် သွားတော့ ကိုမြတ်သူ မျက် နှာထား ပြောင်းသွားသည်။ ဒါကို သတိပြုမိလိုက်သည့် မမေနီကလည်း “ဘာပါလိမ့်” ဟုတွေးရင်း ကိုမြတ်သူ နည်းတူ ပန်းချီကားရှိရာ ယောင်တောင်ပေါင်တောင် နှင့် လှမ်းကြည့်မိသည်။ နေ့စဉ် ဖုန်အမြဲ သုတ်နေကျမို့ ပန်းချီကားသည် သန့်စင် ၀င်းလက် လျက်ရှိနေသည်။ ထိုပန်းချီကားသည် ကိုမြတ် သူ၏ မိဘတွေ ရှိစဉ်ကတည်းက ဧည့်ခန်းထဲ တရိုတသေ နေရာပေးကာ ချိတ်ဆွဲလာခဲ့ သော သမိုင်းဝင် ပန်းချီကား ချပ်ကြီးလည်း ဖြစ်ပါသည်။
ရောယောင်ကြည့်မိနေ တုန်း ကိုမြတ်သူထံမှ “မေနီ” ဟု ခေါ်သံထွက်လာ၍ မမေနီ ရုတ်တရက် လန့်သွားသည်။
“ဘာလဲ ကိုမြတ်သူ”
“ဟော့ဒီထဲက အာဇာနည် ခေါင်းဆောင်ကြီးတွေက တော်တော် လေးစားစရာ ကောင်းတာပဲနော်”
အဆက်အစပ်မဲ့ စကား ကို မမေနီက ကြောင်တောင် တောင်နှင့် မျက်ခုံးပင့်ရင်းမှ-
“ဟမ် အဲဒါကိုရှင်က ခုမှ သိသလား။ အားလုံး သိပြီး လက်ခံ ထားပြီးသား ကိစ္စကို”
“ဟုတ်တယ်။ အဲဒီလို အားလုံးနည်းတူ ငါလည်း လက်ခံထားပြီးသား ကိစ္စကို ဒီနေ့မှ ငါပိုလက်ခံလိုက်မိ သွားတာကို ပြောတာ”
“ဘာဖြစ်လို့တုံး”
“ဟ ကိုယ့်လူရင်းက နက်ဖြန် သန်ဘက်ခါကျရင် ဆက်ဆက်ပြန်ပေးပါမယ်ဆို ပြီး ချေးသွားတဲ့ အကြွေးကို တောင် ပြန်ရအောင်တောင်းဖို့ ဒီလောက်ခက်နေတာ။ တိုင်း ပြည်ကြီးတစ်ခုလုံးကို တိုင်း တစ်ပါးနယ်ချဲ့တွေ လက်ထဲ က ပြန်ရအောင် ယူပေးနိုင်ခဲ့ ကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး တွေရဲ့ စွမ်းပကားက ဘယ် လောက်တောင် အံ့မခန်းနိုင် သလဲ။ ချီးကျူးဂုဏ်ပြုဖို့ ကောင်းသလဲ။ မင်းပဲ စဉ်းစားကြည့်ပေါ့”
မမေနီ ပါးစပ် အဟောင်းသား ဖြစ်သွား သည်။
ပြောချင်ရာ ပြောပြီး နောက် ပန်းချီကားဆီအကြည့် ပြန်ရောက်နေပြီဖြစ်သည့် ကိုမြတ်သူကတော့ ပြီးဆုံး ဟန်မတူသေးသည့် သူ့ အတွေးနှင့်သူ ခေါင်းတညိတ် ညိတ် လုပ်နေတုန်း။

ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

1 comments:

မိစံ said...

အရမ်းကောင်းတဲ့ဇာတ်လမ်းလေးနဲ့အသိတရားလေးပါ..
လူသားအားလုံးရဲ့ရင်ထဲ..ကိုမြတ်သူလိုအတွေးလေးတွေရောက်ကြပါစေ..

ချစ်ခင်အားပေးလျှက်

Post a Comment