ကိုယ့်နေရာ သူ့နေရာ

၁။
“ဟေ့ နင်တို့ သူငယ်ချင်း သူဌေးမ ပြန်လာတော့မယ်တဲ့နော်။ ကြားပြီးပြီလား”


အိမ်ပေါက်ဝ၌ လာရပ်ပြောသံကြောင့် စက်ချုပ်နေရာမှ ကျွန်မ ဖျတ်ခနဲ မော့ကြည့်တော့ လွင်လွင်ခိုင်ကို တွေ့လိုက်ရပါသည်။ အိပန်တို့ ဘေးခြံမှ လွင်လွင်ခိုင်။

“လာလေ လွင်ခိုင်။ ထူးထူးခြားခြား ဘယ်က လှည့်ဝင်လာတာလဲ”

သူ့အိမ်က ကျွန်မတို့နှင့် တစ်လမ်းကျော်ဖြစ်ပြီး ခါတိုင်း လာလေ့လာထ မရှိ၍ မေးမိရခြင်း ဖြစ်သည်။
“ဟိုနားခဏ လာရင်း လမ်းကြုံလို့ ၀င်လာတာ”

“ဒါနဲ့ ခုနက နင်ပြောတဲ့ တစ်ယောက်က ဘယ်သူ”


“သူဌေးမလေ။ အိပန်ဦးကို ပြောတာ”
ကျွန်မ အံ့သြ သွားရ သည်မှာ အမှန်။  တစ်ဆက်တည်းမှာပင် ၀မ်းလည်းသာသွားရပါ သည်။

“ဟုတ်လား ဘာလာ လုပ်မှာတဲ့လဲ”

“အလှူလို့ပြောတာပဲ။ သူ့အဒေါ်ပြောတာလေ။ သူတို့ သားအမိ မနက်ဖြန်ရောက် မှာတဲ့။ နင်တို့ဆီ ဖုန်းမဆက် ဘူးလား”

“ဟင့်အင်း”
“ဒီလောက်ခင်တဲ့ သူငယ်ချင်းတွေကိုတောင် သူ လာမယ့်အကြောင်း ဖုန်းဆက်ဖော် မရဘူးလား။ အံ့သြ ပါ့။ အင်းလေ သူဌေး ဖြစ်သွားပြီဆိုတော့ စိတ်ပြောင်းသွားပြီ နေမှာပေါ့”

သူ့စကားကြောင့် ကျွန်မမှာ စိတ်ကသိက အောက် ဖြစ်သွားရပါ၏။
“သြော် သူ မအားလို့နေ မှာပေါ့ လွင်ခိုင်ရယ်”

“အံမယ်လေး တချို့တွေ ရှိတယ်နော်။ ဘ၀မြင့် လာတော့ ဘ၀င်မြင့်ကုန်တာ”

လူမှမမြင်ရသေး၊ ကြိုတင် လိုရာ ဆွဲတွေးနေသည့် လွင်လွင်ခိုင့်ကို ကျွန်မ စိတ် ပျက်လာသည်။ အိပန် ဆိုသည်က ကျွန်မတို့နှင့် တစ်သက်လုံး ခင်လာတွဲလာသည့် သူငယ်ချင်းလေး။ သူ ပြောသည့် လူစားမျိုး မဟုတ်။ သို့ ပေမဲ့ မတွေ့ရသည့် နှစ်များ အတွင်း အိပန်တစ်ယောက် ပြောင်းလဲသွားလျှင်တော့ မသိဘူးပေါ့လေ။

“လာလေ လွင်ခိုင်။ အိမ် ပေါ်ထိုင်ဦး။ မတ်တတ်ကြီး”

“နေနေ ရတယ်။ အိမ်မှာ ချုပ်လက်စ အထည်တွေ ဒီအတိုင်း ပုံချခဲ့တာ။ ပြန်ဦးမှ”

ပြောပြောဆိုဆို ပြန်ပြေး သွားသည့် လွင်လွင်ခိုင်ကို ကျွန်မ အူကြောင်ကြောင်နှင့် ငေးကြည့်ကျန်ရစ်ခဲ့သည်။
အင်း အိပန်တို့က မနက် ဖြန်ညနေ ရောက်မည်ဆိုသော်လည်း ကျွန်မက သန်ဘက်ခါ မှ သွားတွေ့နိုင်ပါမည်။ သွားသည့်အခါ နွယ်နီကိုပါ တစ်ခါတည်း သူ့အိမ်၌ ၀င်ခေါ် သွားလိုက်မည်။ အိပန်လာ မည်ဟုသိလျှင် နွယ်နီလည်း တော်တော် ပျော်သွားမှာ သေချာပါသည်။


၂။
တကယ်တမ်းကျတော့ ကျွန်မပင် မသွားလိုက်ရဘဲ ရောက်သည့် ညနေစောင်းမှာ အိပန်တစ်ယောက် နွယ်နီကို ခေါ်၍ ကျွန်မအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချ လာပါသည်။
“ဟယ် အိပန်ရယ်။ ငါ က မနက်ဖြန်မှ လာမလို့ကို”

“လာမလို့ဆိုတော့ နင် ကငါလာမှာ ကြိုသိလို့လား”

“သိတယ်လေ။ မနေ့ကတင် လွင်လွင်ခိုင် လာပြောသွားတာ”

အနည်းငယ်အံ့သြ သော အမူအရာဖြင့် အိပန်က “သြော်” ဟု ရေရွတ်သည်။
“အိပန် နင်ဝလာတယ် သိလား”

“လှရော မလှလာဘူးလား”

“လှပါ့။ တကယ်ပြောတာ။ ငါ့သူငယ်ချင်းကို ငါတောင် ရုတ်တရက် မမှတ်မိချင်ဘူး”

သည်နေရာ အရောက်မှာ ကျွန်မတို့ နှစ်ယောက် ပြောသမျှကိုပြုံးပြုံးလေးနားထောင် နေသောနွယ်နီက ၀င်ပြောသည်။
“ဟုတ်တယ် ဟုတ်တယ်။ ငါတို့ဆိုင် ပေါက်ဝမှာ ရုတ်တရက်ပေါ်လာပြီး “နွယ် နီရေ” လို့ ခေါ်လိုက်တဲ့ အသံလည်း ကြားရော ငါ့မှာ ကိုယ်များ မျက်စိမှားသလားလို့”
“နင်တို့ နှစ်ယောက်ကတော့ ငါ့မျက်စိထဲမှာဘာမှကို မပြောင်းလဲဘူး။ အရင်လို ပါပဲ”

ပြောရင်းနှင့်မှ အိပန်က ကျွန်မစက်ချုပ်ခုံအနီး လာရပ် ကြည့်သည်။
“မြလေး အလုပ်တွေ များနေတာလား။ အထည်တွေကို ပုံနေတာပဲ”

“များဆို လာမယ့် အပတ်ထဲမှာ အလှူ ရှိတယ်လေ။ အဲ့ဒီ အလှူလှည့်ကို လိုက်မယ့်သူတွေ လာအပ်ထား တာတွေ ချုပ်ပေးနေရတာ”

“အလုပ်တွေတော့ အဆင်ပြေကြတယ် မဟုတ်လား”

“ဒီလိုပါပဲ” ဟု ကျွန်မ ဖြေဖြစ်သည်။ ရယ်ဒီမိတ်တွေ သူ့အတိုင်းအတာနှင့်သူ အလွယ်တကူ ပေါပေါပဲပဲ ၀ယ်၍ ရနိုင်သည့်ခေတ်မို့ အရင်ကလို များများ မချုပ်ရ တော့သည်ကို ကျွန်မတို့သာ အသိဆုံးမဟုတ်လား။
“နွယ်နီရော”

“ငါလည်းဒီလိုပဲလေ” ဟု နွယ်နီက ပြုံးရင်းဖြေသည်။

“မနက် မိုးလင်းတာနဲ့ ငါ့ အဒေါ်အိမ်သွား။ စားသောက် ဆိုင်ဆိုတော့ ဈေးဝယ်ရ တယ်။ ကြော်လှော်ရတယ်။ သိမ်းရဆည်းရတယ်။ ဖုန်းဆိုင်ပါ တွဲထားလို့ ဖုန်းလိုက် ပို့ရတယ်”
“လခတော့ ပေးတယ် မလား”

“ပေးပါတယ်။ စားပြီး သောက်ပြီး တစ်လငါးသောင်း”

“မဆိုးပါဘူး”

“ဆိုးတယ်ဟဲ့။ ငါ့မိဘ တွေက မပြေလည်တော့ ရသမျှ တစ်ပြားမကျန်အပ်ရ တယ်လေဟာ”

“ဦးတို့ အန်တီတို့ကော အခု ဘာလုပ် နေကြနေလဲ”

“အရင်လိုပဲပေါ့။ ငါ့ အမေက တစ်ခါတလေလည်း ငါးပိငါးခြောက်လေး တွေ သူများနားကယူရောင်း တဲ့အခါ ရောင်း၊ အဖေက လည်း အလုပ်ရှိရင်လုပ် မရှိရင်မလုပ်။ ခါတိုင်းလိုပဲလေ”

အိပန်က ခေါင်းညိတ်သည်။
“နင်ကော အခုဘာတွေ လုပ်နေလဲ အိပန်”
“ငါလား အင်း ဘာ တွေလုပ်နေလဲဆိုတော့ စုံစီ နဖာလို့ ပြောရမှာပဲ။ အထည် ချုပ်ရုံကတော့ အဓိကပေါ့ လေ။ ပြီးတော့ အင်တာနက်ဆိုင် ထောင်ထားတယ်။ ပြီးတော့ သူများ လုပ်ငန်းတွေထဲ ဟိုနည်းနည်းဒီနည်းနည်း ရှယ်ယာ ပါထားတာတွေ ရှိတယ်”

“နင်က အဆင်ပြေတယ် ကြားရလို့ ငါတ ၀မ်းသာပါ တယ်ဟယ်။ ခုလည်း အလှူ လာလုပ်တာဆို”

“အဲ့ဒီလိုကြီးလည်း မဟုတ်ပါဘူး။ အမေက လည်း မရောက်တာကြာလို့ လာချင်တယ် ဆိုတာနဲ့။ ပြီး တော့ တို့ရှိတုန်းက ကိုးကွယ် ခဲ့တဲ့ ဆရာတော့် ကျောင်းကိုလည်း လှူစရာလေးတွေ နည်းနည်းပါးပါး ရှိတာနဲ့။ ငါကလည်း နင်တို့ကို တွေ့ ချင်တာနဲ့ မထူးဘူး ဆိုပြီး လာခဲ့လိုက်တာ”

“ဦးလေးကိုတော့ ခေါ် မလာဘူး”

“အလုပ်တွေ ရှိသေး တယ်လေ။ သြော် ရော့ ဒီ အထုပ်တွေက နင်တို့အတွက် ငါယူလာခဲ့တဲ့ လက်ဆောင် တွေ”

“ဘာတွေလဲ အားနာ စရာ”

“ဘာအားနာစရာလဲ။ ဒီ လူဒီလူချင်းများ ဒီစကားပြော စရာလား။ ငါ့အထည်ချုပ်ရုံ က ယူလာခဲ့တဲ့ အထည်တွေ။ ငါဒီကို လာမယ်ဆိုတော့ မေမေက ပြောတယ်။ ညည်း သူငယ်ချင်း မြလေးတို့ နွယ်နီ တို့ကို ကြိုဖုန်းဆက်ပါလား တဲ့။ ငါက မဆက်ဘူး။ ရုတ်တရက်မြင်မှ အံ့သြ၀မ်းသာ သွားကြစေချင်လို့လေ။ ငါ့ အဒေါ်ကိုတောင် ငါတို့လာမယ့် အကြောင်း နင်တို့ကို ကြို မပြောနဲ့လို့ ပိတ်လိုက်သေး တယ်”

ဒါကိုမှ လွင်လွင်ခိုင် တစ်ယောက် တကူးတကကို လာပြောသေးတာပါလားဟု ကျွန်မဘာသာခုမှ ဆက်စပ် သဘောပေါက်မိရပါ၏။ ဒါ ကြောင့်လည်း အိပန်မျက်နှာ တစ်မျိုး ဖြစ်သွားခဲ့သည်ကိုး။
“ကဲပါ ချုပ်စရာ ရှိတာ ချုပ်နော် မြလေး။ ငါက ရောက်ရောက်ချင်း နင်တို့ကို တွေ့ချင်လို့ထလာတာ။ အိမ် ပြန်ရဦးမယ်။ ဒေါ်လေးက ထမင်းစား စောင့်နေတော့မှာ။ နက်ဖြန်မှ လာမယ်ဟာ။ နွယ်နီလည်း အားတာမဟုတ် ဘူး။ သူတို့ဆိုင်က ဒီအချိန် လူကျနေပြီ”
“ဒီမှာ စားသွားလေ”

“နောက်ရက်လာစား မယ်လေ။ ဒီနေ့တော့ ဒေါ်လေး ချက်ထားပြီးပြီ။ ကဲ သွားပြီနော် သူငယ်ချင်း”

“သွားပြီ မြလေး”

“အေးအေး”

နှုတ်ဆက်ထွက်ခွာ သွားသည့် သူငယ်ချင်းနှစ် ယောက်ကို ငေးကြည့်ရင်း ကျွန်မကျန်ရစ်ခဲ့ပါသည်။ သုံးယောက်သား ချစ်ခင် ကြင်နာစွာ သွားလာပေါင်း သင်းခဲ့ကြသည့် ငယ်ဘ၀ကို လည်း အထူးပင်အောက်မေ့ သတိရမိပါ၏။


၃။
အိပန်၊ နွယ်နီနှင့် ကျွန်မက မူကြိုကတည်းက အတူ တူ။ ကျောင်းနေတော့လည်း တစ်တန်းတည်း တစ်ကျောင်း တည်း။ သုံးယောက်သား ဘယ်မျှအတွဲညီသလဲဆိုလျှင် အိပန်ဆိုသည်နှင့် ကျွန်မတို့နှစ် ယောက်ကိုပါ တစ်ခါတည်း တန်းသိလိုက်ကြပြီး ကျွန်မ တို့နှစ်ယောက်ဆိုလျှင်လည်း အိပန်ကိုပါသိလိုက်ကြသည် သာ။ ဘ၀အခြေအနေချင်းက လည်း သိပ်ပြီးကွာဟမနေ တော့ တစ်ယောက်နှင့်တစ် ယောက်ကြား နားလည်မှုရှိ ကြသည်။ တစ်ခါတစ်ရံတော့ အိပန်နှင့် ခြံချင်းကပ်လျက်နေ သည့် လွင်လွင်ခိုင်လည်း ကျွန်မတို့ကြားထဲပါလာတတ် သည်။ သူနှင့်လည်း တွဲသင့် သလောက်တွဲသော်လည်း ကျွန်မတို့ သုံးယောက်ပေါင်း သလိုမျိုးတော့ သူ့အပေါ်ထဲ ထဲဝင်ဝင် မပေါင်းမိကြပါ။ အကြောင်းမှာ ပုံမှန်အားဖြင့် ဆိုလျှင် ခင်မင်ရသည်မှာ မဆိုးသော်လည်း  တစ်ခါ တစ်ခါပေါ်လာတတ်သည့် သူ့စိတ်ဓာတ်ကို သိပ်မကြိုက် ကြ၍ဖြစ်သည်။ ဥပမာတစ်ခု ပြရလျှင် သူက နေရာတကာ မှာ ကျွန်မတို့ သုံးယောက် ထက်သာချင်သူဖြစ်သည်။ တစ်ခုခုမှာ ကျွန်မတို့က သူ့ ထက်ပိုသိနေ ၊ ပိုတတ်နေ လျှင် သူသိပ်မကြိုက်တော့ ပေ။ လပတ်စာမေးပွဲတိုင်း သူ့ထက်အမြဲ အဆင့်ကောင်း လေ့ရှိသော၊ ရုပ်ရည်အားဖြင့် လည်း ပို၍ ချောသော၊ ထက် မြက်ကာ အပေါင်းအသင်း လည်းသူ့ ထက်ပိုဝင်ဆံ့သော အိပန်ကတော့ သူ၏အဓိက ပြိုင်ဘက် ဆိုမမှား။ တကယ် ဆို ကျွန်မတို့ သုံးယောက် ကပင် ကျူရှင် မယူကြ။ မယူ နိုင်၍ မဟုတ်ပါ။ စာလိုက် နိုင်ကြ၍ မယူခြင်းပင်။ ဒါကို မှ သူက ကျွန်မတို့ကို တစ်ခါ တစ်ခါ စကားနှင့် နှိမ်ချင် သေးသည်။|
ထို့ကြောင့် ကိုယ့်အချင်းချင်း လက်တို့ပြီးသူ့ကို အပြင်စည်း၌သာ ထားပြီး ပေါင်းခဲ့ ကြသည်။ သို့ပေမဲ့ သူကတော့ ကျွန်မတို့ကြား အတင်းဝင် ရောပေါင်းသည်ပင်။ ဘာမ ဆိုကျွန်မတို့ လုပ်သမျှလိုက် လုပ်ချင်သည်။ ဆယ်တန်းဖြေ ပြီးနောက် ကျွန်မနှင့် အိပန်တို့ စက်ချုပ်သင်တန်းတက်တော့ လည်း သူပါသည်။ နွယ်နီက တော့ သူ့အဒေါ်၏ စား သောက်ဆိုင်တွင် အလုပ်ဝင် ကူနေပြီမို့ မတက်နိုင်။ လွင် လွင်ခိုင်က တက်သည်ကိုပင် ရိုးရိုး မတက်။

“လုပ်စားဖို့တော့ မဟုတ်ပါဘူး။ အားနေလို့ တက်ထားတာ။ ကိုယ့် ဘာသာကိုယ်တတ်ထားတော့ ချုပ်ဝတ်လို့ရတာပေါ့”

အောင်စာရင်းထွက် တော့ ကျွန်မတို့ လေး ယောက်မှာ နွယ်နီတစ် ယောက်ပဲကျသည်။ စီးပွားရေးမပြေလည်ဆုံးသူက ကျ ရှာသည်မို့ သူ့ကံဟုသာ အောက်မေ့ရတော့သည်။ ပြန်တက်ဖို့ရာ အားပေးသော် လည်းပြန်မတက်နိုင်တော့ပါ။ ကျွန်မနှင့်အိပန်က အဝေးသင် သာ လျှောက်လိုက်ကြပြီး လွင်လွင်ခိုင်ကတော့ ဒေးယူ သည်။ ကောင်းပါသည်။ ထိုပထမနှစ်မှာပင် အိပန်က ငွေရှာတတ်နေပြီဖြစ်သည်။ တစ်အိမ်တည်းနေသူ အဒေါ် ဆိုင်မှ အထည်တွေကို ကျောင်းတက်ရင်းသယ်သွား သည်။ ကျောင်းလာတက် သည့် အဆောင်သူတွေက လက်ထဲငွေရှိနေကြသူတွေ ချည်းဆိုတော့ သူယူသွား သည့် အင်္ကျီတွေ၊ ဖန်စီပစ္စည်း တွေ၊ ဖိနပ်တွေ၊ ဦးထုပ်တွေ က ရောင်းရသည်။ ဒုတိယ နှစ်ဖြေပြီး ကျွန်မပြန်လာ တော့ သူပြန်လိုက်မလာတော့ ပါ။ ကျွန်မတို့မြို့ရှိ စက်ချုပ် သင်တန်းကလည်း ပြီး သွားပြီဖြစ်သည်။ ကျွန်မက နှစ်ယောက်ပေါင်းပြီး ဆိုင် ဖွင့်ရန်ပြောတော့ သူက မဖွင့်လိုသေး။

“လောလောဆယ် ငါ မဖွင့်ချင်သေးဘူး။ သင်တန်း ထပ်တက်ဦးမယ် မြလေး ရယ်။ တို့ဆီမှာက လက် မနည်းနဲ့ပဲ သင်ထားရတာဆို တော့ ပညာစုံအောင် စင်တီ မီတာနည်းနဲ့လည်း တက် ထားဦးမယ်။ တကယ်တမ်း မြို့ကြီးပြကြီးမှာ ၀င်တိုးကြ ရစတမ်းဆိုရင် အစုံတက် ထားမှဟ။ ချုပ်ခချင်းကအစ ဘာမှကို မဆိုင်ဘူး”

သူ သင်တန်းတက် စရိတ်ကို သူ့အိမ်က ပေးစရာ မလိုပါ။ သူအထည်တွေ ရောင်းပြီး စုထားသည့်ငွေ များနှင့် တက်ခြင်းဖြစ်သည်။ ကျွန်မတို့ နောက်ဆုံးနှစ်ဖြေ ပြီးချိန်မှာတော့ သူက သူ့သင် တန်းတွင် အလုပ်ပြန်ဝင်ကာ လခရနေလေပြီ။

“အထည်စားဆိုတော့ နင်ကိုက်မှာပေါ့။ တို့ဆီမှာ သင်တန်းတက်တုန်းက နင် က ညှပ်တဲ့နေရာ၊ ချုပ်တဲ့နေ ရာမှာ အတော်ဆုံးလို့ ချီး ကျူးခံရလို့ လွင်လွင်ခိုင် တောင် နေရင်းထိုင်ရင်း ငါ တို့ကို သုံးရက်လောက် ခပ် တန်းတန်း ဖြစ်သွားသေးတာ လေ။ မှတ်မိလား”

သူက ထုံးစံအတိုင်း ပြုံး ရင်း-
“ကိုက်လားဆိုတော့ တကယ်ကြိုးစားပမ်းစား ချုပ်ရင်တော့ ကိုက်မှာပေါ့”

“ကြိုးစားပမ်းစားဆို တော့ နင်ကကြိုးစားပမ်းစား မချုပ်လို့လား”

“ချုပ်တဲ့အခါလည်း ချုပ်ပါတယ်။ ဒါပေမဲ့ ငါ့မှာ က တခြားအလုပ်တွေရှိသေး တယ်လေ။ ငါတို့အလုပ်ရုံက ကြီးကြပ်အစ်မတွေနဲ့လိုက်ပြီး သူတို့လုပ်တာကိုင်တာတွေကို ကြည့်၊ အထည်တွေပို့တာ သွင်းတာ၊ စာရင်းဇယားတွေ ကိုင်တွယ်ဖြေရှင်းတာတွေ လိုက်လေ့လာရသေးတာ မြလေးရဲ့”

“သူဌေးက တာဝန်ပေး ထားလို့လား”

“သြော် ငါ့ဘာသာသိ ချင်လို့ပေါ့ဟဲ့”

“ဘာလဲ ကိုယ်တိုင် အထည်ချုပ် အလုပ်ရုံထောင် တော့မလို့လား”

ကျွန်မ၏ ပြုံးတုံ့ကျီစယ် စကားကို အိပန်က “ထောင် သင့်ရင်ထောင်ရမှာပေါ့” ဟု ပြုံးလျက်ဆိုသည်။ ထိုအချိန် မှာ ကျွန်မ၏ စက်ချုပ်ဆိုင် လေးက အရှိန်ရနေပြီဖြစ် သည်။ နွယ်နီကလည်း သူ့ အဒေါ်ဆိုင်တွင် လခရနေပြီ။ စသင်ခါစက “စက်ချုပ်မစား ပါ” ဟု ဆိုခဲ့သော လွင်လွင် ခိုင်သည်လည်း ကျောင်းပြီး သွားတော့ ဟိုအလုပ်လုပ် မလိုလို ဒီအလုပ် လုပ်မလိုလို နှင့် နောက်ဆုံးကျတော့ သူ့ အိမ်အောက်တွင် စက်ချုပ်ဆိုင် လေးဖွင့်လာသည်။ အိပန်ကတော့ ရန်ကုန် အလုပ်ရုံသို့ ရွှေ့ သွားသည်။

“မန္တလေးမှာ ကြီးကြပ် ရာထူးပေးတာကို မလုပ်ဘဲ ရန်ကုန်ကို ရွှေ့သွားသတဲ့။ သူတော်လို့ ပေးတာကို ငြင်း သတဲ့ မြလေးတို့ရယ်။ ညည်းတို့သူငယ်ချင်းကို ညည်းတို့ပဲ မေးစမ်းကြည့်ကြ ပါဦး”

အိပန်မေမေက ကျွန်မ တို့ကို တိုင်သည်။
အိပန်နှင့် ဖုန်းပြောဖြစ်တော့ အိပန်က ရယ်နေ သည်။
“ငြင်းမှာပေါ့ဟ။ ငါ လုပ်ချင်တာက ကြီးကြပ်မှ မဟုတ်တာ”

“ဘုရားရေ”

“ဘုရား တမနေနဲ့။ တကယ်ပြောတာ။ နေရာ တစ်ခုမှာ ရာထူးကြီးလေလေ ချုပ် ကိုင်ခံရတာ များလေလေဟ။ ပြန်ရုန်းရမှာ အားနာဖို့ ကောင်းတယ်။ လိုအပ်တဲ့ သူတွေ အတွက်တော့ ကောင်းပါ တယ်။ ငါကျတော့ လော လောဆယ်ရည်မှန်းချက်နဲ့ မကိုက်လို့ပါ။ ငါ့အတွက်က ဒီအလုပ်ရဲ့ အောက်ခြေသိမ်း အလုပ်တွေကို နှံ့နှံ့စပ်စပ်သိဖို့ က ပိုအရေးကြီးနေတာ”

လွင်လွင်ခိုင် ပြန်သိ တော့ “ကျောင်းတုန်းက လည်း သူ့အကျင့်က ဒီလိုပဲ ဟာကို။ သူများတွေလိုချင် တာကို သူက မလိုချင်သ လိုလိုနဲ့ သူများတွေစိတ်ထဲ ထူးထူးဆန်းဆန်း ဆိုပြီး အာရုံ စိုက်အောင်လုပ်တာ။ ပြီးတော့ ဘာမှဟုတ်တာလည်း မဟုတ်ဘူး” ဟု ဆိုသည်။

သူပြောသည့်အတိုင်း မဟုတ်ကြောင်းကို သိပ်မကြာ ခင်မှာပင် လွင်လွင်ခိုင်အပါ အ၀င် ကျွန်မတို့တစ်တွေသိခွင့် ရလိုက်ကြပါသည်။ အိပန်က သူ့မိဘတွေကို ရန်ကုန်လိုက် လာဖို့ရာ လှမ်းခေါ်ပါသည်။ ဒီအတိုင်းလိုက်သွားရမှာ မဟုတ်ပါ။ သူ့မိခင်၏ ညီမ၊ အိပန်တို့နှင့် အတူနေအဒေါ်က နှစ်ဦးပိုင်အိမ်ကို အိပန်တို့အား တစ်ဝက်အမ်းလိုက်မည်ဖြစ် သည်။ သည်လိုဆိုတော့ ရပ် ကွက်ထဲမှ လူတွေသာမက ကျွန်မတို့တစ်တွေပါ မျက်လုံး ပြူးမိကြရပါ၏။ အိမ်ကို ရောင်းပြီး လုပ်ငန်းလုပ်ခြင်း သည် ဘုရင့်နောင်ဖောင်ဖျက် သည်နှင့် အတူတူပင်မဟုတ် လား။ အိပန်ကတော့ အေး အေးဆေးဆေးပင်။

“မေမေနဲ့ ဖေဖေကို ငါ သေချာပြောပြတော့ သူတို့ သဘောပေါက်ပါတယ်။ ဒါကြောင့် ငါလုပ်ချင်တာကို ခွင့်ပြုပေးကြတာပေါ့။ အလုပ်လေးတွေ လုပ်ကြည့်မလို့ လေ။ လောလောဆယ်တော့ ရတဲ့နေရာမှာ ရှိတဲ့ငွေလေးနဲ့ ကျဲကျဲဝိုင်းရမှာပေါ့။ နောက်မှပဲ ကြည့်ကျက်လုပ်သွားရမှာ။ နင်တို့ကိုလည်း သတိရရင် ဖုန်း ဆက်ပါ့မယ်။ နင်တို့လည်း ကြုံရင် ရန်ကုန်လာခဲ့ကြနော်”
ကျွန်မတို့ထက် အိပန် တော်သည်၊ ထက်မြက်သည် ကိုနဂိုကတည်းကသိပါသည်။ သို့ပေမဲ့ ဒီတစ်ခေါက်တော့ သူ့ကို အားပေးရမည်လား။ ဖြစ်ပါ့မလားဟု တားမြစ်ရ မည်လား မသိတော့ပါ။ အိပန်ကတော့သူ့ထုံးစံအတိုင်း ရင့်ကျက်တည်ကြည်သော အပြုံးလဲ့လဲ့ဖြင့် “တချို့ကိစ္စ တွေမှာ စွန့်မှစားရတယ်လို့ ငါ ထင်သလားလို့” ဟု ဆိုသည်။ လွင်လွင်ခိုင်က ပြုံးထေ့ထေ့ ဖြင့် ကြည့်သည်။ ခုတော့ဖြင့် ကျွန်မတို့ စိတ်ပူခဲ့ရသော ချစ်သူငယ်ချင်း အိပန်တစ်ယောက် မွှေး ပျံ့လှသော ဂုဏ်သတင်းများ နှင့်အတူ ကျွန်မတို့ထံ ပြန် ရောက်လာခဲ့လေပြီ။


၎။
“ကဲ ဘယ်အိမ်အရင် သွားချင်လဲဆိုတာပြော”

“ကြုံသလိုပေါ့။ တို့ရပ် ကွက်က ဘာကျယ်တာမှတ် လို့။ ဒီကနေစပြီး တစ်ပတ် ပတ်လိုက်ရင် တစ်နာရီတောင် မကြာဘူး။ အားလုံး နှံ့ရော”

ပထမဆုံး အနေနှင့် အငြိမ်းစား ယူပြီးပြီဖြစ်သော ကျွန်မတို့ဆရာမကြီးအိမ်ကို ၀င်ကန်တော့ကြသည်။ ကျွန်မတို့ တစ်တွေကို အင်္ဂလိပ်စာ သင်ပေးခဲ့သော ဆရာမကြီးဖြစ်သည်။ ပုံမှန် ၀င်ငွေက မရှိ။ သားသမီး မြေးမြစ်တွေ တစ်လှေကြီးနှင့် ဆရာမကြီးတို့အိမ်က မချောင် လည်ရှာပါ။

“ဆရာမကြီးရဲ့ မြေး တွေထဲမှာ ဆယ်တန်းအောင် ထားတဲ့ ကလေးရှိရင် သမီး ဆီလွှတ်လိုက်လို့ ရပါတယ်။ ရန်ကုန်မှာတော့ သမီးဆီဝင် လုပ်ချင်လည်းလုပ်။ တခြား အလုပ်လုပ်ချင်ရင်လည်း သမီးအနေနဲ့ ကူညီပေးလို့ရ တယ်။ အပန်းမကြီးပါဘူး”

“ကောင်းတာပေါ့ ကွယ်။ ဒီမှာကတော့ သမီး မြင်တဲ့ အတိုင်းပဲ၊ သူတို့အရွယ် လေးတွေအတွက် အလုပ်မှ မရှိတာ”

အိပန်က ဆရာမကြီးကို ငွေတစ်သောင်းကန်တော့ခဲ့ သည်။ ဆရာမကြီးခမျာ တပည့်မလေး၏ သိတတ် လိမ္မာမှုအတွက် ၀မ်းနည်းဝမ်း သာ မျက်ရည်တလည်လည် နှင့် ဆုတွေ တသီကြီး ပေးကျန် ရစ်ခဲ့ရှာသည်။ ထိုအိမ်မှထွက် လာပြီးနောက် အိပန်က ခင်ရာမင်ရာ ဆွေမျိုးများ အိမ ကို ၀င်နှုတ်ဆက်သည်။ သက်ကြီးရွယ်အိုများကိုလည်း သူတတ်နိုင်သလောက် ကန် တော့သည်။ ကလေးတွေကို လည်း မုန့်ဖိုးတွေပေးသည်။ မပြေလည်သူများလက်ထဲ ဟင်းဖိုးလေးတွေပေးသည်။ ရှိသူတွေအဖို့ ဘာမျှမဟုတ် သော ငွေစကြေးစဖြစ် သော်လည်း  တကယ်မရှိသူ တွေ အတွက်တော့ အဖိုးတန် လှသဖြင့် လက်ခံရရှိသူတွေ ခမျာ ကျေးဇူးတင်မဆုံးဖြစ် ကြရှာပါသည်။ ကျွန်မသည် လည်း ဘ၀မြင့်သွားသော် လည်း ဘ၀င်မမြင့်ဘဲ ငဲ့ညှာသနားထိုက်သူများကို ငဲ့ညှာသနားစာနာတတ်သူ ချစ်သူငယ်ချင်းအပေါ် ဆတက်ထမ်းပိုးတိုး၍ ချစ်ခင် လေးစားမိရပါသည်။ နောက် ဆုံးဝင်ဖြစ်သည်က အဘွား ညိုတို့အိမ်ဖြစ်သည်။ အဘွား ညို၏သားက ဦးနိုင်တဲ့။

“ဦးနိုင်က အခုဘာတွေ လုပ်နေလဲ”

“ကင်းတဲစောင့်ပဲလေ အိပန်ရ”

“ဟင် အိပန်တို့ ရှိတုန်း ကတည်းက ဦးနိုင်ပဲ ကင်းတဲ စောင့်လာတာ။ ခုထိ စောင့် နေတုန်းပဲလား”

“အေးပေါ့ ဒါပဲလုပ် တတ်တဲ့ဟာကို”

ထိုအိမ်မှ ထပြန်လ တော့ အိပန်က “စိတ်ညစ် စရာကြီး” ဟုဆိုသည်။ ကျွန်မကလည်း ခေါင်းညိတ် ထောက်ခံမိသည်။

“ဟုတ်ပါ့ ငါတောင် ခဏလေးထိုင်ပြီး သူတို့ဒုက္ခ တွေကို နားထောင်ရတာ စိတ် ကိုညစ်သွားတာပဲ”
အိပန်က ခေါင်းခါသည်။

“ငါပြောတာအဲ့ဒါ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ဆင်းရဲတာသာသိပြီး ဘာ ကြောင့်ဆင်းရဲနေတာလဲ၊ ဒီလို အခြေအနေကလွတ်အောင် ဘယ်လိုလုပ်ရမလဲ မတွေး ကြတာကို စိတ်ညစ်တာ။ ဒီလိုပြောလို့ နင်က ခုချိန်မှာ လုပ်တိုင်းဖြစ်နေတော့ ပြော အားရှိတာပေါ့လို့ ပြောချင် ပြောမယ်။ ဒါပေမဲ့ နင် တကယ်တွေးကြည့်နော် မြလေး။ တို့ဗုဒ်္ဓဘာသာအရ ကံ ကံ၏အကျိုးကို ငါယုံပါ တယ်။ ဒါပေမဲ့ မွေးရာပါ ကံ မကောင်းဘူးဆိုပြီး တစ် သက်လုံးရောင့်ရောင့်ရဲရဲနေ သွားတာကိုတော့ ငါလုံးဝ မထောက်ခံနိုင်ဘူး။ နင်ပဲ ကြည့်ဟာ၊ အခုငါဝင်လည်ခဲ့ တဲ့ အိမ်တွေထဲက တချို့အိမ် တွေဆိုရင် ငါငယ်ငယ်လေး ကတည်းက သူတို့ ဒီအလုပ် တစ်မျိုးတည်းပဲလုပ်ပြီး ဆင်းရဲကျပ်တည်းလာကြ တာ။ ခုထိလည်း ဒီအလုပ်ကို ပဲ ဖက်တွယ်ထားပြီး ဆင်းရဲ နေတုန်းပဲ။ ဘာမှတိုးတက် မလာတဲ့အပြင် သူတို့နေနေတဲ့ အိမ်တွေပါ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေတယ်။ ဒါကိုလည်း ဘာမှပြောင်းလဲ ဖို့ မစဉ်းစားဘဲ ဒီအလုပ်ပဲ လုပ်၊ ဒီအကျပ်အတည်းထဲမှာ ပဲနေပြီး ညည်းပဲညည်းနေကြ တယ်။ ငါကြည့်ရသလောက် တော့ တစ်သက်လုံးအဆင် မပြေနေတဲ့သူတွေဟာ အဲ့ဒီ မပြေပါဘူး ဆိုတဲ့ အလုပ်ကိုပဲ တစ်သက်လုံးဖက်တွယ်ထား ကြတာများတယ်ဟ။ ဒီနေရာ မှာ ငါစဉ်းစားမိတာတစ်ခုရှိ တယ်”

“အင်း ပြောပါဦး”

“နင်တော့ သတိထားမိ လားမသိဘူး။ လူအတော် များများဟာ ကိုယ့်ကိုယ်ကို “တစ်ခုတည်းပဲ ကျွမ်းကျင် တယ်” လို့ ထင်တတ်ကြ တယ်နော်။ ဒါကို ကိုယ့်ကိုယ် ကို သတိမထားမိတတ်ကြ ဘူး။ ကိုယ်ကသာ ကိုယ့် ကိုယ်ကို ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ လုပ်တတ်တာ ကျွမ်းကျင်တာလို့ ထင်နေ တာ။ တကယ်တမ်းကျတော့ ကိုယ်သာလုပ်မယ်ဆိုရင် လုပ် နိုင်သေးတဲ့ လုပ်တတ်သေး တဲ့ အလုပ်တွေ လောကကြီး မှာ အများကြီးရှိတယ်လေ။ ကိုယ်က ကိုယ်နဲ့ကိုက်ညီမယ့်၊ အဆင်ပြေမယ့်အလုပ်မျိုးကို ဦးနှောက်သုံးပြီး ရွေးလုပ် တတ်ဖို့လိုတာ။ ငါလည်း ဒါကို ငါကိုယ်တိုင် အလုပ် တွေတစ်မျိုးပြီး တစ်မျိုး လိုက်လုပ် ကြည့်ရင်းနဲ့မှသတိ ထားမိလာတာပါ။ တကယ် တော့ လူတွေက တစ်မျိုးပဲ လုပ်တတ်တာ မဟုတ်ဘူး။ တစ်မျိုးတည်းလုပ်နေရင်းက ကိုယ့်ကိုယ်ကို ဒီအလုပ်ပဲ လုပ်တတ်တယ်ထင်ပြီး နေ သားကျသွားကြတာနော်။ ဒီ အလုပ်က အဆင်မပြေရင် တောင် ကိုယ့်ကံအကျိုးပေး မကောင်းလို့ ထင်ကြသေး တာ။ အလုပ်တစ်ခုကို သေချာမလုပ်ကြည့်ရသေးဘဲ အဆင်မပြေဘူးဆိုပြီး တစ်မျိုးပြောင်းချင်တဲ့ လက် ကြောမတင်းတဲ့ သူတွေတော့ မပါဘူးပေါ့လေ”

သူ့ စကားတွေက သူ့ ဘ၀အတွေ့အကြုံနှင့် ယှဉ် သောစကားတွေမို့ ကျွန်မ အတွက် စဉ်းစားစရာတွေရ လာသည်မှာ အမှန်။
သူက သူတစ်ခါတုန်း က ပြောခဲ့ဖူးသည့် စကားကို ထပ်ပြီး ပြောပါသည်။
“တစ်ခါတလေမှာ တချို့ကိစ္စတွေက စွန့်စား တတ်မှဟ။ နာမည်ကိုက စွန့် စားတဲ့။ မစွန့်ရင် မစားရဘူး ဆိုတဲ့ အဓိပ်္ပာယ်ပေါ့။ ဘာမှ မသေချာတဲ့ လောင်းကစား ကိစ္စအတွက် ရှိတာပုံအော လောင်းလိုက်တာမျိုးကို ပြော တာမဟုတ်ဘူး။ ဒါမျိုးကျ တော့ မိုက်ရူးရဲတယ်ခေါ် တာ။ ငါတို့ အိမ်ကိုအမ်းခိုင်း ပြီး လုပ်ငန်းထောင်မယ် ဆို တုန်းက ဖြစ်ပါ့မလားဆိုပြီး စိတ်ပူကြသူတွေ၊ သားသမီး လိုချင်တာကို ရှေ့နောက်မ စဉ်းစားဘဲ လုပ်ပေးရသလား ဆိုပြီး ငါ့မိဘတွေကို တစ်မျိုး ပြောချင်တဲ့ သူတွေကို ငါကြုံ ရတယ်။ တကယ်တမ်းကျ တော့ ငါ့မိဘတွေက ငါ ဖြစ်ချင်တာကို ဖြည့်ဆည်း ပေးခဲ့ကြတယ်ဆိုတာ ငါ့မှာ သူတို့ ယုံကြည်နိုင်လောက် စရာ အခြေအနေတွေကို ပြနိုင် လို့ပါ။ ငါကိုယ်တိုင်လည်း ဒီအလုပ်ကို လုပ်ခဲ့တယ်။  အောက်ခြေသိမ်းက အစ ငါ သိတယ်။ တတ်ထားတယ်။ နားလည်ထားတယ်လေ။ စွန့် လိုက်တာက မမြတ်ရင် တောင် ဘယ်လိုမှ မရှုံးနိုင် မှန်းသိလို့ ငါတို့ ဆုံးဖြတ်ခဲ့ ကြတာပါ။ တကယ်လုပ် တော့လည်း ဘယ်နေရာမှာမှ ဟာကွက် မရှိအောင် ငါကိုယ် တိုင်လုပ်တယ်။ ချုပ်တဲ့နေရာ၊ ဖြန့်တဲ့နေရာ၊ ငွေကောက်တဲ့ နေရာ အကုန်လုံး ငါ့ခြေငါ့ လက်နဲ့ လုပ်တယ်။ အဆင် ပြေလာလို့ လူငှားလာရတော့ လည်း ငါ အကုန်သိနေတတ် နေတော့ ဘယ်သူမှငါ့ကို လိမ် လို့မရတော့ဘူး။ အဲဒီကနေ ကိုယ်နဲ့ ဆက်စပ်ရာ အထည် စဆိုင်တို့၊ စက်ချုပ်ပစ္စည်းတို့ ကနေ မျက်စိထဲဝင်လာတဲ့ တခြားအလုပ်လေးတွေပါ မီးခိုးကြွက်လျှောက်လုပ်လာ လိုက်တာ အခုလို အဆင် ပြေလာတာပဲ။ ငါ့ကိုယ်ငါ တော်တယ်တတ်တယ်လို့ ပြောနေတာ မဟုတ်ဘူး။ စွန့် သင့်တာစွန့်ရင် စားထိုက်တာ ကို မလွဲမသွေစားရတဲ့ အကြောင်းပြောပြတာပါ။ နင်တို့ကိုလည်း ပြောပြချင် တယ်။ ဘ၀ကို ဒီအတိုင်း ရပ်မနေကြပါနဲ့။ လောကကြီး မှာ ငွေရှာဖို့ အကောင်းဆုံး၊ ဘ၀တိုးတက်လမ်းရှာဖို့ အကောင်းဆုံး အရွယ်ဆိုတာ တို့လို နှစ်ဆယ်နဲ့ သုံးဆယ် ကြားအရွယ်ပါ။ ခွန်အား လည်း ရှိတယ်။ ဉဏ်လည်း ထက်မြက်သေးတယ်”


၅။
“ဟုတ်တယ် မြလေးရဲ့။ ငါ့ကိုလည်း ပြောတယ်။ နင်အခု လုပ်နေတဲ့ အလုပ်ဟာ နင့်အတွက် အဆင်ပြေတယ် ဆိုရင်တော့ လုပ်ပါ။ လူတိုင်း ဟာ ကိုယ့်ဘ၀ ရပ်တည်မှု အကြောင်း ကိုယ်တိုင်သာ အသိဆုံးပဲလေတဲ့။ တကယ် လို့ အဆင်မပြေဘူးဆိုရင် တော့ လုပ်ချင်တာရှိရင် သူ့ကို ပြောပါ။ ငါတို့နှစ် ယောက်အတွက်ဆိုရင် သူ့ ဘက်က လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့ရာ အမြဲအဆင် သင့်ပါပဲတဲ့”

“ငါ့ကိုလည်း အဲဒီလို ပြောတယ် နွယ်နီရဲ့”

“သေချာ စဉ်းစားတော့ လည်း ဟုတ်ပါတယ်။ ငါ့ဘ၀ဆိုရင် နင်လည်းသိ တာပဲ။ ငါ့အဖေကလည်း တစ်သက်လုံး ကြုံရာကျပန်း အလုပ်နဲ့ အသက် မွေးလာရတာ။ ကြုံရာကျပန်း ဆိုတော့ ပုံမှန် ၀င်ငွေက မရှိ။ ဒီတော့ ငါတို့ ငယ်ငယ်ကတည်းက အမြဲကျပ်တည်းလာတာ။ ငါ့ အမေကလည်း ရိုးရိုးအအ ဆိုတော့ ဘာမှ မလုပ်တတ်။ အခု ငါလုပ်နိုင်လာတော့ လည်း အဖေကမှ မလုပ်နိုင်တော့တာ။ ငါ့အဒေါ်က သူ့ အလုပ်မှာ ခေါ်ထား။ အချက်အပြုတ် ပညာတွေသင်ပေး၊ အစားကျွေး၊ အ၀တ်လည်း ဆင်၊ ဒီကြားထဲ လခက လည်း ပေးသေးတယ်။ သူ စိမ်းဆိုရင် ဒီလိုအခွင့်အရေး မျိုး ဘယ်ရမှာလဲ။ ငါ့အဒေါ် ခမျာလည်း ငါ့အိမ်က မပြေ လည်မှန်းသိလို့ သူတတ်နိုင် သလောက် လုပ်ပေးရှာတာ လေ။ ကျဉ်းထဲကျပ်ထဲရောက် နေရတဲ့ ငါ့ဘ၀ကသာ မပြေ လည်လာတာ။ ဘာမှသာ မဟုတ်တာ။ ဆယ်နှစ်ရှိပြီ မြလေးရဲ့။ မိုးလင်းလို့ မျက်စိ နှစ်လုံးပွင့်တာနဲ့ ငါ့အဒေါ်ရဲ့ စား သောက်ဆိုင်ကလေးကို သွား။ လုပ်စရာရှိတာလုပ်။ အိပ်ချိန်မှ အိမ်ပြန်။ ရက် သုံးဆယ်ပြည့်ရင် ငါ့အမေက လခလာထုတ်ရော။ တစ်နှစ် နေလို့လည်း ရွှေတစ်ပဲမစုနိုင် ဘူး။ နှစ်နှစ်နေလို့လည်း လက်ထဲ ပိုက်ဆံသောင်းငွေ မကပ်ဘူး။ ငါ့အဒေါ်ဘက် ကတော့ ၀တ္တရားအကျေလွန် ပါတယ်။ သူ့ဘက်ကလည်း တတ်နိုင်သမျှ ကြည့်ရှုစောင့် ရှောက်ပေးရှာတာပါပဲ။ ဒီ တော့ ငါလည်းတစ်ခုခု စဉ်း စားရင် ကောင်းမလားလို့”

“ဒီတော့ နင်က ဘယ် လိုလုပ်ချင်လို့လဲ”

ကျွန်မကို လှမ်းကြည့် လိုက်သည့် နွယ်နီ့အကြည့် တွေထဲမှာ အဓိပ္ပာယ်တွေ အများကြီးပါနေသည်။
“နင်ကော မြလေး”
ကျွန်မ ဘာဖြေရမှန်း မသိခင် နွယ်နီကပဲ ဆက် ပြောပါသည်။
“ငါတို့နှစ်ယောက် လိုက်မယ်ဆိုရင် သူ့ဘက်က အလုပ်တွေစီစဉ်ပေးဖို့ အဆင် သင့်ပဲလို့ အိပန်ကပြောတယ်”

နှစ်ယောက်သားတစ် ခဏမျှ အကြည့်ချင်းဆုံလိုက် မိကြပါသည်။

၆။
မေမေက “စဉ်းစားကြ သေးတာပေါ့ကွယ်” ဟု ခပ် ဆဆဖြေသည်။
စဉ်းစားနေရင်းမှပင် ကျွန်မ၏ အလုပ်တွေကို လည်း ပုံမှန်လုပ်နေရပါ သည်။ တစ်ရက်နှစ်ရက်နေ လျှင် အိပန်တို့ပြန်ပေလိမ့် မည်။ အခုထိ ကျွန်မဆုံးဖြတ် ချက်မကျနိုင်သေး။ နွယ်နီ တစ်ယောက်လည်း ဘယ်လို နေမည်မသိ။

၇။
အိပန်နောက်သို့ ကျွန်မ တို့ မလိုက်သွားဖြစ်လိုက်ကြ ပါ။ နွယ်နီနှင့် နှစ်ယောက် သားဆုံလျှင်ဖြင့် ပြောဖြစ်ကြ ပါသည်။

“စဉ်းစားကြည့်တော့ လည်း မချောင်လည်ဘူးဆို ပေမဲ့ လောလောဆယ် ငါ့ အလုပ်က အခြေကျနေပြီဟ။ လက်ထဲမှာ သုံးစရာပေါပေါ များများ မကိုင်ရပေမဲ့ တစ် လတစ်လစားဖို့ မပူရဘူး။ ၀တ်ဖို့မပူရဘူး။ သူစိမ်းတွေ လို အလုပ်ရှင်မျက်နှာကြည့် နေစရာလည်း မလိုဘူး။ ငါ့ မိဘတွေလက်ထဲကိုလည်း ငွေမှန်မှန်ထည့်နိုင်တယ်။ အိပန်ပြောသလို နေရာ ကောင်းကောင်းမှာ လခ ကောင်းကောင်းရတယ်ပဲထား ဦး။ ခဏလုပ်ပြီး အကြောင်း ကြောင်းကြောင့် အဆင် မပြေလို့ ငါမလုပ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ။ ငါမလုပ် ချင်တော့ရင် ငါ့မိသားစု လည်း ဒုက္ခရောက်မယ်။ ငါလည်း စိတ်ညစ်ရမယ်။ ပြီး တော့ သူများလက်အောက် မှာ လုပ်ရမှာက ငါ့အဒေါ်ဆိုင် မှာ လုပ်ရတာလောက် ပျော်ပါ့မလား။ ဒီတော့ ဒီအတိုင်း ပဲ ကောင်းပါတယ်ဆိုပြီး မလိုက်ဖြစ်တော့တာ။ ငါ့ကို တော့မေးပြီး နင်ကျတော့ကော မြလေး”

ကျွန်မကလည်း ပြုံးမိ ရင်းမှ “နင့်လိုပဲပေါ့” ဟု ဖြေ မိရသည်။
ဟုတ်သည်လေ။ ကိုယ့် အလုပ်ကိုပစ်ပြီး အိပန်နောက် လိုက်သွားရာက အဆင်မပြေ လျှင် ကိုယ့်ဘာသာကိုယ်နေ သားကျပြီးသားအလုပ်ကို တစ်ကပြန်စရမှာမလွယ်။ မေမေကလည်း “ကိုယ့်ကံရှိ သလောက်ပဲ စားတာပေါ့ သမီးရယ်။ ကိုယ့်အလုပ်ကို စွန့်ပြီးသွားလုပ်လို့ ဖြစ်ခဲ့ရင် ကောင်းပါရဲ့။ မဖြစ်ခဲ့ရင် ကိုယ်အခြေ ကျနေတဲ့ ဘ၀လည်း ကသီလင်တဖြစ်။ တစ်ကပြန် စဖို့ရာလည်း မလွယ်ဖြစ် တော့မှာ” ဟု ဆိုသည်။

ဒီလိုနှင့်ပဲ။
တကယ်တော့လည်း လူရယ်ဟုဖြစ်လာပြီးနောက် ဘ၀ရပ်တည်မှုအတွက် ရုန်း ကန်ကြရာမှာ အိပန်ပြောသလို ပင် စွန့်သင့်သည်ကိုစွန့်တတ် သူတွေသာ စားထိုက်သည်ကို စားကြရသည် အမှန်ပင်။ သမာအာဇီဝနည်းဖြင့် မဟုတ် ဘဲဖြတ်လမ်းလိုက်သူများ ကိုတော့ မဆိုလိုပါ။ သည် လိုဆိုတော့လည်း လောက ကြီးကိုမမျှတဟု ဘယ်သူ စွပ်စွဲချင်ပါသေးသလဲ။ ဆင်း ရဲရဲ ချမ်းသာသာ နိမ့်နိမ့်မြင့် မြင့် ကိုယ်နှင့်ထိုက်၍သာ ကိုယ့်နေရာဖြစ်လာကြခြင်း ပင်။ ကိုယ်မလုပ်နိုင်သည် ကိုယ်မလုပ်တတ်သည်ကို သူတို့ လုပ်နိုင်ကြ၍ ကိုယ်မရ နိုင်သည့်နေရာမျိုး သူတို့ရ ထားကြခြင်းဖြစ်သည်။ စွန့်စားရဲသူတွေနှင့် ယှဉ်တော့မှ မစွန့်စားရဲသူ ကိုယ်လိုလူတို့ ၏နေရာကိုလည်း ပီပီပြင် ပြင် မြင်လာမိရပါသည်။

နွယ်နီက ရှုံ့မဲ့လျက်ပြော သည်။
“ငါတို့ကတော့ အိပန် ပြောသလိုပါပဲ။ အများကြီး သာစားချင်တာ။ ကိုယ့်နေရာ သေးသေးလေး ပျောက်မှာ ကြောက်ပြီး မစွန့်ရဲမှတော့ ငတ်တာ မဆန်းပါဘူးဟယ်”

“လူ့ဘ၀မှာ ဒါဟာ လည်း တစ်မျိုးရှုံးတာပဲထင် တယ်နော် နွယ်နီ”
“ရှုံးတာတော့ မဟုတ် ပါဘူး။ မမြတ်တာပေါ့။ အဲဒီလို မမြတ်တဲ့ အပြင် ရှုံးတဲ့လူ တွေလည်း ငါတို့ဝန်းကျင်မှာ ရှိတယ်ဟ။ ကိုယ်တိုင်လည်း လုပ်နိုင်တဲ့ အစွမ်းအစ မရှိ။ လုပ်နိုင်လို့ ရထားသူတွေရဲ့ “နေရာ” ကိုလည်း မုဒိတာ မပွားနိုင်။ သူတို့ကမှ မိအေး နှစ်ခါနာ အစစ်”

“နင် ဘယ်သူ့ကို ပြော နေတာလဲ”
“ဟိုမှာလေ”

လျှောက်နေရာမှ ခြေလှမ်းရပ်ကာ နွယ်နီက မေး ငေါ့ပြသည်။
ကျွန်မ လှည့်ကြည့် လိုက်သည်။
ဟုတ်သား။ အိပန်ပြန်သွားသည်မှာ သုံးနှစ်မျှရှိပြီ။ ကျွန်မနှင့် နွယ်နီလည်း သည် အတိုင်း။ လွင်လွင်ခိုင်လည်းသည် အတိုင်း။ စက်ကလေး တဂျုန်းဂျုန်းချုပ်လို့။
ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

3 comments:

သတိုး said...

"အများကြီး သာစားချင်တာ။ ကိုယ့်နေရာ သေးသေးလေး ပျောက်မှာ ကြောက်ပြီး မစွန့်ရဲမှတော့ ငတ်တာ မဆန်းပါဘူးဟယ်"
"ကျွန်မနှင့် နွယ်နီလည်း သည် အတိုင်း။ လွင်လွင်ခိုင်လည်းသည် အတိုင်း"

လွင်လွင်ခိုင်က ဆုတ်နစ်နေတော့တာ။ နွယ်နီတို့ နှစ်ယောက်ကလည်း ရပ်နေပေမယ့် လျော့မှန်းမသိ လျော့နေပြန်တာပဲ။ အိပန်တစ်ယောက်သာ ရှားရှားပါးပါး ...။

နှစ်သက်စွာ ဖတ်ရှုခဲ့ကြောင်းပါ ခင်ဗျာ။

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

Post a Comment