တွင်း

အသားချင်း ခပ်ပြင်းပြင်း ထိခတ်သွားတဲ့ “ခွပ်”ခနဲ အသံနဲ့ အတူ ကျွန်တော့် မေးရိုးတစ်လျှောက် မီးစနဲ့ အထိုး ခံလိုက် ရသလို ထူပူသွားတယ်။

အဖေ့ လက်သီးချက် ပြင်းထန်လှပုံက ကျွန်တော်တောင် ဟန်ချက်ပျက် ယိမ်းယိုင် သွားရတဲ့ အထိပါပဲ။

“ရှင်၊ လွန်မယ်နော် ကိုစိုး”

“အဖေ၊ မောင်လေးကို မလုပ်ပါနဲ့ အဖေရယ်”

အမေနဲ့ မမက အလန့်တကြား ၀ိုင်းအော်ပြီး အဖေ့ကို ၀င်ဆွဲ သူကဆွဲ၊ ကျွန်တော့်ကို လာတွဲသူက တွဲပေါ့။ မော့အကြည့်မှာ မြင်ရတဲ့ အဖေ့ မျက်ဝန်းအစုံက မီးဝင်းဝင်း တောက်လို့။ အဖေ ဒီလောက် ဒေါသ ထွက်နေပုံကို မြင်ဖူးတာ ကျွန်တော့် ဘ၀မှာ ဒါ ပထမဆုံး အကြိမ်ပါ။“ပြောလေ ဟေ့ကောင် နောက်တစ်ခေါက် ထပ်ပြောဦးကွာ။

ကျွန်တော် မမှားဘူးလို့ ထပ်ပြောဦး လေကွာ။
“လူက လက်တောင့်လောက်နဲ့ စကားကြီး စကားကျယ် ပြောချင်တဲ့ကောင်။ လောကကြီး အကြောင်း မင်း ဘယ်လောက် နားလည်လို့လဲ”

အံတင်းတင်းကြိတ် လိုက်တော့ ပါးစပ်ထဲမှာ ငန်ကျိကျိ အရသာကို ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော် ခေါင်းမငုံ့ပါဘူး။ ပြီးတော့ မပြောင်းလဲသေးတဲ့ လေသံနဲ့ စောစောကလိုပဲ ယတိပြတ် ပြောလိုက်တယ်။
“ဟုတ်တယ်... ကျွန်တော် ဘာမှ မမှားခဲ့ဘူး အဖေ”

“ဟာကွာ၊ ဒီကောင်”

ခဏ အတွင်းမှာပဲ ကျွန်တော်တို့ အိမ်ထဲ ဆွဲလွဲသံ၊ အော်ဟစ် တားမြစ်သံတွေနဲ့ လှုပ်ခတ်ဆူညံ သွားတယ်။ နောက် ဆယ်မိနစ်လောက် အကြာမှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကျွန်တော် တစ်ယောက် လမ်းပေါ် ရောက်နေပါပြီ။ ပါးပေါ်က ထုံကျဉ်နေတဲ့ ဒဏ်ရာကို လက်နဲ့ဖွဖွ စမ်းမိတာ ပေမယ့် စူးစူးနစ်နစ် နာကျင် သွားတာက ကျွန်တော့် ရင်ဘတ်ထဲကပါ။ ခွင့်လွှတ်ပါ အဖေ။ အဖေ့ကို ကျွန်တော် မရိုမသေ မလေးစားတဲ့ သဘောနဲ့ အာခံတာ မဟုတ်ပါဘူး။ ကျွန်တော် ယုံကြည်မိတဲ့ အမှန်တရားကို ကာကွယ် လိုက်တာပါ။

“မင်းအနေနဲ့ကတော့ အမှန်တရားကို ကာကွယ်တာ ပေါ့လေ။ ဒါပေမဲ့ မင်းမိဘတွေ နေရာက ကြည့်ရင်တော့ မင်းလုပ်ရပ်ကို ယူကျုံး မရစရာ ဖြစ်ရှာ လိမ့်မပေါ့ကွယ်။ သူသူကိုယ်ကိုယ် ကိုယ့်သား သမီးကို အရွယ် မတိုင်ခင် လမ်းမှားရောက်မှာ၊ အညွန့်ကျိုးမှာ၊ ပတ်ဝန်းကျင်တံ တွေးထွေး ခံရမှာ စိုးရိမ်ကြရှာ မှာပဲ။ သားကရော ဒီကလေးမကို တကယ် ရိုးရိုးသားသား ခေါ်တင်ခဲ့တာလားဟင်”

ကျွတ်၊ ဆရာမကတောင် ဒါမျိုး မေးနေပြီ။ ကျွန်တော့်ကို “လူဖြောင့် လေး” လို့ ခဏခဏ ခေါ်တတ် တဲ့ ဆရာမ ကိုယ်တိုင်ကတောင် ဒီမေးခွန်းမျိုး မေးနေ ပြီလေ။ ကျွန်တော် ပြောချင်တာက ဒါပါပဲ။ အင်းလေ.. ဆရာမ မပြောနဲ့။ ကျွန်တော့်ကို ဒီအသက် ဒီအရွယ်ထိ ရောက်လာအောင် ကျွေးမွေး သုတ်သင် ပေးခဲ့တဲ့ မိဘနဲ့ အစ်မ ကိုယ်တိုင်ကတောင် ကျွန်တော့်ကို မယုံကြတော့တဲ့ ဥစ္စာ။ တကယ်ဆို ကျွန်တော် ဘာကောင်လဲ သူတို့သိတယ်။ ကျွန်တော် ဘယ်လိုစိတ်ဓာတ် ဘယ်လို ခံယူချက်မျိုးနဲ့ လူလဲ ဆိုတာလည်း သူတို့ သိကြပါတယ်။ ဒါပေမဲ့ တကယ် အရေးကြုံလာတော့ အဲ့ဒီယုံ ကြည်မှုကို သံသယ စိတ်တွေနဲ့ လှိုက်စားဝါးမျို ပစ်လိုက်ကြတာ ဘယ်လောက် အံ့သြဖို့ ကောင်းသလဲ။ တစ်ချက် ကလေး စမ်းသပ်စရာ ပေါ်လာတာနဲ့ တစ်သက်လုံး ကောင်းအောင် နေလာသမျှ အပေါ် အယုံအကြည် လျော့ပြီး သူတို့ ထင်မြင်ရာဘက် လဲပြို ယိမ်းယိုင် သွားလိုက်ကြပုံက တညီတညွတ်တည်း။

ကျွန်တော် ချက်ချင်း နှုတ်ဆိတ်သွားတော့ ဆရာမ မျက်နှာထားလည်း ပြောင်းသွားတယ်။
“ဟိုလေ၊ ဆရာမ ပြောတာက သားစကားကို မယုံကြည်ဘူး ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးနော်။ ဒါပေမဲ့ သားတို့ အရွယ်ဆိုတာ သိပ်နုနယ် လွန်းသေးတယ်။ လောက ပရိယာယ်ဆိုတာ ဘာမှန်း မသိအောင် ငယ်ရွယ် လွန်းပါသေးတယ် သားရယ်”
ဒီလို ပြောကြစတမ်းဆို “ချိုသဲဦး”က ကျွန်တော့်ထက်တောင် တစ်နှစ်လောက် ပိုငယ်သေးတယ် မဟုတ်လား။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို ဆုံးမ ကြရာမှာ ချိုသဲဦးဘက်ကို ဘယ်သူမှ ထည့်မပြောကြတာ အံ့သြစရာပါ။

“ဒါက ဘယ်လဲသား”

“ကျော်သူရတို့ဆီ ခဏ သွားမလို့ ဆရာမ”

ထရပ်လိုက်တဲ့ ကျွန်တော့်ရှေ့ ဖျတ်ခနဲ ပိတ်ဆီးရပ်လိုက်တဲ့ ဆရာမ မျက် ၀န်းတွေက ခါတိုင်း ကျွန်တော် မြင်တွေ့နေကျ သာမန်စိုးရိမ် ဂရုစိုက်မှု အဓိပ္ပာယ်ထက် အများကြီး ပိုသာနေတယ်။ ဆယ်တန်းတုန်းက ကျွန်တော်တို့ သူငယ်ချင်း တစ်စု ဆရာမ အိမ်မှာ စာကျက်ပြီး ပြန်တော့ မယ်ဆိုရင်- “ရန်မဖြစ်ကြနဲ့နော် ကိုယ့်အိမ်ကိုယ် တန်းတန်း မတ်မတ်ပြန်ကြ” ဆိုတဲ့ အဓိပ္ပာယ်ထက် ပိုသာနေတဲ့ စိုးရိမ် ပူပန်ရိပ် မျိုးပေါ့။

ထွင်းဖောက် သိမြင်နိုင်တဲ့ဉဏ် ရမထားပေမယ့် ကျွန်တော် သိလိုက်ပါတယ်။ သူတို့က ကျွန်တော် အရွဲ့ တိုက်ပြီး (သူတို့အထင် ရှက် ရမ်းရမ်းပြီး) ချိုသဲဦးဆီ ရောက်သွားမှာ စိုးရိမ် နေကြတာ။ “လောလောဆယ် ပါးက ဒဏ်ရာကြီးနဲ့ ဘယ်မှ လျှောက်မသွားနေနဲ့ဦး သားရယ်။ ထမင်းလည်း မစားရ သေးဘူး မဟုတ်လား။ လာ- ဆရာမ ထမင်း ခူးကျွေးမယ်။ ပြီးရင် သားတို့ အရင်က အိပ်ခဲ့တဲ့ ခန်းထဲမှာပဲ အိပ်ရာ ပြင်ထားပေးမယ်။ ခဏလောက် နားနားနေနေ နေလိုက်”

ရပ်ကွက်အထွက် ဘောလုံး ကွင်းစပ်မှာ ထိုင်နေတဲ့ ကျွန်တော့်ကို ဆရာမ လိုက်ခေါ်လာတာပါ။ အမေနဲ့ မမက ဆရာမကို အကျိုးအကြောင်း သွားပြောပြပြီး လိုက်ခေါ်ခိုင်းတာ ဖြစ်မှာပေါ့။ ဘောလုံး ကွင်းစပ်သစ် ပင်ကြီးဘေးက ရေတွင်း ပျက်ထဲ ငုံ့ကြည့်နေတဲ့ ကျွန်တော့်ကို မြင်မြင်ချင်း ဆရာမ မျက်စိမျက်နှာ အကြီး အကျယ် ပျက်သွားတာ တွေ့တော့ စိတ်ညစ်နေတဲ့ ကျွန်တော်တောင် ရယ်ချင်ပက်ကျိ ဖြစ်သွားရသေးတယ်။

ကိစ္စ တစ်ခုကို စိတ်ထဲ အမှားအမှန်သေချာမှ ယုံကြည်တတ်တဲ့ ကျွန်တော့်လို ကောင်က ဒီလို မအပ်မရာတွေ ကြံစည်ပါ့မလား စဉ်းစားကြည့်။ ကျွန်တော်က မှောင်မည်းနေတဲ့ ဒီရေတွင်း ပျက်ကြီးရဲ့ တစ်ဆုံးဟာ ဘယ်အထိ ပါလိမ့်လို့ ငုံ့ကြည့် နေတာပါ။ ဘာကြောင့်ရယ် မသိဘူး။ အဲဒီရေ တွင်းပျက်ကြီးကို ကျွန်တော် ငယ်ငယ်ကတည်းက စိတ်ဝင်စားတာ။ ဘယ်ကတည်းက ရှိနေတာလဲ။ ဘယ်အချိန်က စပြီး သုံးမရတော့တာလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဘယ်သူတွေကမှလည်း ရေရေရာရာ မပြော နိုင်ကြပါဘူး။ ပြီးတော့ သူ့ဟာသူ တိတ်တိတ်ဆိတ် ဆိတ်ရှိနေတဲ့ ရေတွင်း ပျက်ကြီးကို ကျွန်တော့်လောက် ဘယ်သူမှ အထွေအထူး စိတ်မ၀င် စားကြတာလည်း ပါမှာပါ။ ရေတွင်းပေါင်က တော်တော်မြင့်တော့ ငယ် ငယ်ကဆို ခြေဖျားထောက် ကြည့်တာတောင် မေးဖျား တင်ကြည့်လို့ ရရုံပဲမီတယ်။ ကြီးလာလို့ အရပ်ရှည်လာ တဲ့အခါ ကောင်းကောင်း မြင်ရမှာပဲလို့ ကျွန်တော် ငယ်ငယ်က စိတ်ကူး ကြည့်ဖူးတယ်။ ဒါပေမဲ့ အခုလို အရွယ် ရောက်လာချိန် သေချာငုံ့ ကြည့်လာ နိုင်တော့လည်း အဆုံးကို မမြင်ရသေးပါဘူး။ မှောင်နေတာပဲ တွေ့ရတယ်။ ခဲလုံးပစ်ချကြည့်ရင် “ပလုံ” ဆိုတဲ့ မြည်သံသဲ့သဲ့တော့ ခပ် ဝေးဝေးခွာပြီး ကြားရ သလိုလိုပါပဲ။

ခုလည်း အိမ်ပေါ်က ဆင်းလာပြီး ဘယ်သွားရမှန်း မသိလို့ ခါတိုင်းလို ရေတွင်း ပျက်နား သွားရပ်ကြည့်နေ မိတာကို ဆရာမက တစ်မျိုး ထင်သွားတာ။ အမှန်အတိုင်း ပြောရရင် အဖေ့ ဒေါသကြောင့်သာ မာနနဲ့ ထွက်လာခဲ့ပေမယ့် ဘယ်သွားမယ် ဘယ်လာမယ်လို့ ကျွန်တော် မစဉ်းစားရ သေးပါဘူး။ အိပ်ဖို့တော့ မပူပါဘူး။ ကင်းတဲက တစ်ယောက်ယောက်နဲ့ ၀င်တိုးဝှေ့ အိပ်အိပ်။ ကျွန်တော် အမြဲစာ သွားလုပ်နေကျ ဘုန်းကြီးကျောင်းက ကပ်္ပိယကြီးနဲ့ သွားအိပ်အိပ် ရပါတယ်။ သူများဆီ တစ်လုတ်တစ်ဆုပ် နှိုက်ဖို့ စိတ်မကူးတဲ့ ကျွန်တော့် အတွက် စားဖို့သာ လောလော ဆယ် ခက်ရင်ခက်မယ်။

ကျွန်တော် အခုမှ ဒုတိယနှစ် ကျောင်းသားပါ။ ကျောင်းပိတ်လို့ ပြန်လာတာ။ ကျောင်းသားဆိုတော့ ဟုတ်တိပတ်တိ အလုပ် မလုပ်ဖူး သေးဘူးလေ။ ဒါပေမဲ့ ကျွန်တော် မပူ ပါဘူး။ ယောက်ျားပဲ၊ ကိုယ့် တစ်ဝမ်း တစ်ခါးတော့ ဘယ်လို ရှာစားစား မငတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ သူများတွေကတော့ ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ ကောင်လို့ ထင်ချင် ထင်ကြမယ်။ တကယ် လက်တွေ့ကျကျ ကိုယ့်ဝမ်းကိုယ် ကျောင်းရတဲ့ အခါ ထင်သလောက်လည်း လွယ်ကူချင်မှ လွယ်ကူမှာပေါ့။

ဒါပေမဲ့ လွယ်တာ၊ ခက်တာထက် ယောက်ျားတစ်ယောက် အနေနဲ့ ကိုယ့်ဘ၀ခံ ယူချက်ကို စိတ်ထဲရှိတဲ့ အတိုင်း ပြောပြတာပါ။ ကျွန်တော့် ဘ၀မှာ လုံးလုံး မကြောက်တာ နှစ်ခုရှိတယ်။ တစ်ခုက ထမင်းငတ်မှာ၊ နောက်တစ်ခုက ကျွန်တော် မမှားရင် ဘာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကြောက်တာ။

ကျွန်တော့်အကြောင်း သိတဲ့ ကျွန်တော့် မိသားစုနဲ့၊ ဆရာမ၊ သူငယ်ချင်းတွေ အားလုံးက ကျွန်တော့်ကို “လူဖြောင့်စိတ်တို”လို့ ခေါ်ကြတယ်။ တကယ်တော့ စိတ်တိုတာ မဟုတ်ပါဘူး။မဟုတ်တာ လာပြောရင်၊ လာ လုပ်ရင် သူများတွေထက် ပို နာတတ်တာပါ။ မှန်တယ် ထင်ရင် ခေါင်းမာမာနဲ့ ပေခံ တတ်တာပါ။

ခုတော့ ဘာမဟုတ်တာလေးနဲ့ သူတို့ သတ်မှတ် လာခဲ့ တဲ့ “လူဖြောင့်”ဘွဲ့ကို ချောင်ထိုးပြီး ကျွန်တော့်ကို လူရှော် တစ်ယောက်လို ၀ိုင်းကြည့် လိုက်ကြတာ တကယ် အံ့သြဖို့တောင် ကောင်းတယ်။ ဒါ တောင် သူငယ်ချင်းတွေနဲ့ မတွေ့ ရသေးလို။့ ခုလောက်ဆို သူတို့လည်း သိသူတွေ သိလောက်ရောပေါ့။ တွေ့ရင် ဘာပြောကြဦးမလဲ မသိသေးဘူး။ လောလောဆယ်တော့ ဆရာမအိမ်က ကျွန်တော်တို့ နေခဲ့တဲ့ အခန်း ဟောင်းလေးထဲမှာ ခြေချူပ် မိနေရဦးမှာ သေချာတယ်။ စိတ်ပျက်ပျက်နဲ့ အိပ်ရာပေါ် လှဲချလိုက်မိတော့ မနေ့ည က အဖြစ်အပျက်တွေက ခေါင်းထဲမှာ အစီအရီ ပေါ်လာပြန်ရော။

အင်တာနက်ဆိုင်ကနေ ကျွန်တော် ပြန်လာတော့ ညဆယ့်တစ် နာရီလောက် ရှိနေပြီ မို့လမ်းပေါ် လူပြတ်သလောက် ဖြစ်နေပါပြီ။ အိမ်ကို သေချာ မှာခဲ့လို့ ကျွန်တော်အပြန် နောက်ကျမှာကို စိုးရိမ်ကြမှာ မဟုတ်ပါဘူး။ တိတ်ဆိတ်နေတဲ့ လမ်းပေါ်မှာ ကိုယ့်အတွေးနဲ့ကိုယ် ဖြည်းဖြည်း မောင်းလာတဲ့ ဆိုင်ကယ် မီးရောင်ရှေ့မှာ ချိုသဲဦးကို တွေ့လိုက်ရတော့ ရုတ်တရက် ကျွန်တော် အံ့သြသွားတယ်။

ဒါပေမဲ့ ခဏပါပဲ။ ချိုသဲဦးလို မိန်းမ တစ်ယောက် အနေနဲ့ ဒီအချိန် ဒီလို လမ်းပေါ်မှာ ရောက်နေတာ ဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလို့ သိပ်မကြာခင်မှာ ကျွန်တော့် ဘာသာပြန် ဆင်ခြင်မိလိုက်လို့ပေါ့။ ဆံပင်ကောက် ထားပြီး ဂျင်းဘောင်းဘီ ၀တ်ထားတဲ့ ချိုသဲဦးကတော့ လမ်းပေါ်မှာ လက်ကလေး ပိုက်ရင်း ငိုက် စိုက်ငိုက်စိုက်နဲ့ သွားနေတယ်။ ရုတ်တရက် ကျွန်တော့် ခေါင်းထဲကို အတွေးတွေ ပြေးဝင်လာတယ်။ ဒီရပ်ကွက် ဆိုတာ ကျွန်တော်တို့ ရပ်ကွက်နဲ့ အဝေးကြီးလည်း ဖြစ်တယ်။ ချိုသဲဦး လျှောက်နေပုံ ခြေလှမ်းနှုန်းနဲ့ဆို အိမ်ရောက်ဖို့ရာ နာရီဝက်လောက်တော့ အသာလေး လျှောက်ရဦးမှာ သေချာတယ်။

စဉ်းစားကြည့်ဗျာ။ ညကလည်း မိုးချုပ်နေပြီ။ လူခြေကလည်း တိတ်ဆိတ်လို့။ ပြီးတော့ ဆောင်းကူး ကာလကလည်း ဖြစ်တော့ နှင်းတွေက ကျချင်နေတဲ့ အချိန်။ ကျွန်တော်တောင် အနွေးထည် ခပ်ထူထူ ၀တ်ထားတဲ့ ကြားက ဆိုင်ကယ်မြန်မြန် မမောင်းနိုင်ဘူး။ လေတိုးရင် စိမ့်နေအောင် အေးလွန်းလို့လေ။

ပြောနေရတာသာ ကြာတာပါ။ တကယ့် လက်တွေ့မှာ ချိုသဲဦးကို ကျွန်တော် ဖျတ်ခနဲ လှမ်းတွေ့ချိန်နဲ့ ခေါင်းထဲ အတွေးတွေ ၀င်လာ ပြီး ဆုံးဖြတ်ချက် ချလိုက်ချိန်ဟာ အလွန်ဆုံး ငါးမိနစ်ထက် မပိုပါဘူး။ သူ့ဘေးကို ကျွန်တော့် ဆိုင်ကယ် ကျွိခနဲ ထိုးရပ်လိုက်တော့ ချိုသဲဦးက ခပ်တည်တည်နဲ့ မော့ကြည့်တယ်။ မအံ့သြဘူးဗျ။ သူအံ့ သြသွားတာက သူမော့ကြည့် မိသူဟာ ကျွန်တော်ပါလားလို့ သိသွားတဲ့ အချိန်ပါ။

“ချိုသဲဦး အိမ်ပြန်မလို့ လား”
သူ မျက်လုံးတွေ ၀ိုင်းနေအောင်ကို အံ့သြသွားတာ။ ဒါပေမဲ့ ခဏပါ။

အသံတိုးတိုးနဲ့ -
“ဟုတ်” တဲ့။

တိုတိုတုတ်တုတ် တစ်ခွန်းတည်းပဲ။ သူ ကျွန်တော့်ဆိုင်ကယ် နောက်ခုံပေါ် စွေ့ခနဲ ရောက်လာတယ်။ သူ့ဆီက ရတဲ့ အမွှေးနံ့ကြီးက စူးရှလိုက်တာ။ ချိုအီအီနဲ့ တစ်မျိုးပဲဗျ။ သူ ဘယ်က ပြန်လာတာလဲ။ ဘာဖြစ်လို့ တစ်ယောက်တည်း ပြန်လာတာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော် မမေးပါဘူး။ မေးစရာမှ မလိုတာ။ မမေးဘဲနဲ့လည်း ကျွန်တော် သိနေမှာကို သူ သိမှာပဲလေ။ အပိုအလုပ်တွေ ကျွန်တော် ၀ါသနာ မပါဘူး။

အဲ- သူကတော့ ကျွန်တော့်ကို မေးတယ်ခင်ဗျ။ ဘယ်က ပြန်လာတာလဲ၊ ဒီ အချိန်ကြီးတဲ့။ ပုံမှန်အားဖြင့် ဆို၊ (ချိုသဲဦးသာ ချိုသဲဦး မဟုတ်ခဲ့ဘူး ဆိုရင်ပေါ့ဗျာ) ဒီမေးခွန်းဟာ ကျွန်တော် သူ့ကို မေးရမယ့် မေးခွန်းပါ။ ဒါပေမဲ့ ခုတော့ အခြေအနေ အရ သူက ကျွန်တော့်ကို ပြန်မေးနေတာ။

“အင်တာနက်ဆိုင်က”လို့ ကျွန်တော် ဖြေတယ်။

ဒါပဲ၊ ကျွန်တော်တို့ နှစ်ယောက် ဆိုင်ကယ် အတူစီး ပြန်လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ ပြောဖြစ်တဲ့ စကားက အဲဒီထက် မပိုဘူး။ ကျွန်တော့် ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ချိုသဲဦး ဘာတွေ တွေးလာမှန်း ကျွန်တော် မသိပေမယ့် ကျွန်တော် တွေးလာတာကတော့ ကျွန်တော်သိတဲ့ ချိုသဲဦး အကြောင်းပဲ။ ချိုသဲဦးကို ကျွန်တော် သိလာတာက ဟိုးကလေး ဘ၀ အရွယ်ကတည်းကပါ။ အတန်း မတူပေမယ့် တစ်ကျောင်းတည်းမို့ တစ်ခါတလေမှာ ဆော့ကစားရင်း ချိုသဲဦး ပါလာတာ တွေ့ကြုံဖူးတယ်။ ကျွန်တော်က မိန်းကလေးတွေနဲ့ သိပ်ရော ရောနှောနှော မခင်တတ်တော့ ခင်တော့ မခင်ပါဘူး။ အိမ်ချင်း ဟိုဘက်ထိပ် ဒီဘက်ထိပ် လည်းဖြစ်တော့ သိတော့ သိနေကြတယ်ပေါ့။

ချိုသဲဦး ဘယ်အချိန်က ကျောင်းထွက်သွားမှန်း ကျွန်တော် မသိလိုက်ပေမယ့် ချိုသဲဦးတို့ မိသားစု တော် တော်လေး မပြေလည်တာတော့ တစ်ရပ်ကွက်တည်း သားချင်းမို့ ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့ သိမြင် နေခဲ့ပြီးသားပါ။ နောက်တော့ ဘယ်လိုတွေ ဖြစ်ကုန်လဲ မပြောတတ်ဘူး။ အဲ့ဒီတစ်လော အတွင်း ချိုသဲဦး အကြောင်းကို ရပ်ကွက်ထဲက မိန်းမကြီးငယ်တွေ ခါတိုင်းထက် အရေးလုပ်ပြီး ပြောလာကြတာပဲ။ အိမ်က အမေနဲ့မမ ပါးစပ်ကလည်း ချိုသဲဦး နာမည်ကို မကြာခဏ ကြားရတတ်လာတယ်။

ရပ်ကွက်ထဲမှာ နေ့ချင်း ညချင်း ဆိုသလို ချိုသဲဦး တစ်ယောက် နာမည် ကြီးလာတယ်။ အတန်းထဲမှာ ကောင်မလေးတွေ ခေါင်းချင်းဆိုင်ပြီး တွတ်ထိုး နေတာကလည်း သူ့အကြောင်းပဲ။ ကျူရှင်မှာလည်း ကြားရ တယ်။ ဆရာမတွေကတော့- “ငါတို့ တပည့်မလေး သနားပါတယ်ဟယ်။ ကောင်မလေးက အနေအထိုင် ညံ့လို့ မဟုတ်ရှာပါဘူး။ မိဘတွေ တာဝန်မဲ့လို့၊ အထိန်းအသိမ်း ညံ့လို့ ဒုက္ခတွင်းထဲက ထွက်ပေါက် ရှာသွားတာ” လို့ တဖွဖွ ပြောနေကြ တာ ကြားရတယ်။ ကျွန်တော့် အမြင်အရ ဆိုလည်း ချိုသဲဦးကို ခပ်ပျံ ပျံမိန်းကလေးလို့ မထင်ပါဘူး။ သွားရင်းလာရင်း ကျောင်းတုန်းက အသိတွေနဲ့ ထိပ်တိုက်ဆုံရင် သူ့ခမျာ ခေါင်းတောင် မဖော်ရဲဘဲ ခြေကုန်သုတ် ပြေးတော့တာကို ကျွန်တော်အသိ။ အားလုံးအသိ။

ဒါဟာ သူကိုယ်တိုင် နှစ်သက်လို့ ရွေးချယ်ထားတဲ့ ဘ၀ မဟုတ်ဘူး။ မတတ်သာလို့ ဖက်တွယ် ထားရတဲ့ အလုပ်နဲ့ ပတ်သက်ပြီး ရှက်ရကြောက်ရ ကောင်းမှန်းသိတဲ့ ချိုသဲဦးကို ကျွန်တော် မရှုတ် ချမိတာ အမှန်ပဲ။ မဟုတ်တာလည်း လုပ်သေး၊ ခေါင်းမော့ပြီး ထီမထင်သလို ဂိုက်ဖမ်းနေတဲ့ လူတွေလည်း ကျွန်တော်တို့ ၀န်းကျင်မှာ တစ်ခါတလေ တွေ့ဖူးကြတယ် မဟုတ်လား။

ထင်မိတာကတော့ နှုတ်အားဖြင့်ရော အပြုအမူ အားဖြင့်ပါ တစ်ခါမှ အရေးအယူ မပြုဖူးပေမယ့် ညဘက်ကြီး လူခြေ ပြတ်နေတဲ့ လမ်းပေါ်မှာ ဆုံလိုက်တော့ ကျွန်တော့် ရင်ထဲ ရှိနှင့်နေတဲ့ အဲ့ဒီစိတ် အခံက ဗြုန်းခနဲ ပေါ်လာတာနဲ့ တူပါတယ်။

ဘုရားစူး ရပါစေ့ရဲ့၊ ကျွန်တော် ကျိန်တွယ် ပြောဝံ့တယ်။ ချိုသဲဦးကို ကျွန်တော် ဆိုင်ကယ်နောက် ခေါ်တင်လာတာ အဲ့ဒီ ခံစားချက်ထက် တစ်စက်ကလေးမှ မပိုဘူး။ ၀ယ်သူ ကျိုးတိုးကျဲတဲပဲ ရှိ တော့တဲ့ ရပ်ကွက်အ၀င် ညဈေးတန်း ရောက်တော့-
“အိမ်က ညီမလေးတွေ စားဖို့ ခေါပုတ်ကင် ၀ယ်ရဦးမယ်”
ဆိုပြီး သူဆင်း ကျန်နေရစ်တယ်။

ကျေးဇူးတင် ခံရဖို့ ကျွန်တော် မမျှော်လင့်သလို သူကလည်း ပြောဖို့ မေ့နေပုံ ရတယ်။ ကျွန်တော်က ကိုယ့် အိမ်ကိုယ် ပြန်လာတယ်။ ရုပ်ရှင်ကားသာဆို အဲ့ဒီမှာ The End ပဲ။ စိတ်ထဲမှာလည်း ပြီးသွားပြီ။ ဒါပေမဲ့ ကာယကံရှင်တွေက ပြီးသွားပြီ ထင်ပေမယ့် ပတ်ဝန်းကျင်အတွက် အဲဒီတော့မှ ဇာတ်လမ်း စလာတာမျိုးလည်း ရှိတတ်မှန်း နောက်တော့မှ ကျွန်တော် သိလိုက်ရတယ်။ ဇာတ်လမ်းက အဖေ အိပ်ရာထ လမ်းလျှောက်ပြီး လက်ဖက်ရည် ၀င်သောက် ပြန်လာတော့မှ စတာ။ ခါတိုင်းများ အမေနဲ့ မမက စောစော နှိုးရင်တောင်- “အိပ်ပါစေကွာ။ ဒီကောင် ညညဆို စာတွေ ဖတ်ပြီးမှ အိပ်တော့ ညဥ့်နက်တယ်” ဆိုပြီး ကျွန်တော် စိတ်တိုင်းကျ အိပ်ခွင့်ပြုနေကျ အဖေက ကျွန်တော့်ကို ခုတင်ပေါ်က အကြမ်းပတမ်း ဆွဲချ ပြီး နှိုးတော့ ရုတ်တရက် ကျွန်တော်တောင် တော်တော် လန့်သွားတယ်။ အိပ်ချင် မူးတူးနဲ့ ဘာလဲပေါ့။

“မင်း မနေ့ညက ဘာလုပ်ခဲ့သလဲ”

အဖေ့လေသံ အေးစက် မာထန် နေလိုက်ပုံက ကြားရတာတောင် ကျောစိမ့်မိတယ်။ မိဘ စိတ်ဆိုးစရာ ဖြစ်အောင် ဘာများ လုပ်ခဲ့မိပါလိမ့်လို့ ကျွန်တော် အသည်းအသန် စဉ်းစားမိရတယ်။ အဲဒီ အချိန်ထိ ချိုသဲဦး ကိစ္စကို အမှတ် မရဘူး။ နောက်မှ အဖေက ပြောတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ဖော် ထိုင်ဖက် အဖေ့ အရင်းနှီးဆုံး မိတ်ဆွေတွေက ချိုသဲဦးနဲ့ ကျွန်တော် ဆိုင်ကယ် အတူတွဲ စီးပြီး ပြန်လာတာ အားလုံး တွေ့ကြတဲ့ အကြောင်း၊ အဖေ တို့အနေနဲ့ အချိန် မနှောင်းခင် ကျွန်တော့်ကို ထိန်းသင့်ကြောင်းတွေပါ ပြောလိုက်ကြပါသတဲ့။

ကျွန်တော် တကယ် ဖျားသွားတယ်။ ညဆယ်နာရီ ခွဲသာသာမှာ ပြန်လာခဲ့ကြတဲ့ ကျွန်တော်တို့ ကိစ္စက မနက် ခုနစ် နာရီတောင် မထိုးသေး ဘူး ရပ်ကွက်ထဲ ပျံ့နှံ့သွား ပုံက ဘယ်လောက် မြန်ဆန် လှသလဲ တွေးကြည့်။ ဒီထက် ပိုဆိုးတာက အမေနဲ့ မမက အဖေ့စကား ဆုံးတာနဲ့ ခုပဲ သတိလစ်လဲ ကျတော့မလိုလို ဘာလိုလိုနဲ့ ရင်ထုပြီး ၀ိုင်းဆူ ကြတော့တာပါ။

“ငါတို့မှာတော့ ငါတို့ သားလေး လိမ္မာလှချေ၊ တော်လှချေ ဆိုပြီး ယုံယုံကြည် ကြည်နဲ့ ၀ိုင်းဝန်းမြေတောင် မြှောက်ပေး နေကြပါလျက်နဲ့ ခုတော့ ဘယ်လောက် လိမ္မာတယ်၊ တော်တယ်ဆိုတာ ရပ်ကျော်ရွာကျော် ဖြစ်အောင် လူသိရှင်ကြား သက်သေထူ လိုက်တာပေါ့လေ”

ဆိုတာတွေရော။
“ဆေးကျောင်းသား တစ်ယောက် လုပ်နေပြီး ဒါ မျိုးတွေ လိုက်စားရင် ဘာဖြစ်တတ်မှန်း မသိလောက် အောင် မင်း ဦးနှောက်တွေ ပျက်နေပြီလား” ဆိုတာတွေရော။ “မိသားစု ဂုဏ်ကိုမှ မကြည့်” ဆိုတာတွေရော။

ဒါတွေအပြင် မမရဲ့...
“နင့်ကြောင့် သူများ ကဲ့ရဲ့တာ ခံရတော့မယ်” ဆိုတာတောင် မဆီမဆိုင် ပါလိုက်သေးတယ်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ် လုပ်လိုက်မိတဲ့ ကိစ္စသေးသေးလေး တစ်ခုက ဒီလောက်ကြီး လေးတဲ့ အပြစ်ဖြစ်သွားတာ လိုက်ကို မမီတော့ပါဘူး။ တမင်တကာ ဇာတ်နာအောင် ဇာတ်လမ်း ဆင်ထားတဲ့ ခပ်ညံ့ညံ့ ဇာတ်ကား အတိုင်းပဲဗျာ။ ကျွန်တော် ရှင်းပြတာ ကိုလည်း သူတို့ လက်မခံကြဘူး။ သူတို့ပဲ အမှန်။ သူတို့ပဲ အသိ။

“အဲဒီ အချိန်ကြီး လမ်းပေါ်မှာ သူ တစ်ယောက်တည်း ရှိနေတာ မျက်နှာလွှဲ မသွားချင်လို့ပါ” ဆိုတဲ့ ကျွန်တော့်ဖြေ ရှင်းချက်ကို အမေနဲ့ မမ ၀ိုင်းအော်လိုက်ကြတာများ နားတွေကို အူရော။

“သူ့အလုပ်က လမ်းပေါ်မှာ ရှိနေလို့ အဲ့ဒီ အချိန်ကြီး လမ်းပေါ် ရောက်နေတာ ဘာဆန်းလဲ။ ပြီးတော့ မင်းက လမ်းပေါ်က ကလေကချေ မဟုတ်ဘူး။ ဆေးကျောင်းသား။ နောက်ဆို ဒီဂုဏ်ပုဒ်နဲ့ မင်း ရှေ့လျှောက် လူလုပ်စား ရဦးမှာမှ အရှည်ကြီးပဲ။ အဲဒီ လမ်းပေါ်က မိန်းကလေးမျိုးကို မျက်နှာ မလွှဲခဲ့နိုင်ရအောင် မင်းကိုယ်မင်း ဘာအောက် မေ့နေလို့လဲ။ သူရဲကောင်းကြီးလား၊ ပြောစမ်းပါဦး”
ပြီးတော့ အဖေက မေးတယ်။
“မင်းမှာ အပြစ်ရှိလား” တဲ့။

ကျွန်တော်က ချက်ချင်း ပဲ- “မရှိပါဘူး အဖေ” လို့ ပြန်ဖြေတယ်။ အဲ့ဒီမှာ အဖေ့ လက်သီးချက်ကို ကျွန်တော် မြည်းခွင့် ကြုံလိုက်ရတော့တာပဲ။

အမှန်က ကျွန်တော့်စိတ်ထဲ ရှိတာကို ပြောတာပါ။ အဖေ့ကို ရွဲ့တာ မဟုတ်ဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ် မရှိဘူးလို့ တကယ်ယုံ ကြည်တဲ့အတွက် ပြောတာ။ ကျွန်တော်သာ တကယ်မရိုး သားတဲ့ကောင် ဆိုရင် ချိုသဲဦးကို လူမြင်သူမြင် ကိုယ့်ရပ် ကွက် ညဈေးတန်းအထိ ခေါ် လာမလားဗျာ။ သဘော ပြောတာပါ။ “ကောင်မလေးခမျာ သနားစရာ”လို့ သည့်မတိုင်ခင် အရင်က သနားခဲ့ဖူးကြတာ သူတို့ မဟုတ်သလိုဘဲ။ ချိုသဲဦးကို ပြောဆို နေလိုက် ကြတာများ ရစရာကို မရှိဘူး။ သူတို့ အဲ့ဒီလို အကဲပို လွန်းနေကြလို့ကို ကျွန်တော်ကလည်း အပြစ် မရှိကြောင်း ပိုပြောပစ်ချင်တာ။

လောလောဆယ်တော့ လောကကြီးမှာ ကျွန်တော့်ဘက် ရပ်တည်ပေးနေတာဆို လို့ ကျွန်တော် တစ်ယောက် တည်းပေါ့ဗျာ။

“ဟေ့ကောင်၊ မင်း ဘာစကား ပြောတာလဲ”

အသံထက် ပိုမြန်တဲ့ အရှိန်အဟုန်နဲ့ ဗြုန်းခနဲဆို ကျွန်တော့် ဘယ်ဘက်လက်က ကျော်သူရ အင်္ကျီရင် ဘတ်စကို ဆွဲဆုပ်လိုက်ပြီး ညာဘက် လက်သီးကို ကျော် သူရ မျက်နှာဆီ ချိန်ရွယ်ပြီး နေပြီ။ အာကာက ၀င်ဆွဲ တယ်။
“ဟာ ငဖြိုး။ သူငယ်ချင်း အချင်းချင်း အဲ့ဒီလို မဖြေရှင်းနဲ့လေကွာ”

ကျော်သူရက ကျွန်တော့် မျက်နှာကို သေချာ စိုက်ကြည့်နေတယ်။ ရှူးရှူးရှားရှားနဲ့ ကျွန်တော်က ဒေါသမပြေ သေးဘူး။“ဒီမှာ ကျော်သူရ။ မင်း ငါပြောတဲ့ စကားအပေါ် မယုံ ကြည်ပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ လှောင်ပြောင်သရော်ခွင့် မရှိဘူးကွ။ နားလည်လား”

ကျော်သူရက မဲ့ခနဲပြုံးတယ်။
“မင်း မှားနေပြီ ငဖြိုး။ ငါက မင်းကို လှောင်ပြောင် စော်ကားတာ မဟုတ်ဘူး။ မင်းရှင်းပြတာကို ယုံလို့၊ မယုံလို့ ဆိုပြီး မေးကြည့်တာလည်း မဟုတ်ဘူး။ လမ်းထိပ် ဆေးဆိုင်က ဒေါ်စပ်စု မေးတာကို ချိုသဲဦး ပြန်ဖြေ တဲ့ စကားကြားရပြီးလို့ မင်းကို မေးကြည့်တာ”

ကျွန်တော် မျက်မှောင် နည်းနည်းကြုတ်မိသွားတယ်။
“သူ ဘယ်လိုဖြေလဲ”

“ဘာဖြစ်လို့ အတူတူ ပြန်ခဲ့ကြမှန်း သိချင်ရင် ဆိုင်ကယ်ပိုင်ရှင် ဖြစ်တဲ့ မင်းဇင်ဖြိုး ကို ကိုယ်တိုင် သွားမေးကြည့် ပေါ့လို့ ပြောတယ်တဲ့”

“ဘာ “

ကျော်သူရကို ရွယ်ထားမိတဲ့ ကျွန်တော့် လက်သီးဆုပ် ချက်ချင်း ပြန်ပြေ ကျသွားတယ်။ မျှော်လင့် မထားတဲ့ ချိုသဲဦး အဖြေက ကျွန်တော့်ကို အငိုက်မိ သွားစေတာလား။ တစ်ခုခုကို နှမြောတသသွား မိစေတာလား ဆိုတာ အဲ့ဒီ တစ်ခဏမှာ ကျွန်တော့်ဘာသာ မဝေခွဲတတ်ဘူး။ သေချာ တာကတော့ လက်ရှိ ပြဿနာ မှာ “ချိုသဲဦး”လည်း ကာယကံရှင် တစ်ဦးအနေနဲ့ ထင်မြင်ချက် ပေးပိုင်ခွင့် ရှိတဲ့ အကြောင်း အဲဒီတော့မှ ကျွန်တော် သတိ ရလိုက်တယ် ဆိုတာပါပဲ။

အခု ကျွန်တော် အိမ်ပေါ် ပြန်ရောက်နေပါပြီ။ ရောက်တာမှ တော်တော်ကြာပါပြီ။ အဲ့ဒီတုန်းက ပြဿနာဖြစ်ပြီး နှစ်ရက်လောက်မှာ ဆရာမ အိမ်အထိ အမေနဲ့ မမ လာပြန် လိုက်ခေါ်ကြတာ။ အဖေက ခေါ်ခိုင်းတာတဲ့။ အဖေနဲ့ ကတောက်က ဆတ်ဖြစ်ပြီး ဆင်းချလာတာ ဆိုပေမယ့် အဖေကိုယ်တိုင် ပြန်လာခေါ်မှ လိုက်မယ်လို့ ကျွန်တော် မာနကြီး ပြမနေ တော့ပါဘူး။

တကယ်တမ်း တွေးကြည့်တော့ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ကျွန်တော့်ဘက် အနေနဲ့ ကျွန်တော် မမှားသလို အဖေ တို့ဘက်က ကြည့်ရင်လည်း မှန်တယ်လေ။ တစ်ချိန်ချိန် ကျရင်လည်း ကိုယ့်အိမ်ကိုယ် ပြန်ရမယ့်တူတူ ကျွန်တော် အေးအေးဆေးဆေးပဲ ပြန်လိုက် သွားလိုက်ပါတယ်။ အိမ်မှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ပြန်အစ မဖော်တော့ဘူး။

အဖေကလည်း- “မင်းမှာ အပြစ် ရှိသလား” ဆိုတဲ့ မေးခွန်းကို လုံးဝ ထပ်မမေး လာတော့ပါဘူး။ မေးလာခဲ့ရင်လည်း အဖေ့ လက်သီးနဲ့ ထိုးလို့ သွားတစ်ချောင်းမှ မကျန်ရင်နေပါစေ။ “အပြစ် မရှိပါဘူး” ဆိုတဲ့ အဖြေကို ကျွန်တော် မပြောင်းမလဲ ပေးဦးမှာပါ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကျွန်တော် မကြာခဏ သွားငုံ့ကြည့်မိနေကျ ရေတွင်း ပျက်ကြီးဆီကိုတော့ အဲဒီ ကတည်းက ကျွန်တော် မသွားဖြစ်တော့တာ ခုချိန်ထိ ပါပဲ။

ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

1 comments:

မြသွေးနီ said...

မဂ္ဂဇင်းမှာလဲ ဖတ်ခဲ့ပြီးပါပြီ ဆရာမရေ...
သားတစ်ယောက် မိခင်ဖြစ်တဲ့ ကျွန်မအတွက် မိဘတွေ အမြဲမှန်တယ်ဆိုတဲ့ အယူအဆကို အမြဲလက်ကိုင်ထားလို့ မရဖူးဆိုတာ၊ သားသမီးအပေါ် ကိုယ်တိုင် ယုံကြည်စိတ်မွေးပေးရမယ်ဆိုတာ သတိပြုရမယ် ဆရာမရေ..

Post a Comment